BREAKING
March 10, 2025

ထားဝယ်ဒေသထွက် ဝါးပိုးဝါးများကို ကျားဖောင်ရာသီအတွက် စတင်ဝယ်ယူ

July 9, 2023

ထားဝယ်ဒေသထွက် ဝါးပိုးဝါးများကို ယခုနှစ် ကျားဖောင်ရာသီအတွက် မွန်ပြည်နယ်သို့ တင်ပို့ရောင်းချရန် စတင်ဝယ်ယူနေပြီဖြစ်ကြောင်း ထားဝယ်ဒေသရှိ ဝါးအရောင်းဝယ်ပြုလုပ်သူများထံမှ သိရသည်။

ကျားဖောင်ရာသီမှာ စက်တင်ဘာလတွင် စတင်ပြီး ဧပြီလအထိလုပ်ကိုင်ကြသည်။

ကျားဖောင်ပြုလုပ်ရန် ဝါးပိုးဝါးများကို ဇွန်လဆန်းပိုင်းကတည်းက စတင်ဝယ်ယူနေခြင်းဖြစ်ပြီး ယခုနှစ်အတွက် ဩဂုတ်လကုန်အထိ မွန်ပြည်နယ် ရေးမြို့သို့ အခေါက်နှစ်ဆယ်ခန့် ပို့နိုင်ရန် ရည်မှန်းထားကြောင်း ဝါးကုန်သည် တစ်ဦးက ပြောသည်။

“မနှစ်က ခေါက်ရေ နှစ်ဆယ်လောက်ရတယ်။ အခုကတော့ ရှစ်ခေါက်လောက်ပဲ ရသေးတယ်” ဟု ၎င်းက ဆိုသည်။

ဝါးတစ်ခေါက်တွင် ၁၂ဘီးကားတစ်စီးစာဖြင့် ဝါးအလုံးရေ ၁၈ဝခန့်မှ နှစ်ရာဝန်းကျင်အထိ တင်ပို့ရခြင်းဖြစ်သည်။

ယခုနှစ်ထားဝယ်ဒေသတွင် ဝါးပိုးဝါးတစ်လုံးကို ခြောက်ထောင်ကျပ်ဖြင့် လိုက်လံဝယ်ယူနေကြကြောင်း သိရသည်။

“မနှစ်က တစ်လုံးကို ငါးထောင်အများဆုံးပဲ” ဟု အထက်ပါ ဝါးကုန်သည်က ပြောသည်။

သရက်ချောင်းမြို့နယ်တွင်မူ ယခုနှစ် ဝါးပိုးဝါးလာရောက်ဝယ်ယူသူ မရှိသေးကြောင်း သရက်ချောင်းမြို့နယ် သဲချောင်းရွာသားတစ်ဦးက ဆိုသည်။

“မနှစ်က ငါးထောင်ရတယ်။ ဒီနှစ်က လာမဝယ်ကြသေးတော့ ဘယ်ဈေးမှန်းမသိရသေးဘူး” ဟု ၎င်းက ပြောသည်။

ယခုနှစ် ထားဝယ်ဒေသတွင် ဒေသအတွင်း ပဋိပက္ခနှင့် ဝါးရှားပါးခြင်းများ ကြုံတွေနေရကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“ကျွန်မမှာဆိုရင် မနှစ်ကတည်းက တစ်တောလုံး ခုတ်ရောင်းလိုက်တယ်။ အခုဝါးပင်မရှိတော့ အဲဒီနေရာတွေမှာ တခြားသစ်ပင် စိုက်ထားတယ်” ဟု လောင်းလုံးမြို့နယ်‌ ကျောက်ပုံရွာသူတစ်ဦးက ပြောဆိုသည်။

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးနေခြင်း၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်း၊ လမ်းခရီးစစ်ဆေးတင်းကျပ်နေသည့်အတွက်ကြောင့် ဝါးသွားဝယ်ယူရန် အဆင်မပြေကြကြောင်း ဝါးကုန်သည်များက ဆိုသည်။

ပင်လယ်ပြင်တွင် ငါး၊ ပုဇွန်များကို ဖမ်းဆီးသည့် ကျားဖောင်လုပ်ငန်းတွင်အသုံးပြုရန်အတွက် ထားဝယ်ဒေသထွက် ဝါးပိုးဝါးများကို မွန်ပြည်နယ် ရေးမြို့နယ်က အများဆုံးလာရောက်ဝယ်ယူကြောင်း ကုန်သည်များထံမှ သိရသည်။

“နှစ်တိုင်းဆိုရင် အခေါက် နှစ်ဆယ်လောက်ပို့ရတယ်။ ဒီနှစ်ကတော့ ဘယ်နှစ်ခေါက်ရမယ်မှန်း မသိဘူး။ လက်ရှိ အခြေအနေနဲ့ဆိုရင်တော့ ဝါးကနည်းလာတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဝါးခုတ်တာများတာရယ်၊ လမ်းခရီး မလုံခြုံတာရယ်ကြောင့်” ဟု ဝါးကုန်သည်တစ်ဦးက ပြောဆိုသည်။

ဝါးပိုးဝါးများကို တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစုဆောင်းဝယ်ယူရခြင်း ‌ဖြစ်သည်။

ယင်းသို့သွားရောက်ဝယ်ယူရာတွင် လမ်းခရီး၌ စစ်ဆေးတင်းကျပ်‌ခြင်း၊ စစ်ကြောင်းထိုး ဝင်ရောက်နေချိန်တို့တွင် ဝါးသွားဝယ်ရန် ခက်ခဲသဖြင့် ယခုနှစ်တွင် ဈေးအနည်းငယ်ပိုရကြောင် ဝါးကုန်သည်တစ်ဦးက ဆိုသည်။

“ဒါကတော့ ဟို (မွန်) ဘက်ကလုပ်ငန်းရှင်တွေက ပေးတဲ့ဈေးပေါ့နော်။ မနှစ်က တစ်လုံးကို ကိုးထောင်းနီးပါးပဲ ရတယ်။ ဒီနှစ်ကတော့ တစ်သောင်းနီးပါရတယ်” ဟု ၎င်းက ပြောသည်။

ကျားဖောင်လုပ်ငန်းကို မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်တို့တွင် အများဆုံးလုပ်ကိုင်ကြသည်။

ကျားဖောင်တစ်ဖောင်တွင် ဝါးဘိုးဝါး အလုံးရေ အနည်းဆုံး ကိုးဆယ်ကျော်မှ တစ်ရာခန့်အထိ အသုံးပြုရပြီး ပင်လယ်ထဲတွင် ရှစ်လမှ ကိုးလခန့်အထိ နေထိုင်ပြီး လုပ်ကိုင်ကြသည်။

အဆိုပါလုပ်ငန်းမှ ရရှိသည့် ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးငပိများကို ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံတွင် သွားရောက်ရောင်းချလေ့ရှိသည်။