BREAKING
January 17, 2025

ထားဝယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောအဖြစ်များနေ

July 9, 2024

ထားဝယ်မြို့တွင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်သူများပြားနေပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီး အပါအဝင် ပုဂ္ဂလိကဆေးရုံများတွင်ပါ တက်ရောက်ကုသသူများပြားနေကြောင်း စုံစမ်းသိရှိရသည်။

ယခုဖြစ်နေသည့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါမှာ တစ်ဦးဖြစ်လျှင်တစ်အိမ်လုံးသို့ ကူးစက်သွားလေ့ရှိကြောင်း ကိုယ်တိုင်ဖြစ်ဖူးသူတို့က Dawei Watch ကို ပြောဆိုသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်တူ အဖျားရောဂါပါ ပူးတွဲပြီးဖြစ်ပွားလေ့ရှိကြောင်း ၎င်းတို့ကဆိုသည်။

“ဝမ်းလျှောတယ်။ဖျားတယ်။ အဲနှစ်ခုဖြစ်တာ။ တစ်ယောက်ဖြစ်ရင် တစ်အိမ်လုံး၊ တစ်အိမ်လုံးဖြစ်ကုန်ကြတာ။ အဖျားကလည်း အကျမရှိဘူး” ဟု ထားဝယ်မြို့ မြို့သစ်တိုးချဲ့ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံတိုင်းတွင်လည်း ဝမ်းပျက်၊ ဝမ်းလျှောလူနာ အများအပြားရောက်ရှိနေကြောင်း ဆေးရုံသို့ ကိုယ်တိုင်ရောက်ရှိနေသူတို့က ပြောဆိုသည်။

“မယ်ဒီလန်းက ဆရာမကိုမေးကြည့်တော့ ဝမ်းပျက်၊ဝမ်းလျှောဖြစ်နေတဲ့သူ တော်တော်များတယ်တဲ့။ ထားဝယ်ဆေးရုံမှာလည်း အများကြီးရောက်နေကြတယ်ပြောတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ယနေ့ပြောဆိုသည်။

အခြေအနေ အသေးစိတ်သိရှိရန် ထားဝယ်ဆေးရုံအုပ်ကြီး ဒေါက်တာဆွေဆွေအောင်ထံ ယနေ့နေ့လယ် ၂ နာရီခန့်က ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ခရီးထွက်နေသည်ဟုပြောဆိုကာ ဖုန်းချသွားခဲ့သည်။

ဒေါက်တာဆွေဆွေအောင်မှာ ယခင်ကလည်း အများပြည်သူနှင့်ဆိုင်သည့် ကျန်းမာရေးကိစ္စများ မေးမြန်းရန် ဖုန်းဆက်ချိန်တိုင်း ဖြေကြားခြင်းမရှိဘဲ အကြောင်းပြချက်တစ်ခုခုပေးကာ ဖုန်းချသွားလေ့ရှိသည်။

တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့ထံလည်း ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုသူမရှိပေ။

မြန်မာနိုင်ငံတွင် ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါ နေရာအတော်များများတွင် ဖြစ်ပွားနေသော်လည်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန ထိရောက်စွာကိုင်တွယ်ဖြေရှင်းမှု အားနည်းနေပြီး မီဒီယာများကိုလည်း သတင်းထုတ်ပြန် ဖြေဆိုခြင်း မရှိပေ။

လက်တလောဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါမှာ အသက်အရွယ်မရွေး ဖြစ်ပွားနေသော်လည်း ကလေးများတွင်အဖြစ်များကြောင်း ပုဂ္ဂလိကဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသခံတို့က ပြန်ပြောပြသည်။

ဆေးရုံတွင်တက်ရောက်ကုသခြင်းမရှိဘဲ၊ နေအိမ်တွင်ပင်နေထိုင်ပြီး ဆေးခန်းပြကုသနေသူတို့လည်း ရှိနေသေးသည်။

အလားတူဝမ်းပျက်၊ ဝမ်းလျှောရောဂါများကို ရန်ကုန်ကဲ့သို့သော မြို့ကြီးအချို့တွင်လည်း ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနကမူ ယခုဖြစ်ပွားနေသောရောဂါမှာ ရာသီမရွေးဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ကြောင်းဆိုသည်။

အဆိုပါပြင်ထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါမှာ မိုးရာသီတွင်ဖြစ်ပွားမှုများပြားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျအချိန်နှင့် မိုးအကုန်ဆောင်းအကူးကာလတို့တွင် အဖြစ်များလေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါရောဂါမှာ မသန့်ရှင်းသောအစားအသောက်တို့ စားသောက်မိရာမှတစ်ဆင့် ကူးစက်ပြန့်ပွားခြင်းဖြစ်ကြောင်းဆိုသည်။

ထို့အတွက်ကြောင့် သန့်ရှင်းသောအစားအစာများစားရန်၊ ရေသန့်သို့မဟုတ် ကြိုချက်ထားသောရေကိုသာ သောက်သုံးရန်၊ အစာမစားမီလက်ကို စင်ကြယ်စွာဆေးကြောရန် စသည့်တို့လုပ်ဆောင်ခြင်းဖြင် ကြိုတင်ကာကွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ကြောင်းလည်း သတိပေးထုတ်ပြန်ထားသည်။