ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာစစ်ဘေးရှောင်ရန်ပုံငွေပွဲအနေဖြင့် ‘အိမ် (HOME)’ ဟုအမည်ပေးထားသည့် အနုပညာပြပွဲကို ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့တွင် နှစ်ရက်တာကျင်းပပြသနေကြောင်း Federal Art Space ထံမှ သိရသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နွေးထွေးမှုရှိသောနေအိမ်များကို စွန့်ခွာခဲ့ရသော စစ်ဘေးရှောင်များ၏ နေထိုင်မှုပုံစံများကို ရိုက်ကူးထားသော ဓါတ်ပုံများနှင့်အတူ တက်ကြွလှုပ်ရှားသူများ၏ ပန်းချီကားများ၊ ပြည်တွင်းမလုံခြုံမှုကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်များကို ချင်းမိုင်မြို့ရှိ Green House တွင် နှစ်ရက်တာ ပြသနေခြင်းဖြစ်သည်။
ပြပွဲတွင် ပြသထားသော ပန်းချီများကို ဝယ်ယူသူများရှိပါက ရောင်းချပေးမည်ဖြစ်ပြီး ရရှိလာသော ရန်ပုံငွေများကိုလည်း ရာခိုင်နှုန်းအလိုက် စစ်ရှောင်စခန်းများ (IDPs) များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရတဲ့ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို လိုအပ်တဲ့နေရာတွေဖြစ်တဲ့ စစ်ဘေးရှောင်ဒုက္ခသည်များကို လှူဒါန်းတယ်ဗျ။ ပြပွဲမှာ စစ်ဘေးရှောင်တွေ အဓိကကြုံတွေ့နေရတာကို တကယ်စစ်ရှောင်ထဲရှိနေတဲ့ ဓါတ်ပုံဆရာတွေက ရိုက်ထားတဲ့ ပုံတွေပါပါတယ်” ဟု Federal Art Space က ကို Alex က ဆိုသည်။









ရန်ပုံငွေများကို ကရင်နီဒုက္ခသည်စခန်းများအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ပြပွဲတွင် တနင်္သာရီတိုင်းဒေသခံ အနုပညာရှင်များ၏ လက်ရာများကိုလည်း ပြသထားပြီး တနင်္သာရီတိုင်းဘက်ရှိ စစ်ဘေးရှောင်များကိုလည်း လှူဒါန်းလျက်ရှိနေကြောင်း စီစဉ်သူများထံမှ သိရသည်။
စစ်ဘေးရှောင်များနှင့် ပတ်သက်သည့် အနုပညာပြပွဲများကို ယူကေ၊ မဲဆောက်နှင့် ဘန်ကောက်များတွင်လည်း ပြသခဲ့ဖူးပြီး ယခု ‘အိမ်’ နှင့်ဆိုင်သော အနုပညာပြပွဲသည် ငါးကြိမ်မြောက်ကျင်းပခြင်းဖြစ်ကာ နောက်ထပ်လည်း ကျင်းပသွားရန် အစီအစဉ်ရှိကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ ၃ သန်းကျော်သည် စစ်ဘေးရှောင်စခန်းနှင့် အခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး တနင်္သာရီတိုင်းတွင်လည်း ပြီးခဲ့သော မေလက စစ်ဘေးရှောင် ၆ သောင်းနီးပါးအထိ ရှိသည်။