ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု ကျောက်တန်းငယ်ကျေးရွာရှိ ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေချိန် နေအိမ်များတွင် တပ်ထားသော ဆိုလာပြားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျုစောထီးများ ဖြုတ်ယူခိုးသွားကြောင်း ဒေသခံများထံမှရသည်။
မန်းကြီးမြစ်ကြောင်းအတိုင်း ရှော်တောမော် ကျေးရွာဘက်စစ်ကြောင်းထိုးလာသည့် စစ်သင်္ဘောတစ်စီးနှင့် ပျူစောထီးများ စီးနင်းလိုက်ပါလာသည့် သားပေါက်လှေ(စက်လှေ)တစ်စီး ဧပြီလ ၄ ရက်နေ့က ကျောက်တန်းငယ်ကျေးရွာတွင် ဆိုက်ကပ်ပြီးနောက် နေအိမ်ရှိ ဆိုလာပြားများကို ခိုးယူသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့နှင့် ကျွန်းစုပကဖထံမှ သိရသည်။
“စစ်ကြောင်းထိုးလာတယ်ကြားတော့ ပြည်သူတွေရှောင်တိမ်းနေကြတာဗျ။ သူတို့ (စကစ) ကျောက်တန်းငယ်ရွာကို ရောက်လာတယ်။ ဘယ်လိုပုံစံနဲခိုးသွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း အသေးစိတ်မသိဘူးဗျ”ဟု ကျွန်းစု မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဝန်တောင်ကျေးရွာရှိ Mytel တာဝါတိုင်ဖျက်ဆီးခံရပြီးကတည်းက ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျေးရွာ အချို့တွင် ဖုန်းလိုင်းပြတ်တောက်သွားသဖြင့် ဆက်သွယ်ရေး အခက်အခဲများရှိသဖြင့် ခိုးယူခံရသည့် ဆိုလာပြားအရေအတွက်ကို အတိအကျ မသိရကြောင်း ၎င်းက ဆိုသည်။
“ဝန်တောင်မှာ တိုက်ပွဲဖြစ်ပြီးကတည်းက ရွာတွေဘက်ကို ခဏခဏ စစ်ကြောင်းထိုးပြီးဝင်လာတယ်။ ရွာသားတွေလည်း သတင်းကြားတာနဲ့ ရွာထဲမနေရဲကြတော့ဘူး။ သူတို့ ခိုးဖို့ အခွင့်အရေးရတာပေါ့ဗျာ”ဟု ဘဒ္ဒနဲကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ်အတွင်း အင်အားဖြည့်စစ်ကြောင်းထိုးနေသဖြင့် ဧပြီလ ၅ ရက်နေ့ကစပြီး မြစ်ချောင်းအချို့တွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ သွားလာခြင်းမလုပ်ရန် ကျွန်းစု ပကဖ က သတိပေးချက် ထုတ်ပြန်ထားသည်။