တနင်္သာရီတိုင်းတွင် စခန်းသိမ်းတိုက်ပွဲများကြောင့် အထိနာနေသည့် စစ်ကောင်စီက နယ်မြေစိုးမိုးမှု ပြန်ရရေးအတွက် စစ်ကြောင်းထိုးမှုများ၊ ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနေသည်။
စပါးစိုးရာသီဖြစ်သည့် မိုးဦးကာလတွင် တိုက်ပွဲများပိုမိုပြင်းထန်နေပြီး ဧပြီလနှင့် မေလတို့တွင် တိုက်ပွဲပေါင်း အကြိမ် ၆၀ ကျော်ဖြစ်ပွားခဲ့သလို လေကြောင်းအသုံးပြု တိုက်ခိုက်မှုများလည်း ပိုများလာနေသည်။
ယင်းအပြင် တော်လှန်ရေးအားကောင်းသည့် ဒေသများကို စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်မှုများ လုပ်ဆောင်နေပြီး အဓိကကျသည့် လယ်ယာသွင်းအားစုများဖြစ်သော ဓာတ်မြေသြဇာ၊ စက်သုံးဆီစသည်တို့ကိုလည်း ကန့်သတ်ပိတ်ပင်ထားသည်။
ယင်းအပြင် အထွေထွေစရိတ် ကြီးမြင့်မှုနှင့်အတူ လယ်ယာသွင်းအားစုများ စျေးမြင့်တက်နေခြင်း၊ စစ်မှုမထမ်းမနေရကြောင့် လူငယ်၊လူလတ်ပိုင်းများ နေရပ်စွန့်ခွာထွက်ပြေးနေ၍ လုပ်သားရှားပါးမှုများ ဖြစ်ပေါ်နေခြင်းတို့လည်း ကြုံတွေ့နေရသည်။
ယင်းအခြေအနေများအပြင် နယ်မြေမအေးချမ်းမှုကြောင့် အန္တရာယ်များသည့် အခြေအနေများမှာ လယ်သမားများ လယ်လုပ်ရန် အခက်အခဲဖြစ်စေသည့် အဓိကအချက်များဖြစ်နေသည်။
လယ်သမားများ လယ်ယာလုပ်ငန်းခွင် မဝင်နိုင်ပါက ဆန်စပါးရှားပါးမှု ကြုံတွေ့လာရပြီး စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့လာရဖွယ်ရှိနေသည်။
ယင်းကြောင့် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် လယ်လုပ်ရန် ကြုံတွေ့နေရသည့် အခက်အခဲ့များကို ဒေသအသီးသီးမှ လယ်သမားများအား တွေ့ဆုံမေးမြန်းကာ ဖော်ပြပေးလိုက်ရပါသည်။
“ရင်းရတဲ့ စရိတ်နဲ့ တော့မကာမိဘူး။ အိမ်မှာစားဖို့ စပါးကျန်တာလောက်ပဲရှိပါတယ်”
ထားဝယ်မြို့နယ် ကျောက်ရပ်ရွာက လယ်သမားတစ်ဦး
DW ။ ဒီနှစ်လယ်လုပ်ချိန်မှာ ဘာအခက်အခဲတွေရှိလဲ။
ဖြေ ။ လယ်လုပ်တဲ့သူရှားလာတယ်။ ဆီဝယ်ရခက်လာတယ် ။ ရွာဆီဆိုင်တွေက ဂါလံပုံးတွေနဲ့ အရင်လို မရောင်းပေးတာကြာပြီ။ မြို့ပေါ်တက်ဝယ်ရတယ်။
DW ။ လုပ်သမား ရှားလာတဲ့ အခြေအနေလေးပြောပေးပါ ။
ဖြေ ။ လယ်လုပ်တဲ့သူက လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်ယောက်ျားလေးတွေ မရှိတော့ဘူး။ လူကြီးပိုင်းတွေပဲကျန်တယ်။ အခုနှစ်ဆို လယ်ထဲမှာ အမျိုးသမီးတွေပဲ လယ်လုပ်နေသလိုပဲ ။ လယ်လုပ်သမားငှားဖို့လည်း ရှာရပိုခက်လာတယ် ။
DW ။ စစ်မှုထမ်းဥပဒေ ပေါ်လာပြီးတဲ့နောက်ပိုင်း ရွာကလူငယ်တွေ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ သက်ကြီးပိုင်းတွေပဲ အများစုကျန်တယ်။ ယောက်ျားပျိုရော၊ မိန်းမပျိုရော ရွာမှာမရှိတော့ဘူး။
DW ။ အခု လယ်လုပ်တဲ့ဧက ဘယ်လောက်ရှိလဲ။ အခုနှစ် ကိုယ်တိုင်လုပ်ဖြစ်လား
ဖြေ ။ လယ် ၅ ဧက မှာ ၄ ဧက လုပ်တယ်။ ကိုယ်တိုင်လည်းမလုပ်နိုင်တော့လို့ သူများနဲ့ငှားပြီး လုပ်ခိုင်းထားတယ် ။ စက်ကတော့ကိုယ်ပိုင်စက် ဆီလည်း ကိုယ်တိုင်ထည့်ရတာပဲ။
DW ။ အရင်နှစ်တွေကရော ကိုယ်တိုင်လုပ်ဖြစ်လား ။
ဖြေ ။ ကိုယ်တိုင်လုပ်တယ်။ တူတွေ သားတွေလည်းရှိနေတော့ အတူတူလုပ်ကြတာပဲ။ လူငှားရတာနည်းတယ်။ အခုက အသက်ကြီးလို့ မလုပ်နိုင်တော့တဲ့လူနဲ့ ပြည်ပထွက်တဲ့လူနဲ့ ဆိုတော့ ကိုယ်တိုင်မလုပ်နိုင်တော့ဘူး။
DW ။ လယ်လုပ်ခကို ဘယ်လိုပေးရလဲ။ ကုန်ဈေးနှုန်းတက်နေတော့ လုပ်ခဈေးတက်တာရှိလား ။
ဖြေ ။ စပါး ထွက်ချိန် တစ်ဧက ဆယ်တင်းနှုန်းပေးရတယ်။ ပုံမှန်ဈေးပါပဲ။ အခုနှစ် စပါးထွက်ချိန်တော့ ဆယ်နှစ်တင်းလောက်ပေးဖို့ ပြောတာမျိုးတော့ရှိတယ်။
DW ။ ကိုဗစ်မတိုင်ခင်နဲ့ အာဏာသိမ်းပြီးကာလ လယ်လုပ်ရတဲ့အခြေအနေ ဘယ်လိုကွာခြားမှုရှိသွားလဲ။
ဖြေ ။ စရိတ်စက ကွာသွားတယ် ။ အဓိက ကတော့ ဓာတ်ဆီဈေးတက်လို့ စက်နဲ့ပဲလယ်လုပ် စက်နဲ့ပဲ စပါးရိတ်တော့ စရိတ်က အရင်ကထက် ငါးဆ လောက်တက်သွားတယ်။ ရင်းရတဲ့ စရိတ်နဲ့ တော့မကာမိဘူး။ အိမ်မှာစားဖို့ စပါးကျန်တာလောက်ပဲရှိပါတယ်။
DW ။ ဖြည့်စွက်ပြောစရာရှိသေးရင် ပြောပေးပါ။
ဖြေ ။ မရှိတော့ပါဘူး
DW ။ ကျေးဇူးတင်ပါတယ်။
“ ပစ်ထားတဲ့လယ်က ရွာမှာရှိတဲ့ လယ်ဧကရဲ့ သုံးပုံတစ်ပုံလောက်ရှိတယ်”
ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာအုပ်စုက လယ်ပိုင်ရှင်အမျိုးသမီးတစ်ဦး
DW ။ အခုနှစ် လယ်စိုက်ရာသီ အခြေအနေလေး ပြောပြပေးပါ။
ဖြေ ။ အခုနှစ် လယ်စိုက်ရာသီအတွက်ကတော့ စပြီးနေပါပြီ။ အခြေအနေကောင်းမကောင်းကတော့ စပါးထွက်ချိန်ရောက်မှ ပြောလို့ရပါမယ်။
DW ။ အခုနှစ် ရာသီစချိန် ဘာအခက်အခဲ တွေရှိလဲ။
ဖြေ ။ လယ်လုပ်တဲ့သူ ငှားရရှားလာတာပါပဲ ။ အရင်က ကိုယ့်လယ်ကိုယ်လုပ်ကြတာပဲ ။ အခုက ရွာမှာ လူငယ်တွေ မရှိတော့ လယ်လုပ်ငန်းအဓိကလုပ်ငန်းနိုင်တဲ့ အိမ်ထောင်စု ဆယ့်ငါးစုလောက်ကပဲ အခြားလယ်တွေရော သူတို့လယ်တွေရော အငှားပုံစံနဲ့ လုပ်ပေးနေတယ် ။ အရင်ကဆို ကိုယ့်အိမ်သားတွေ ဦးစီးပြီးပဲ လုပ်ကြတာပဲ ။ အခုကသိတဲ့အတိုင်း ရွာမှာ ကျန်တာ အသက်မပြည့်သေးတဲ့ကလေး နဲ့ အသက်ကြီးတဲ့လူကြီးတွေ လောက်ပဲ ရှိတယ် ။ ကျန်တာကတော့ သာမန်ပါပဲ အခက်အခဲသိပ်မရှိဘူး ။
DW ။ လယ်ဧက ဘယ်လောက်ရှိလဲ ။ အရင်ကရော ကိုယ်တိုင်ပဲလုပ်တာလား ။
ဖြေ ။ ဆယ်ဧကရှိတယ် ။ကိုဗစ်မတိုင်ခင်ကအထိတော့ အိမ်က အကိုတွေ မောင်တွေ မိသားစုတွေလုပ်ကြတာပဲ ။ နိုင်ငံရေးဖြစ်ပြီးတဲ့နောက် တစ်နှစ်လောက်ကစပြီး လုပ်မယ့်သူမရှိတော့လို့ သူများနဲ့အပ်လိုက်ရတာ အခုနှစ်အထိ အပ်ထားရတယ် ။ အခုနှစ်ကတော့ သူများတွေလည်း လုပ်မယ့်သူမရှိလို့ သူများနဲ့ငှားလုပ်ခိုင်းရတဲ့ လယ်တွေများလာတယ် ။ အချို့ကျတော့လည်း လယ်ဧက နည်းလို့ စရိတ်မကာမိမှာကြောက်လို့ အခုနှစ်လယ်မလုပ်ဘဲ လယ်ပစ်ထားလိုက်တယ်။ ပစ်ထားတဲ့လယ်က ရွာမှာရှိတဲ့ လယ်ဧကရဲ့ သုံးပုံတစ်ပုံလောက်ရှိတယ်။
DW ။ လယ်လုပ်ခက ဘယ်လိုပေးရလဲ ဈေးတက်တာမျိုးရှိလား ။
ဖြေ ။ လယ်လုပ်ခက စပါးထွက်နှုန်းနဲ့ ပေးရတာမျိုးပေါ့။ တင်း ၃ဝဝ နီးပါးလောက်ထွက်ရင် ၃၅ တင်းလောက် လုပ်ခပေးရတယ်။ ဈေးတက်မယ်လို့တော့ အခုထိမပြောသေးဘူး။
DW ။ အခြားလယ်တွေရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ ။
ဖြေ ။ အခုနှစ် လယ်လုပ်သမားရှားလို့ လယ်ပစ်လိုက်တဲ့သူတွေရှိသလို လယ်မလုပ်တာကြာရင် လယ်သိမ်းခံရမယ်ဆိုပြီး ကောလာဟလကြောင့် ပစ်ထားတာကြာတဲ့ တချို့လယ်တွေလည်း အခုနှစ်ပြန်စနေကြတယ်။ ကျန်တာတော့ ထူးထူးခြားခြားသိပ်မရှိပါဘူး ။
DW ။ အခြားဖြည့်စွက် ပြောချင်တာရှိသေးလား။
ဖြေ ။ မရှိတော့ပါဘူး။
DW ။ ကျေးဇူးတင်ပါတယ်။
“စစ်မှုထမ်းပါကြမှာစိုးတာရယ်၊ တိုက်ပွဲတွေဖြစ်နေတာတွေရယ်နဲ့ ရှမ်းပြည်( ထိုင်းနိုင်ငံ) ကိုသွားကုန်ပြီကိုး”
ဦးတင်သောင်း လယ်သမား ထားဝယ်မြို့နယ်
DW ။ ဒီရာသီ လယ်ယာလုပ်ငန်းခွင်စနေပြီးလား။ ဘယ်လောက်ပြီးနေပြီလဲ။
ဖြေ ။ ငါတို့က ညောင်ရေသွန်းပွဲပြီးတာနဲ့ လယ်ထဲရောက်တာပဲ။ အခုက လယ်ထွန်ပြီးနေပြီ။ ပျိုးတော့မကျသေးဘူး (ပျိုးမကြဲရသေးဘူး)။ ငါကတော့နည်းနည်းဦးတာကိုး လယ်ထဲဆင်းတာ။ ပြီးတာစောတယ်။ တော်တော်များများကတော့ မပြီးကြသေးဘူး။ ကန်းသင်းရိုးလောက်ပဲပြီးကြသေးတယ်။
DW ။ ဒီနှစ်လယ်လုပ်ဖို့ အလုပ်သမားငှားရခက်တယ် ကြားရတယ်။ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ခက်ဆို လယ်လုပ်တဲ့သူတွေက တဖြည်းဖြည်းနည်းလာတယ်လေ။ ရွာတွေမှာယောက်ျားသားတွေကလည်း မရှိကြတော့ဘူးလေ။ ရှိတဲ့သူတွေကလည်း လယ်မလုပ်ကြဘူး။ ဒီနှစ်ကတော့ ပိုသိသာတာပေါ့။ စစ်မှုထမ်းပါကြမှာစိုးတာရယ်၊ တိုက်ပွဲတွေဖြစ်နေတာတွေရယ်နဲ့ ရှမ်းပြည်( ထိုင်းနိုင်ငံ) ကိုသွားကုန်ပြီကိုး။
DW ။ ဒါဆိုရင် လယ်လုပ်ဖို့ လူငှားလို့ရရဲ့လား။
ဖြေ ။ ရတဲ့သူလည်းရ မရတဲ့သူလည်း မရကြဘူးပေါ့။ ဈေးတွေကတော့ တက်ပြေးကုန်တယ်။ မနှစ်က ယောက်ျားတစ်ယောက်ကို (နေ့စားခ) ၁၄၀၀၀၊ ၁၅၀၀၀ (ကျပ်)ပဲ။ အခုက ၁၈၀၀၀၊ ၂၀၀၀၀ (ကျပ်) အထိတောင်ဖြစ်နေပြီ။ အချို့တွေ ၂၅၀၀၀ (ကျပ်) အထိပေးပြီးငှားနေတာတောင် မရကြဘူး။ ထမင်းလည်းကျွေးရသေးတယ် အဲဒါ။
DW ။ လူငှားမရရင် ဘယ်လိုလုပ်ကြတာလဲ။
ဖြေ ။ အခုလယ်လုပ်ခါနီးမှ (နေ့စားခ)ဈေးတွေတက်လာတော့ အရင်က စပါးဆယ်တင်း၊ တင်းနှစ်ဆယ်နဲ့ ( တစ်ရာသီစာသူရင်းငှား) ငှားထားတဲ့သူတွေ ဈေးပေးများတဲ့သူနောက်ပါကုန်လို့ အဲဒါ။ လယ်လုပ်ခါနီး သွားခေါ်တော့ ဟိုက(သူရင်းငှားက) မလိုက်တော့ဘူးဆိုတော့ တန်လန်းဖြစ်နေကြတာပေါ့။ အချို့ကလည်း လူငှားမရရင် ကန်သင်ရိုးမပိတ်တော့ဘူး။ မျက်ခုတ်ပြီးရင်ပြီးဆိုပြီး လုပ်နေကြတဲ့သူတွေလည်းရှိတယ်။
DW ။ လယ်ထွန်စရိတ်တို့၊ ဓာတ်မြေဩဇာဈေးတို့ကရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ ဓာတ်မြေဩဇာကတော့ ခက်ခက်ခဲခဲနဲ့ဝယ်ထားရတယ်။ တစ်အိတ်ရတစ်အိတ်ဝယ်၊ နှစ်အိတ်ရ နှစ်အိတ်ဝယ်အဲလိုမျိုး။ အရင်လို ဗုံးပေါလအော သယ်လို့မရတော့ဘူးလေ ဂိတ်တွေမှာ။ လယ်ထွန်စရိတ်ကမသိသေးဘူး။ ဈေးမသိသေးဘူး။ သူများဈေးပဲဆိုပြီး ထွန်ထားတာ။ အခုကအဲလိုတွေဖြစ်နေပြီ။ ဈေးမဖွင့်ရဲကြဘူး။ စပါးရိတ်လည်း ဈေးမဖွင့်ရဲဘူး။ လုပ်ပြီးမှ ဘယ်ဈေးဆိုပြီး ပြောကြတာ။ လယ်ပြီးမှဈေးဖွင့်တော့ ပေးမနိုင်ဘူးနဲ့ ဘာဖြစ်တယ်ညာဖြစ်တယ် စကားများကြတာပဲ။
DW ။ လယ်လုပ်ရတာလဲ အရင်လိုမဟုတ်တော့ဘူးနော်။
ဖြေ ။ ဘယ်ဟုတ်မလဲ။ ငါတို့နားမှာပိုဆိုးတာပေါ့။ လယ်ထဲဆင်းတာတောင် မိုးသံ၊လေသံ( သေနတ်ပစ်ခတ်သံ၊ ဗုံးပေါက်သံများကိုဆိုလို) နားထောင်ပြီးမှ ဆင်းနေရတယ်။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
“အခုခေတ်က ဈေးကြီးတာကို ပြောနေလို့မရတော့ဘူး။ ပိုက်ဆံပေးပြီးဝယ်လို့ရနေတာကိုက ကံကောင်းသေးတယ်ပြောရမယ်”
အသက် ၄၀ ကျော်အရွယ် လယ်သူမတစ်ဦး လောင်းလုံးမြို့နယ်
DW ။ ဒီနစ်မှာ ကိုယ့်လယ်ကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်နေရတဲ့ အကြောင်းအရင်း ပြောပြပေးပါ။
ဖြေ ။ အော်…အိမ်မှာ ညီအစ်မနှစ်ယောက်ပဲကျန်တာဆိုတော့ ရှိတဲ့သူကလုပ်ရတာပေါ့။ ကိုယ်မလုပ်ရင် ကိုယ်မစားရပဲရှိမှာ။
DW ။ အရင်ကလယ်လုပ်ဖူးလား။ ဘာဖြစ်လို့ ဒီနှစ်လယ်ထဲ ကိုယ်တိုင်ဆင်းနေရတာလဲ။
ဖြေ ။ လယ်ကတော့ လုပ်ဖူးတယ်။ မိဘတွေရှိကတည်းကလုပ်နေတာ။ မြက်နုတ်၊ စပါးစိုက် လိုက်နေကျပဲ။ ကိုယ်တိုင်ဦးစီးပြီးတော့ ဒီနှစ်မှလုပ်တာ။ အရင်လုပ်နေကျ ဦးလေးက အသက်ကြီးလို့ မလုပ်နိုင်တော့ဘူး။ လယ်ငှားတော့လဲ လုပ်မယ့်သူမရှိဘူးလေ။ ပစ်ထားလို့ကလည်းမဖြစ်ဘူး။ ဒီလယ်ကထွက်တာပဲ စားနေသောက်နေရတာလေ။
DW ။ လူငှားလို့မရတာက ဘာကြောင့်လဲ။
ဖြေ ။ လူငှားကအရမ်းရှားတယ်။ အရင်ငှားနေကျသူကလည်း ထိုင်းကိုဆင်းသွားပြီ။ အဲကြောင့်ကိုယ်တိုင်ဆင်းနေတာ။ မိန်းမနှစ်ယောက်တည်းဆိုတော့ သိပ်မတွင်းကျယ်ဘူး။ လယ်ကလည်းဆယ်ဧကဆိုတော့။။သူများပြီးချိန် မပြီးနိုင်ဘဲဖြစ်နေတယ်။ နေ့စားလေးယောက်ငှားတာကလည်း နှစ်ယောက်ပဲရတယ်။
DW ။ လူငှားမရဘူးလို့ ပြောသံဆိုသံ တော်တော်ကြားရတယ်။ ဘယ်လိုတွေဖြစ်နေတာလဲပြောပြပါလား။
ဖြေ ။ နိုင်ငံခြားသွားသူချည်းပဲလေ။ လယ်လုပ်တဲ့ လူငယ်အရွယ်ကောင်းကောင်းဆို နိုင်ငံခြားမှာချည်ပဲ။ ရှိတဲ့သူတွေကလည်း သူ့ဟာနဲ့သူဖြစ်နေကြပြီ။ အခုလို အခုလိုက်ငှားမရတော့ဘူး။ တစ်ချို့တွေဆို စပါးခြောက်စိုက်တယ်ဆိုပြီးတောင် စိုက်ကြတာရှိတယ်။
(မှတ်ချက်- စပါးအခြောက်စိုက်ပျိုးခြင်းဆိုသည်မှာ လယ်ထဲရေမတင်မီကတည်းက စပါးစိုက်ပျိုးထားခြင်း နည်းလမ်းဖြစ်သည်။ မိုးဦးကျချိန်ကို မှန်းဆကာ လယ်ထွန်၊ စပါးပျိုးကြဲထားပြီး မိုးတစ်ကြိမ်နှစ်ကြိမ် ရွာသွန်းလိုက်သည်နှင့် စပါးအပင်ပေါက်လာသည်။ သူများထက်ဦးအောင် ကြိုလုပ်ထားနိုင်သဖြင့် လုပ်သမားငှားရမ်းရ လွယ်ကူခြင်း၊ လုပ်ခဈေးသက်သာခြင်း၊ သယ်ယူစာရိတ်သက်သာခြင်း စသည့်အကျိူးကျေးဇူးများရှိသည်။ တစ်ဖက်တွင် အချိန်မီမိုးမရွာပါက ဆုံးရှုံးနိုင်ခြေလည်းရှိနေသည်။ ရာသီဥတုမှန်ကန်သည့် ရှေးခေတ်ကာလက သုံးစွဲခဲ့သောနည်းလမ်းဖြစ်ကြောင်း လယ်သမားတို့က ရှင်းပြသည်)
DW ။ ဓာတ်မြေဩဇာ၊ စက်သုံးဆီဈေးတွေ အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ ။ ဓာတ်မြေဩဇာကတော့ အားလုံး ဆယ်ငါးအိတ်တော့ ဝယ်ထားပြီးပြီ။ မိုးတွင်းမှာသုံးဖို့တော့ လောက်မယ်ထင်တယ်။ တစ်အိတ်ကိုက တစ်သိန်းကျော်လည်းရှိတယ်။ ရှစ်သောင်းတန်လည်းရှိတယ်။ အမျိုးမျိူးပဲ။ ဈေးကတောကြီးတာပေါ့။ အခုခေတ်က ဈေးကြီးတာကို ပြောနေလို့မရတော့ဘူး။ ပိုက်ဆံပေးပြီးဝယ်လို့ရနေတာကိုက ကံကောင်းသေးတယ်ပြောရမယ်။
လယ်ထွန်စရိတ်ကတော့ ကျွန်မတို့မှာက လယ်ထွန်စက်ရှိတယ်။ ကန်းသင်းရိုးပြီးရင် နေ့စားသမားကိုပဲ စက်မောင်းပေးဖို့( လယ်ထွန်းပေဖို့) ငှားထားသေးတယ်။ စက်သုံးဆီကတော့ အရင်လိုမျိုး တိုင်ကီလိုက် မဝယ်နိုင်တော့ဘူး။ ဂါလံဖြတ်ပဲဝယ်နိုင်တော့တယ်။ တစ်ဂါလံကိုတောင် ၁၅၀၀၀ (ကျပ်) လောက်ရှိနေပြီအခုဆို။ ဈေးတွေကတော့အစစအရာရာတက်တယ်။ နေ့စားတောင် ၁၅၀၀၀ (ကျပ်) နဲ့ငှားထားတာ အခုမရတော့ဘူးပြောနေတယ်။ သူများတွေ ၁၈၀၀၀ ပေးနေတာ သူတို့လည်း အဲလောက်လိုချင်နေတဲ့ ပုံစံပြောနေတယ်။
DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ စပါးဈေးကောင်းနေလို့သာ လုပ်ဖြစ်တာ။ စပါးဈေးမကောင်းရင်တော့ လုပ်ဖြစ်တော့မှာမဟုတ်ဘူး။ လယ်လုပ်ရတာ အစစအရာရာ ခက်ခဲကုန်ပြီ။ နွေရာသီစပါးသိမ်းရင်တော့ အဲစပါးတွေ အိမ်မှာပဲထားရမှာလား။ ဘယ်မှာထားရမှာလဲ မသိသေးဘူး။ အိမ်မှာထားရင် မပြောကောင်းဆိုကောင်း မီးတွေဘာတွေ ရှို့ခံရမှာမျိုးဖြစ်မှာကြောက်တာ။ သူများလက်ထဲ( ဂိုဒေါင်ရှိသည့် စပါးပွဲစား သို့မဟုတ် ဆန်စက်ပိုင်ရှင်) သွားထားရင်လည်း ကိုယ်ရောင်းတဲ့အချိန်ဆို ကိုယ်လိုဈေးမရတော့ဘူး။ အဲဒါစဉ်းစားရခက်နေတယ်။
DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။