အမှတ် ၈ ပြည်ထောင်စုကားလမ်းမ၏ ရေး-ထားဝယ်လမ်းပိုင်းကို အရေးကြီးကိစ္စ တစ်စုံတစ်ရာမရှိပါက အသုံးမပြုကြရန် ယနေ့ ဇွန်လ ၉ ရက်တွင် ဒေါနစစ်ကြောင်းနှင့်မဟာမိတ်များက သတိပေးထုတ်ပြန်လိုက်သည်။
အသိပေးချက် ပြန်လည်မထုတ်ပြန်မီအချိန်အထိ အရေးကြီးကိစ္စမှအပ အသုံးမပြုရန် တောင်းဆိုသည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်း က အရပ်သားအသွင်ယူကာ အင်အားဖြည့်ခြင်း လုပ်ဆောင်နေသဖြင့် စစ်ရေးဖော်ဆောင်ရာတွင် အရပ်သားထိခိုက်မှုမရှိစေရန်အတွက် ကြိုတင်သတိပေးခြင်းဖြစ်သည်ဟု ဒေါနစစ်ကြောင်းကဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဒေါနစစ်ကြောင်းထံတယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသဖြင့် အဆက်သွယ်မရခဲ့ပေ။
” ဒီနေ့ညနေအထိကတော့ ခရီးသည်ကားရော ၊ ကုန်ကားရော သွားနေကြပါသေးတယ်။ မနက်ဖြန်ကတော့ ဘယ်လိုလာမလဲမသိဘူး ။ သူများတွေရဲ့အခြေအနေကြည့်သွားရမယ် ” ဟု ရန်ကုန်-ထားဝယ်ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဇွန် ၉ ရက် ညနေပိုင်းတွင်ပြောသည်။
လမ်းပိုင်းအခြေအနေနှင့်ပတ်သက်၍ ဇွန် ၇ ရက်က တိုက်ပွဲပြီးနောက် အခြေအနေပြန်ငြိမ်နေပြီး ကလိန်အောင်တံတားဂိတ်တွင်မူ အစစ်ဆေးတင်းကြပ်သည်ဟု ၎င်းကဆိုသည်။
တော်လှန်ရေးတပ်များဘက်ကမူ လမ်းပိုင်းတစ်လျှောက် တပ်ရင်းတပ်ဖွဲ့များဖြန့်ထားပြီး တန်ပြန်ထိုးစစ်ဆင်နိုင်ရန် စီစဉ်ထားပြီးဖြစ်၍ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်သည်ဟု ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီမောရဝတီရေတပ်က လက်နက်ကြီး စတင်ပစ်ခတ်ခဲ့ပြီးနောက် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့သည်။ စစ်ကောင်စီလက်နက်ကြီးကြောင့် လသားကလေးငယ်အပါအဝင် မိသားစုဝင်လေးဦးသေဆုံးပြီး အရပ်သား ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။
မွန်နှင့်တနင်္သာရီတော်လှန်ရေး အင်အားစုများက ရေး-ထားဝယ်လမ်းပိုင်းကို မတ်လကစ၍ နယ်မြေစိုးမိုးထားခြင်းကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် ဇွန်လ ၃ ရက်မှစ၍ မလွှဲတောင်သို့ဦးတည်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဒေသခံများထံကသိရသည်။
တော်လှန်အင်အားစုများ နယ်မြေစိုးမိုးထားချိန်တွင်လည်း လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဒေါနတပ်ခွဲ ၇ ကတပ်ခွဲမှူးကျဆုံးကာ အရပ်သားထိခိုက်မှုရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များ၏ မှတ်တမ်းအရသိရသည်။