အစ္စရေး – ဟားမတ် စစ်ပွဲဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများအတွက် ယာယီခိုလှုံခွင့် ကမ်းလှမ်းမည်ဖြစ်ကြောင်းအင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ယနေ့ ဧပြီလ ၉ရက်တွင် ပြောသည်။
“ထိခိုက်ဒဏ်ရာရထားသူတွေ၊ စိတ်ဒဏ်ရာရနေသူတွေနဲ့ မိဘမဲ့ကလေးတွေအတွက်သာ သူတို့သာ ဆန္ဒရှိတယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံကို ကယ်ထုတ်သွားဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ သူတို့ကို သယ်ပို့ဖို့ လေယာဉ်တွေ လွှတ်ပေးဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ပြောင်းရွှေ့ရေး အစီအစဉ်များကို ပါလက်စတိုင်းအာဏာပိုင်များနှင့် ချက်ချင်းဆွေးနွေးရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ပါလက်စတိုင်းပြည်သူဦးရေ ၁၀၀၀ ပါဝင်သည့် ပထမအသုတ်ကို ပထမဆုံး ရွှေ့ပြောင်းပေးရန် အဆင်သင့်ဖြစ်ပြီဟု သမ္မတဆူဘီယန်တိုက ဆိုသည်။
အဆိုပါ ပထမအသုတ်ကို ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများမှ အပြည့်အဝ ပြန်သက်သာလာပြီး ဂါဇာတွင် စိတ်ချလုံခြုံဘေးကင်းသည့် အခြေအနေရောက်သည်အထိ အင်ဒိုနီးရှားတွင် လက်ခံပေးထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဂါဇာပဋိပက္ခကို အဖြေရှာရေးတွင် အင်ဒိုနီးရှားနိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် အခြားနိုင်ငံများက တောင်းဆိုထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ဒါက ရှုပ်ထွေးတဲ့ အရာတစ်ခုပါ။ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဒါက အင်ဒိုနီးရှားအစိုးရအနေနဲ့ ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တွန်းအားဖြစ်စေတယ်” ဟု ဆူဘီယန်တိုက ဆိုသည်။
အင်ဒိုနီးရှားသမ္မတက ၎င်း၏ ရက်သတ္တပတ်အကြာ အရှေ့အလယ်ပိုင်းခရီးစဉ် မစတင်မီ ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ သမ္မတဆူဘီယန်တို၏ အရှေ့အလယ်ပိုင်းခရီးစဉ်တွင် အဘူဒါဘီ ၊ တူကီ ၊ အီဂျစ် ၊ ကာတာနှင့် ဂျော်ဒန်တို့ ပါဝင်သည်။
ကမ္ဘာ့လူဦးရေအများဆုံး မွတ်ဆလင်လူများစုနိုင်ငံ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ပါလက်စတိုင်းဘက်မှ အချိန်ကြာမြင့်စွာကတည်းက ခိုင်ခိုင်မာမာ ထောက်ခံလာခဲ့သည့် နိုင်ငံတစ်ခု ဖြစ်သည်။
Source: Associated Press