BREAKING
January 17, 2025

လောင်းလုံး သဲပုံတောင်က လက်နက်ကြီးဖြင့်ပစ်ခတ်သောကြောင့် ရွာသားများထွက်ပြေး

July 9, 2024

ပုံစာ - အင်းဝတောင်ပေါ်ကနေ ရွာဖက်ကိုလှမ်းမြင်နေရသည့် မြင်ကွင်း။ ဓာတ်ပုံ - သဲပုံ Facebook page

လောင်းလုံးမြို့နယ်ရှိ သဲပုံတောင်ရှိ စစ်ကောင်စီတပ်က သဲပုံရွာအနီးတစ်ဝိုက်ကို ဇူလိုင်လ ၈ ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသားများထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သဲပုံရွာ၏အနောက်ဘက်ရှိ တောစပ်တစ်နေရာက သေနတ်ပစ်ခတ်သံထွက်ပေါ်လာပြီးနောက် တောင်ပေါ်တွင် တပ်စွဲထား သည့် စစ်ကောင်စီတပ်က ရွာအနီးဝန်းကျင်ကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံကြားပြီးတာနဲ့ပစ်တာ” ဟု ၎င်းက ဆိုသည်။

သေနတ်သံမှာ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ သေသေချာချာ မသိကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် သဲပုံရွာက ဒေသခံအချို့နှင့် သာယာကုန်းရွာက ဒေသခံအချို့သည် နေအိမ်တွင် ညမအိပ်ရဲကြတော့သည့်အတွက် ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

“အခု (ဇူလိုင်၉ရက်) မနက်ကတော့ ပြန်လာတဲ့သူလည်း ပြန်လာကြပါပြီ” ဟု အထက်ပါဒေသခံက ပြောဆိုသည်။

ဇူလိုင်လ ၈ရက်က စျေးလာဝယ်သည့် စစ်ကောင်စီတပ်သားအချို့ ပစ်ခတ်ခံရရာမှ သေနတ်သံ ထွက်ပေါ်ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ယင်းမှာ ကောလာဟလသာဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“(စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရတယ်ဆိုရင်) အဲဒီလိုဆို ကျွန်မတို့ရွာမှာ ဘယ်နေရဲတော့မလဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်က သာယာကုန်းရွာအနီးလမ်းပိုင်းတွင် စခန်းမှူးလိုက်ပါလာသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက် ၇ရက်ခန့်အကြာတွင် သဲပုံရွာ တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်စထိမှန်ပြီး သာယာကုန်းရွာသား လူငယ်တစ်ဦးသေဆုံးခဲ့သည်။

သဲပုံရွာသည် လောင်းလုံးထားဝယ်ကားလမ်းမ၏ အနောက်ဘက်တွင်ရှိပြီး သာယာကုန်းကျေးရွာမှတစ်ဆင့် သွား၍ရသည့် ကျေးရွာဖြစ်သည်။