BREAKING
January 17, 2025

ထားဝယ်တွင် ဘုန်းကြီးကျောင်း ၁၃ကျောင်းက သံဃာတော်များ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်

July 9, 2024

ဓာတ်ပုံ - DDMSC

ထားဝယ်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းက သံဃာတော်များက စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇန ကံဆောင်၍ အဆက်အဆံမပြုဘဲ ငြိမ်းချမ်းစွာ သပိတ်မှောက်နေကြကြောင်း ကံဆောင်သပိတ်မှောက်လှုပ်ရှားမှုကို ဝန်းရံပေးနေသည့် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီထံမှ သိရသည်။

ကံဆောင်သပိတ်မှောက်လှုပ်ရှားမှုကို ထားဝယ်ခရိုင်တွင် ဇွန်လ ၃၀ ရက်က စတင်ခဲ့ပြီး ဇူလိုင်လ ‌၄ ရက်တွင် သရက်ချောင်းမြို့နယ်အတွင်း ကံဆောင်သပိတ်မှောက်လှုပ်ရှားမှုကို ထပ်မံပြုလုပ်ခဲ့ကြသည်။

ပြည်သူလူထုအကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် သံဃာတော်များ ကံဆောင်သပိတ်မှောက်ရာတွင် ပြည်သူလူထုအနေဖြင့် ပူးပေါင်းဝန်းရံနိုင်ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီက စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦးက ဆိုသည်။

“အဓိက ဆရာ တကာ ညီညွတ်မှ တိုင်းပြည်လည်းကောင်းမယ်။ စစ်အာဏာရှင်စနစ်လည်း ချုပ်ငြိမ်းမယ်။ သာသနာလည်း တည်မယ်။ ကံဆောင်ထားရခြင်းကလည်း သံဃာတော်တွေအနေနဲ့ အာဏာရှင်တွေ လှူတဲ့ဆွမ်းနဲ့ ပေးကမ်းစွန့်ကြဲတာတွေ မယူဘူး။ တကာတကာမတွေ အပေါ်မှာပဲ မှီခိုသွားမယ်” ဟု ၎င်းက ပြောသည်။

ကံဆောင်သပိတ်မှောက်လှုပ်ရှားမှုကို ဘုန်းကြီးကျောင်း ၁၃ ကျောင်းက သံဃာများ ပြုလုပ်ထားကြပြီး လမ်းမပေါ် ချီတက်ဆန္ဒပြသည့် သံဃာတော် ဆယ်ပါးကျော်ရှိကြောင်း ကိုမင်းလွင်ဦးက ပြောဆိုသည်။

သပိတ်မှောက်ကံဆောင်ထားသည့် သံဃာတော်များနှင့်လည်း အဆက်အသွယ်ရရှိပြီဖြစ်ကြောင်း သပိတ်ကော်မတီထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ပဲခူးဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူပြီးနောက် ဇွန်လ နောက်ဆုံး အပတ်ကစ၍ သံဃာတော်များ ကံဆောင်သပိတ်မှောက်လှုပ်ရှားမှုစတင်‌ပေါ်ပေါက်လာသည်။

စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင် ကံဆောင်သပိတ်မှောက်ထားသည့် မြို့နယ်နှစ်ဆယ်ကျော်ရှိပြီဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

တနင်္သာရီတိုင်းတွင် ၂၀၁၉ ခုနှစ် ဝါဆိုသံဃာစာရင်းအရ သုဓမ္မာ၊ ရွှေကျင်၊ မူလဒွါရ၊ ဝေဠုဝန်နှင့် ကူးတို့ စသည့် ဂိုဏ်း၅ဂိုဏ်းဝင် ဘုန်းကြီးကျောင်းပေါင်း ၁၇ဝဝ ၌ သံဃာတော် ၉၂၄၃ ပါး သီတင်းသုံးနေကြောင်း နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ ထံမှ သိရသည်။