ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်းကလေးတစ်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ပြန်ပို့ဖို့ စီစဉ်နေပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်း အန်ထော်ခရိုင်က ထိုင်းကျောင်းမှာ ပညာသင်ယူနေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ကလေးတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကလေးစုစုပေါင်း ၁၂၆ ဦးကို ဇွန်လ အစောပိုင်းက ထိန်းသိမ်းထားခဲ့တာပါ။
ဒါ့အပြင် ကလေးတွေ ပညာသင်ယူခွင့်ရအောင် အကူအညီပေးခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူ အပါအဝင် ဆရာ ဆရာမ ၄ ဦးနဲ့ ကျေးရွာ ရွာသူကြီး ၂ ဦးကိုပါ တရားစွဲမယ်လို့ သိရတယ်။
ထိုင်းပြည်သူတွေက တိုင်ကြားတဲ့အတွက် ခရိုင်မူလတန်းအုပ်ချုပ်ရေးအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေကြောင့် ကျောင်းအများစုကို ပိတ်ထားရပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေ၊ စီးပွားရေးကျပ်တည်းမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်ပြီး တရားမဝင် အလုပ်သမားတွေအဖြစ် လာရောက်လုပ်ကိုင်သူတွေလည်း ယခင်ထက် အဆပေါင်းများစွာ တိုးလာပါတယ်။
တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့အတူ ကလေးတွေလည်း ထိုင်းနိုင်ငံထဲ ရောက်လာကြပြီး ပညာဆက်သင်နေသူတွေလည်း ရှိနေပါတယ်။
ထိုင်းနိုင်ငံထဲမှာက ဖန်င၊ စူရတ်၊ ရနောင်း၊ မဲဆောက်စတဲ့နေရာတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားကျောင်းတွေ ရှိကြတာပါ။
ဒီလိုမျိုး ပညာသင်ယူနေတဲ့ မြန်မာရွှေ့ပြောင်းကလေးတွေ အဖမ်းခံရတဲ့အပေါ် ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) တည်ထောင်သူ ဦးထူးချစ်ကို Dawei Watch က ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။
DW – ထိုင်းမှာ ကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်းကလေးတွေ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရတာပေါ့နော်။ ဒီလိုဖြစ်စဉ်တွေက အရင်က ဖြစ်လေ့မရှိပေမယ့် အခုက ဘာကြောင့် ဖြစ်လာရတာလဲ။
ဦးထူးချစ် – အရင်တုန်းက ကလေးတွေကိုပြန်ပို့တာမရှိပေမယ့် ဆရာ၊ ဆရာမတွေကို ဖမ်းပြီးတော့ ၂၀၁၉ တုန်းက တစ်ခေါက်ပေါ့နော်။ ဒါက ရနောင်းဌာနီကျောင်းမှာ လူတစ်ထောင်ကျော်ရှိတဲ့ကျောင်းမှာ ဆရာမတွေကို ပြန်ပို့တဲ့ဟာမျိုးရှိတယ်။ နောက်ပြီးတော့ အရင်တုန်းက ဟတ်ရိုင်ဘက်မှာရှိတဲ့ ကျောင်းလည်း ဖြစ်ဖူးတယ်။ ဆရာ ဆရာမတွေကိုပဲ ဖမ်းပြီးတော့ပေါ့နော်။ အဲဒီလိုမျိုးတော့ ရှိတယ်ပေါ့။ အခုကျတော့ ကလေးတွေကိုဖမ်းပြီးတော့ ပြန်ပို့မယ်ဆိုတာက ပထမဆုံးအကြိမ်လို့ ပြောလို့ရတယ်။ ဒါကလည်း ကျွန်တော်တို့အနေနဲ့လည်း စိုးရိမ်တယ်။ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမား ပညာရေးလုပ်ငန်းလုပ်နေတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ယောက် အနေနဲ့လည်း စိုးရိမ်တယ်။ ကျွန်တော်တို့ဒါကိုထဲထဲဝင်ဝင် လေ့လာနေတယ်။ ဘယ်လိုကူညီပေးရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ရဲ့ တာဝန်ရှိတဲ့ ဘုတ်မန်ဘာတွေနဲ့ ဆွေးနွေးနေတာ ရှိပါတယ်ဗျ။ အဓိကကတော့ သူတို့ရဲ့ ပြဿနာကလည်းရှိတယ်လို့ ကြားတယ်ခင်ဗျား။ အဲဒီမှာလေ။ ဆိုလိုချင်တာက အဲဒီရဲ့ကျောင်းမှာက တစ်ကယ်တော့ ကလေးက ထိုင်းနိုင်ငံသား ၇ ယောက် ၈ ယောက်လောက်ပဲ ရှိတယ်။ဒါကို မြန်မာနိုင်ငံသားတွေကို ခေါ်သွင်းပြီးတော့ အဲဒီမှာပေးတယ်။ ဒါကသူတို့ရဲ့ လူကုန်ကူးမှုကိစ္စတွေရော ကျန်တဲ့ဟာတွေပါ ဆက်စပ်ပြီးတော့ တွေးခေါ်နေတာမျိုးတွေ ကျွန်တော်တို့တွေ့ရတယ်ပေါ့လေနော်။ ဆိုလိုချင်တာကတော့ ကလေးတွေကို ပြန်ပို့တာကတော့ ထိုင်းနိုင်ငံရဲ့ ၂၀၀၅ ဥပဒေနဲ့တော့ မညီညွတ်ဘူး။ ပညာရေး Education for All ပေါ့ ဆိုတဲ့ ပေါ်လစီနဲ့တော့ မညီညွတ်တာတော့ အမှန်ပဲ။ ဆိုတော့ အဲဒါကိုလည်း ထိုင်းလူ့အခွင့်အရေး ကော်မရှင်တွေကလည်း အဲဒီကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပညာဆက်သင်ခွင့်ပြုမလဲ ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုတော့ အခုမှသူတို့ ညှိနှိုင်းဆောင်ရွက်နေတာလို့ ကျွန်တော်နောက်ဆုံးကြားထားတယ်ပေါ့နော်။
DW – အဓိကကတော့ လူကုန်ကူးမှုတွေနဲ့ ဆက်နွယ်နေတဲ့သဘောဖြစ်သွားလို့ အဲဒီလိုဖြစ်သွားတဲ့ သဘောတရား ပေါ့နော်ခင်ဗျား။
ဦးထူးချစ် – အဓိကကတော့ အဲဒီလိုမျိုးတွေ သူတို့ထိုင်းရဲတပ်ဖွဲ့က အမှုတင်တာကတော့ အဲဒီလိုမျိုး ပြောထားတာ။ ဆိုလိုချင်တာကတော့ အစကပြောတဲ့ ထိုင်းနိုင်ငံမှာ ဥပဒေက ကျောင်းတစ်ကျောင်းမှာပေါ့နော် မူလတန်းပဲဖြစ်ဖြစ် အလယ်တန်းပဲဖြစ်ဖြစ် သူတို့သတ်မှတ်တဲ့ကျောင်းသားဦးရေ ရှိရမယ်။ ဆရာ ဆရာမတွေရှိရမယ်။ အဲဒါဆိုလို့ ရှိရင်တော့ ထိုင်းအစိုးရကနေပြီးတော့ ပညာရေးရန်ပုံငွေတွေချပေးတယ်။ တောင်ပိုင်းမှာလည်း ကျွန်တော်တို့ ကလေးတွေ ထောင်နဲ့ချီပြီးတော့ ကျောင်းတက်နေကြတာပဲ။ ကျွန်တော်တို့ ပြဿနာတော့ မတက်ဖူးပါဘူးပေါ့လေ။ ဒါကြောင့် ကျွန်တော်ထင်တယ်။ ကျွန်တော်တို့မသိသေးတဲ့ ပြဿနာတွေရော တစ်စုံတစ်ရာ အခြေခံထားလားပေါ့။ ဒါကိုကျွန်တော်တို့ ကြိုးစားပြီးတော့ နားလည်အောင်တော့ လုပ်နေပါတယ်ဗျ၊
DW – ဒီလိုဖြစ်သွားတဲ့အပေါ်မှာရော ကလေးတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။
ဦးထူးချစ် – အဲဒါကတော့ ထိုင်းအစိုးရအတွက်ရော ထိုင်းလူမျိုးတွေအတွက်ရော နိုင်ငံတကာမျက်နှာစာမှာတော့ မကောင်းဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့လုပ်လေ့လုပ်ထမရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ ဒါကို ကျွန်တော်တို့ အနေနဲ့လည်း တော်တော်လေးကို အံ့ဩသင့်တယ်ပေါ့။ ဒါကြီးဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စဖြစ်တယ်။ ထိုင်းနိုင်ငံအနေနဲ့က နိုင်ငံတကာ ကလေးအခွင့်အရေးနဲ့သက်ဆိုင်တဲ့ Child Right တွေ ဘာတွေလည်း သူတို့လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်နေတယ်။ နောက်တစ်ခုကလည်း အစောကပြောတဲ့၂၀၀၅ သူတို့ရဲ့ပညာရေးပေါ်လစီအရဆိုလို့ရှိရင်လည်း ထိုင်းနိုင်ငံထဲမှာရှိတဲ့ ကလေးသူငယ်တွေဟာ မိဘတွေသည် လက်မှတ်ရှိရှိ မရှိရှိ တရားဝင်လက်မှတ် ရှိရှိ မရှိရှိ ကလေးတွေဟာ ထိုင်းကျောင်းတွေမှာ ပညာသင်ကြားခွင့်ရှိတယ် ဆိုတာမျိုး ကျွန်တော်တို့ နားလည်ထားတယ်။ ဒါကြောင့်မို့ သူတို့ဟာ ဒါကိုမလုပ်သင့် မလုပ်ထိုက်ဘူးလို့ လုပ်မိတယ်။ ဒါပေမယ့် ကျွန်တော်အစောက ပြောသလိုပဲ။ ကျွန်တော်တို့ မသိသေးတဲ့ အခြားအကြောင်းအရာတွေများ ရှိမလားလို့ပေါ့နော်။ အဲဒါတွေလည်း ကျွန်တော့်အနေနဲ့ စိုးရိမ်မှုရှိပါတယ်။
DW – ခုနက ဦးထူးချစ်ရှင်းပြသွားတဲ့အထဲမှာ ပါတယ်ပေါ့နော်။ ၂၀၀၅ ခုနှစ်က ထိုင်းပညာရေးဝန်ကြီးဌာနက အတည်ပြုထားတဲ့ ပေါ်လစီတစ်ခုရှိတယ်ပေါ့နော်ခင်ဗျား။ ကလေးတိုင်းပညာသင်ယူခွင့်ရှိတယ်ပေါ့။ ဆိုတော့ အဲဒီပေါ်လစီနဲ့ပတ်သက်ပြီးတော့ ဒီထက်နည်းနည်းလေး ရှင်းပြပေးလို့ရမလားခင်ဗျား။ ဘယ်လိုမျိုးအခွင့်အရေးတွေ ရှိလဲပေါ့နော်။
ဦးထူးချစ်- ထိုင်းနိုင်ငံထဲမှာ ရောက်တဲ့ မိဘတွေက အစောက ကျွန်တော်ပြောခဲ့သလိုပဲ။ တရားဝင်ကိုင်ဆောင်ထားတဲ့ လက်မှတ်ရှိရှိ မရှိရှိ ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့ကလေးတွေဟာ ထိုင်းအစိုးရကျောင်းတွေမှာ တရားဝင်ပညာသင်ခွင့် ရှိတယ်။ ထိုင်းကလေးငယ်တွေနဲ့ တန်းတူအခွင့်အရေးရှိတယ်ဆိုတာကို သူတို့တိတိကျကျပြဋ္ဌာန်းထားတာမျိုး ရှိတယ်။ ကျွန်တော်တို့က ဒါကိုလက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ဖြစ်လို့ ဒါကိုပြောပြလို့ရတာ။ အဲဒီမူဝါဒအတည်ပြုတဲ့အချိန်မှာ ထိုင်းအာဏာပိုင်တွေရော ထိုင်းကျောင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင်က အဲဒီဥပဒေကို မသိတာတွေပါ ကျွန်တော်တို့ကြုံခဲ့ဖူးတယ်။ အဲဒီဥပဒေအတည်ပြုပြီးတဲ့ကာလပေါ့နော်၊ ၂၀၀၆ ခုနှစ်မှာ စပြီးတော့ ကျွန်တော်တို့မြန်မာကလေးတွေကို ထိုင်းကျောင်းတွေကို စပို့တာပေါ့နော်။ ကျွန်တော်တို့ပို့ပြီးတော့ ပညာသင်ပေးတဲ့ ကလေးတွေဆို အခုဆို တက္ကသိုလ်ဘွဲ့ရပြီးတော့ အလုပ်တွေပါ ဝင်နေတဲ့ကလေးတွေပါရှိတယ်။ လက်ရှိမှာလည်း ဖန်ငခရိုင်ထဲမှာရှိတဲ့ ထိုင်းကျောင်း ၄၂ ကျောင်းမှာ ကျွန်တော်တို့ မူကြိုကနေပြီးတော့ တက္ကသိုလ်ကောလိပ်အထိ တက်နေတဲ့မြန်မာရွေ့ပြောင်းကလေးငယ်ကျောင်းသားပေါင်း ၃၄၂ ယောက်ရှိတယ်။ ဒါက ကျွန်တော်တို့ကိုယ်တိုင် ထိထိစပ်စပ်နဲ့ပို့ထားတဲ့ ဆောင်ရွက်ထားတဲ့လူဦးရေးကိုပြောတာ။ သူ့ဟာနဲ့သူမိဘတွေက ပို့ထားတဲ့ကျောင်းသားကျောင်းသူ တွေလည်းရှိနိင်တယ်။ ဒီဥပဒေကိုပေါ့နော် ဒီမူဝါဒကို စနစ်တကျပြောဆိုရမယ် ဆောင်ရွက်ရမယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။
DW – ခုနက ဦးထူးချစ်ပြောသွားတဲ့အထဲမှာ ပါတာပေါ့နော်။ အခုလက်ရှိဖြစ်သွားတဲ့ဖြစ်စဉ်က ကျွန်တော်တို့ မမြင်နိုင်တဲ့အပိုင်းတွေ ရှိနိုင်သေးတယ်ပေါ့လေနော်။ ဆိုတော့ဒီလိုမျိုးဟာက တစ်ပိုင်းပေါ့နော်။ အခုဖြစ်စဉ် ဖြစ်သွားတဲ့အပေါ်မှာရော အခြားထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်းကျောင်းသားတွေအပေါ်မှာ ကျောင်းတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေဖြစ်လာနိုင်လဲပေါ့နော်ခင်ဗျား။
ဦးထူးချစ်- ဒါက ကျွန်တော့်အနေနဲ့လည်း အင်မတန်မှစိုးရိမ်ပါတယ်။ အနည်းနဲ့ အများကတော့ ရိုက်ခတ်မှုတွေ ရှိနိုင်တယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပေါ့လေ။ ကျွန်တော်တို့ကနေပြီးတော့ ဦးစီးဦးဆောင် ဆောင်ရွက်နေတဲ့ အဓိကတော့ တောင်ပိုင်းကကျောင်းတွေ။ ကျွန်တော်တို့မှာက နှစ်ကျောင်းပဲ ရှိတယ်။ ကျွန်တော်တို့နဲ့ ထိစပ်ဆောင်ရွက်နေတဲ့ ကျောင်းတွေက ၆ ကျောင်း ၇ ကျောင်းရှိတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ တိုက်ရိုက်ငွေရေးကြေးရေးအရ မပံ့ပိုးပေမယ့် ကိုယ်ထူကိုယ်ထကျောင်းလေးတွေရှိတယ်။ တချို့ကျ ဘာသာရေးအဖွဲ့အစည်း ဘုန်းကြီးကျောင်းတွေမှာ သင်တဲ့ဟာရှိသလို အပြင်မှာပဲ ကိုယ့်နည်းကိုယ်ဟန် ကိုယ်ထူကိုယ်ထ ကျောင်းလေးတွေရှိတယ်။ အဲဒီ ဆရာ၊ ဆရာမတွေကို ကျွန်တော်တို့က ဆရာဖြစ် သင်တန်းလောက်ပဲ ပေးနိုင်တယ်။ သင်ရိုးတွေပေးနိုင်တယ်၊။ ဥပမာအနေဖြင့် ကျွန်တော်တို့ဆီက မေးခွန်းတွေ ဖြေဖို့ဆိုတဲ့ဟာလောက်ပဲ။ ဆိုတော့ အဲဒီကျောင်းတွေ အဖွဲ့အစည်းတွေရော ကျောင်းသားမိဘတွေ နားစွန်နားဖျားကြားတဲ့ ကျောင်းသားတွေကိုယ်တိုင်က ကျွန်တော်တို့ကို နေ့တိုင်းမေးနေတာရှိတယ်ပေါ့နော်။ စိုးရိမ်ကြောက်လန့်မှုတွေ ရှိတယ်။
ဒီကလေး ၁၂၆ ယောက်ကို ဖမ်းဆီးပြီးတော့မြန်မာပြည်ပို့တဲ့ကိစ္စသည် အဲဒီ ၁၂၆ ယောက်နဲ့ပဲ မဆိုင်ဘူး။ ထိုင်းနိုင်ငံထဲမှာ ပညာသင်နေဆဲဖြစ်တဲ့ ပညာသင်ဖို့ ကြိုးစားနေတဲ့ နောက်တစ်ခါ ပညာသင်ဖို့လာဦးမယ့် ထောင်သောင်းနဲ့ သိန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းကလေးတွေအတွက် ဒါဟာစိုးရိမ်စရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေကို စနစ်တကျနဲ့ အသက်ဝင်အောင် ဆောင်ရွက်အောင် ထိုင်းတွေကိုယ်တိုင်က သိရှိအောင်၊ ထိုင်းအစိုးရတွေ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေနဲ့ စနစ်တကျ ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ကတော့ ပညာရေးလုပ်နေတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် ဒီ ၁၂၆ ယောက် ကလေးဖမ်းဆီးခံရတာက အင်မတန်မှ ကျွန်တော်တို့လို ပညာရေးလုပ်နေတဲ့လူတွေကို မီးမောင်းထိုးပြတယ်ပေါ့နော်။ တပ်လှန့်သံပေးလိုက်တယ်။ ကျွန်တော်တို့အနေနဲ့ စနစ်တကျဆောင်ရွက်ပါ။ စနစ်တကျ ထိုင်းပြည်သူလူထု ထိုင်းအာဏာပိုင်တွေ ထိုင်းနိုင်ငံရေးသမားတွေနဲ့ ထိုင်းပညာရှင်တွေနဲ့ အားလုံးစနစ်တကျဆောင်ရွက်ပါဆိုတဲ့ တပ်လှန့်နှိုးဆော်လိုက်သလို ကျွန်တော်နားလည်တယ်။
DW – မြန်မာရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီးတော့ အခြားဘာများ ဖြည့်စွက်ပြောဖို့ရှိလဲခင်ဗျား။
ဦးထူးချစ်- အဓိကကတော ကျွန်တော်တို့လိုမျိုး တိုင်းပြည်ပေါ့။ လူပေါင်းသန်းနဲ့ချီပြီးတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်လုပ်ကိုင်စားသောက်တယ်။ သိန်းနဲ့ချီတဲ့ ကလေးတွေကလည်း အဲဒီနိုင်ငံခြားတွေမှာပေါ့နော်။ ဒါထိုင်းနိုင်ငံ တစ်ခုတည်း မဟုတ်ပါဘူး။ နိုင်ငံခြားတွေမှာ ရောက်နေကြတဲ့ အဓိကကတော့ ထိုင်းနိုင်ငံ။ ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အနေနဲ့တော့ ပြောချင်တာက ဒီရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးစနစ်က ရေရှည်မြန်မာပြည်ဖွံ့ဖြိုး တိုးတက်ရေးမှာ အများကြီးအထောက်အကူပြုနိုင်တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကိုယ်အစိုးရလို့ ပြောနေတဲ့ အစိုးရတိုင်း၊ ကိုယ့်ကိုယ်ကိုယ် အစိုးရလို့ပြောနေတဲ့လူတိုင်းက ဒီကလေးတွေရဲ့ ပညာရေးကို စနစ်တကျနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သင့်တဲ့အချိန်လို့ ပြောချင်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ် အစိုးရလို့ ပြောနေတဲ့ ဘယ်အစိုးရပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံအစိုးရ ထိုင်းနိုင်ငံရဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေ၊ နောက်ပြီးတော့ ပညာရှင်တွေနဲ့ စနစ်တကျချဉ်းကပ်ပြီးတော့ ကျွန်တော့်တို့ ရွှေ့ပြောင်းပညာရေးကို စနစ်တကျ ဆောင်ရွက်သင့်တယ်။ ကလေးငယ်တွေကိုလည်း ကလေးအခွင့်အရေးကို တစ်စုံတစ်ရာ စနစ်တကျ အကာအကွယ်ပေးသင့်တဲ့ အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်။