BREAKING
April 17, 2025

သရက်ချောင်းတွင် KNLA နှင့် PDF အချင်းချင်းပစ်ခတ်မှု PDF ရဲဘော်နှစ်ဦးသေဆုံး

April 9, 2025

ပုံစာ - ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပနေစဉ်(ပုံဟောင်း) ဓာတ်ပုံ - ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း

သရက်ချောင်းမြို့နယ်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA၊ တပ်ရင်း (၁၂) လက်အောက်ခံတပ်ဖွဲ့နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF အမှတ် (၂) တပ်ရင်းတို့ အချင်းချင်းပစ်ခတ်မှုတွင် PDF ရဲဘော်နှစ်ဦးသေဆုံးကြောင်း နှစ်ဖက်တပ်ဖွဲ့ထံမှ သိရသည်။

ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဝင်းဝနယ်မြေရဲစခန်းကို တိုက်ခိုက်ရန်ကြိုတင်ရောက်ရှိနေသည့် KNLA တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့နှင့် နောက်မှ ယင်းနေရာသို့ ဝင်လာသည့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေး-PDF အမှတ် (၂) တပ်ရင်း လက်အောက်ခံတပ်ဖွဲ့တို့ ဧပြီလ ၆ ရက် ည ၉ နာရီခွဲခန့်တွင် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချိတ်ဆက်မှုအားနည်းချက်ကြောင့် မှားယွင်းပစ်ခတ်မိကြခြင်းဖြစ်ပြီး အဆိုပါပစ်ခတ်မှုတွင် PDF ရဲဘော် နှစ်ဦးသေဆုံးကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF အမှတ် (၂) တပ်ရင်းမှူး မင်းသားကြီးက အတည်ပြု ပြောဆိုသည်။

“ရှေ့မှာသူတို့ရောက်နေတာကို ကျွန်တော်တို့လည်း မသိဘူးပေါ့နော်။ အဲဒီမှာ နည်းနည်းလွဲချော်တာမျှပဲ။ ကျွန်တော်ကတော့ မှားယွင်းပစ်ခတ်မှုလို့ပဲ ယူဆတယ်။ တဖက်မှာ တခြားအဖွဲ့ကရှိနေတဲ့အချိန်မှာ တစ်ဖက်အဖွဲ့ကလည်း မသိဘူး။ ကျွန်တော် တို့ကို ရန်ပြုတယ်လို့ မယူဆဘူး။ တစ်ဖက်နဲ့ တစ်ဖက်ရှိနေတာကို မသိလို့ဖြစ်တယ်လို့ပဲယူဆတယ်” ဟု ၎င်းက ပြောသည်။

ဝင်းဝနယ်မြေရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့နေစဉ် အဖွဲ့တစ်ဖွဲ့ရောက်လာပြီး မည်သည့်အဖွဲ့ဖြစ်သည်ကို မသိသဖြင့် ပစ်ခတ်မှုဖြစ်ခဲ့ခြင်းသာဖြစ်ကြောင်း KNLA တပ်ရင်း ၁၂၊ တပ်ခွဲ ၂ ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး ဖိုးသောကြာ (ခေါ်) စောဘဦးသစ်က ဆိုသည်။

“ကျွန်တော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ ကျွန်တော်တို့က အကြိမ်ကြိမ်သတိပေးတယ်၊ မေးတယ်လေ။ ကိုယ့်လူလား သူ့လူလား၊ ဘယ်အဖွဲ့ကလဲဆိုတာ မေးတယ်လေ။ သူတို့တွေက မဖြေဘဲနဲ့ ကျွန်တော်တို့ကို ပစ်တာကိုး။ သူတို့ အရင် စပစ် တယ်လေ။ ကျွန်တော်တို့ကိုပစ်လို့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ ပြန်ပစ်တာလောက်ပဲ၊ တကယ်ပစ်ရင် အကုန်လုံးသေပြီပေါ့” ဟု ၎င်းက ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်သည့်နေရာမှာ ဝင်းဝနယ်မြေရဲစခန်းအနီးဝန်းကျင်တွင်ဖြစ်ပြီး PDF တပ်ရင်း (၂) ဘက်က ရဲဘော်နှစ်ဦး သေဆုံးကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်ပြီး KNLA တပ်ရင်း (၁၂) တပ်ရင်းမှူးကို တင်ပြထားကြောင်း စောဘဦးသစ်က ပြောဆိုပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်-PDF တပ်ရင်း(၂) တပ်ရင်းမှူး မင်းသားကြီးကလည်း တနင်္သာရီတိုင်း စစ်ဌာနကို တင်ပြထားကြောင်း ပြောဆိုသည်။

အထက်ပါဖြစ်ရပ်ကို သက်ဆိုင်ရာ နှစ်ဖက်တာဝန်ရှိသူအချင်းချင်း မည်သို့ဆက်လက်လုပ်ဆောင်မည်ကို မသိရသေးသလို အောက်ခြေတပ်ဖွဲ့အချင်းချင်းကြားတွင်လည်း ညှိနှိုင်းဆွေးနွေးပြောဆိုမှု မရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

၂၀၂၄ နှစ်ကုန်ပိုင်းကလည်း ကစယ်ဒိုကျားအထူးတပ်ဖွဲ့က သရက်ချောင်းနယ်မြေတွင်းက စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်ရန်သွားစဉ် ထားဝယ်ခရိုင် PDF တပ်ရင်း(၂)က တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်စခန်းကို ဦးစွာ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းဖြင့် ပစ်ခတ်သဖြင့် ကစယ်ဒိုကျားအထူးတပ်ဖွဲ့ဘက်က ၎င်းတို့စစ်ဆင်ရေးကို အနှောင့်အယှက်ပေးသည်ဟုဆိုကာ တဖက်သတ် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

အထက်ပါဖြစ်စဉ်အပြီးတွင် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုကို နှောင့်ယှက်သည်ဟုဆိုကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်စွဲဖြင့် ကစယ်ဒိုနယ်မြေအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များအားလုံး သိရှိလိုက်နာရန်ဆိုပြီး စောဘဦးသစ်၏ လက်ရေးမူနှင့် ကြေညာချက်တစ်စောင့် ထုတ်ခဲ့သည်။

ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ စစ်ရေးလမ်းကြောင်းပေါ်တွင် ဆက်လက်နှောင့်ယှက်ပါက မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဧပြီလ ၆ ရက်ညပိုင်းက အချင်းချင်းပစ်ခတ်မှုဖြစ်ပြီးနောက် စောဘဦးသစ်က အထက်ပါ ထုတ်ပြန်ချက်ကို ဧပြီလ ၉ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ထပ်မံတင်ထားသည်ကို တွေ့ရသည်။