BREAKING
January 11, 2025

တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်

July 9, 2024

ပုံစာ - ၂၀၂၃ခုနှစ်က ရန်ကုန်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးနေ့ကို စစ်ကောင်စီခေါင်းဆောင် တက်ရောက်ခဲ့စဉ်။ ဓာတ်ပုံ – EPA

တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာအများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်တွင် ထည့်သွင်း သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၈ရက်နေ့တွင် ထုတ်ပြန်သည်။

တရုတ်နှစ်သစ်ကူးနေ့ကို ဒေသတွင်း အာဆီယံနိုင်ငံများနည်းတူ၊ အချို့သော ကမ္ဘာ့နိုင်ငံများနည်းတူ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ဆိုသည်။

အိမ်နီးချင်းမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေသည့်အနေဖြင့် ယင်းသို့သတ်မှတ်ထားခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်သည်။

နိုင်ငံတကာ နှစ်သစ်ကူးနေ့ဖြစ်သည့် ဇန်နဝါရီ ၁ ရက်ကိုလည်း အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် စစ်ကောင်စီက ထည့်သွင်းသတ်မှတ်ထားသည်။

၂၀၂၃နှင့် ၂၀၂၄ ခုနှစ်တို့တွင် ရန်ကုန်၌ ကျင်းပသည့် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်အခမ်းအနားများသို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာစဉ် တရုတ်သံအမတ်ကြီးက တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်သည်။

တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာရုံးပိတ်ရက်အဖြစ် စစ်ကောင်စီက သတ်မှတ်မှုနှင့်ပတ်သက်ပြီး တရုတ်သံရုံးက ဇူလိုင်လ ၈ရက်တွင် ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနယ်ပယ်အသီးသီးက တရုတ်နှစ်သစ်ကူးနေ့ကို အလွန်အလေးထားကြကြောင်းလည်း တရုတ်သံရုံးက ဆိုသည်။

တရုတ်နိုင်ငံသို့ သမ္မတဟောင်း ဦးသိန်းစိန် ဇွန်လကုန်ပိုင်းက သွားရောက်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်လည်း တရုတ်နိုင်ငံသို့ ရောက်ရှိနေချိန် ယခုရုံးပိတ်ရက် သတ်မှတ်မှုကို စစ်ကောင်စီဘက်က ထုတ်ပြန်လာခြင်းဖြစ်သည်။