ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ က တိုက်ပြိုကျမှုတွင် သေဆုံးသူများအား DNA စစ်ဆေးရန် ကူညီဆောင်ရွက်ပေးနေသည့် ထိုင်း-မြန်မာစကားပြန်/ဘာသာပြန်များအသင်း (TMIA) ၏ တာဝန်ရှိသူနှင့်တွေ့ဆုံမေးမြန်းခြင်း
ငလျင်ကြောင့် ဘန်ကောက်ရှိ ဆောက်လက်စ အထပ်မြင့်အဆောက်အအုံပြိုကျမှုတွင် ပိမိပျောက်ဆုံးသူများ၏ အတည် မပြုနိုင်တော့သည့် ရုပ်အလောင်းများအား မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ကျန်ရစ်သည့် မိသားစုဝင်များနှင့် မျိုးရိုးဗီဇ (DNA) တိုက်ဆိုင်စစ်ဆေးခြင်းကို ဆောက်ရွက်နေသည်။ ထိုမှသာ မိသားဝင်များက သင်္ဂြိုဟ်ပေးနိုင်မည်၊ ကောင်းမှု ကုသိုလ်များ လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။
အဆိုပါ DNA စစ်ဆေးခြင်းသည် ပျောက်ဆုံးနေသူများနှင့် မိသားစုအတွက် နောက်ဆက်တွဲ ရပိုင်ခွင့်နှင့် အခွင့်အရေးများ အတွက်အရေးပါပုံ၊ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက DNA စစ်ဆေးခြင်းကို မည်သို့ လုပ်ဆောင်ရမည်၊ ဆွေမျိုးသားချင်းမှာ မြန်မာနိုင်ငံတွင် ရှိနေပါက မည်သို့လုပ်ဆောင်ရမည် စသည်တို့ကို DNA စစ်ဆေးရန် မှတ်တမ်းယူနေသည့်နေရာတွင် ထိုင်း-မြန်မာ စကားပြန်အဖြစ် ကူညီဆောင်ရွက်ပေးနေ သည့် ထိုင်း-မြန်မာစကားပြန်/ဘာသာပြန်များအသင်း (TMIA) ၏ တာဝန်ရှိသူကို Dawei Watch က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
DW ။ အဆောက်အအုံ ပြိုကျတဲ့ဖြစ်စဥ်မှာ ပျောက်ဆုံးနေသူတွေအတွက် အတည်ပြုနိုင်ဖို့ မိသားစုဝင်တွေက DNA စစ်ဆေးတဲ့ လုပ်ငန်းစဥ်က ဘယ်လောက်အထိ အရေးကြီးလဲ။
ဖြေ ။ DNA စစ်ဆေးတဲ့လုပ်ငန်းစဥ်က ဘယ်လောက်အထိ အရေးကြီးသလဲဆိုတော့ ဆွေမျိုး မိသားစုဖြစ်ကြောင်း၊ ညီအစ်ကိုမောင်နှမဖြစ်ကြောင်းပေါ့နော်၊ လုံးဝ သက်သေအတိအကျနဲ့ တိုက်ဆိုင်စစ်ဆေးလို့ရတဲ့ အချက်ဖြစ်တယ်။ နောက်ဆက်တွဲ ထောက်ပံ့မှုတွေ၊ နစ်နာကြေးတွေ ရရှိခံစားနိုင်စေဖို့အတွက် အဓိက ဖြစ်တယ် ။ နောက်တစ်ခုက တကယ်လို့ ပြန်တွေ့ခဲ့ရင် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် မမှတ်မိတော့ဘူးဆိုရင်တောင်မှ ဒါက ငါ့ရဲ့ မိသားစုဝင်ဖြစ်တယ်။ ငါ့ရဲ့ ညီအစ်ကိုမောင်နှမဖြစ်တယ်ဆိုတာကို သိခွင့်ရမယ်။
DW ။ DNA စစ်ဆေးတဲ့လုပ်ငန်းစဥ်တွေက ဘယ်ရက်ကတည်းက စလုပ်နေကြတာလဲ။ ဘယ်လိုတွေလုပ်ဆောင်နေကြလဲ။
ဖြေ ။ DNA စစ်ဆေးပေးနေတာက မတ်လ ၃၁ ရက်နေ့လောက်ကတည်းကစပြီး စစ်ဆေးပေးနေတယ်။ ဘာမှ သေချာ ရေရာမှု မရှိတော့တဲ့၊ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေက ရုပ်ပျက်ဆင်းပျက် တွေဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ ဆွေမျိုးသားချင်းတွေက မိသားစုဝင် ဟုတ်မဟုတ် သိခွင့်ရအောင် ကြိုတင်ပြီးတော့ DNA စစ်ထားတွေ ရှိတယ်။ နံပါတ်တစ်အနေနဲ့ ပျောက်ဆုံးကြောင်း ရဲစခန်းမှာ အမှုဖွင့်ထားကြတယ်။ ကိုယ်ရဲ့ မိန်းမပါ၊ တူပါ၊ သားပါ၊ အစ်ကိုပါ၊ ညီပါ၊ မောင်နှမပါပေါ့နော်၊ အဲဒီလိုမျိုး ကိုယ်ပိုင်တိုင်ချက်ဖွင့်ထားတာလည်းရှိတယ်။ တိုင်ချက်ဖွင့်ပြီးရင် ဒေသ အုပ်ချုပ်ရေးမှူးရုံး မှာ စာရင်းလာပေးပြီးတော့ ထိုင်းရဲသိပ္ပံဌာနမှာ DNA သွားစစ်ထားကြတယ်။ ဒီကပြန်ရှာတဲ့အထဲမှာ အသက်ရှင်လျက် ပြန်တွေ့တယ်ဆိုရင်တော့DNA မလိုဘူးပေါ့။ အခုက အဆောက်အအုံပြိုကျရာမှာ အသက်ဆုံးရှုံးလိုက်ရတဲ့သူတွေက မမှတ်မိတော့ဘူး။ ရက်ကြာလာရင် ပိုဆိုးလာတယ်။ တချို့ဆို မျက်နှာတွေ ကောင်းကောင်းမွန်မွန် မရှိတော့ဘူး။ တစ်စစီလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်။ အဲဒါတွေအတွက် ကိုယ်တွေရဲ့ မိသားစုဝင်ထဲက သေဆုံးသူတွေကို ရိုးရာအတိုင်း သင်္ဂြိုဟ်ပေးဖို့၊ ကုသိုလ်ကောင်းမှု ပြုလုပ်ပေးဖို့ အတည်ပြုဖို့လိုတယ်။ အဲဒါမှ ကျန်ရစ်သူတွေလည်း စိတ်ချမ်းသာမှုရမယ်။ သေသေရှင်ရှင်ပေါ့လေ။ တကယ်လို့ အသက်ဆုံးရှုံးသွားပြီဆိုရင်တောင် ဒီအတိုင်း ဘာမှ မသိလိုက်ရဘဲ၊ အလောင်းပြန်မရဘဲ ပျောက်သွားတာမျိုးကတော့ ဘယ်သူမှ မလိုချင်ကြဘူးပေါ့နော်။ နောက်တစ်ခုက အခုနကပြောသလို ကျန်ရစ်တဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေအတွက် သေဆုံးသွားသူရဲ့ နစ်နာကြေး၊ ရသင့်ရထိုက်တာ ရဖို့ အထောက်အကူပြုမယ့် အဓိကအချက်ဖြစ်လို့ အဆောက်အအုံ ပြိုကျရာမှာ ပါသွားတယ်၊ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေတယ် ဆိုရင်တော့ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေက DNA က စစ်ကိုစစ်ထားသင့်ပါတယ်။
DW ။ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေက DNA စစ်ချင်တယ်ဆိုရင် ဘယ်လို ဆက်သွယ်ရမလဲ။ ဘာတွေလုပ်ရမလဲ။
ဖြေ ။ မိသားစုဝင်တွေက DNA စစ်ချင်တယ်ဆိုရင် အဲဒီမိသားစုဝင်က DNA တိုက်ဆိုင်စစ်ဆေးလို့ရမယ့် အနေအထားမှာ ရှိရမယ်။ မိသားစုအရင်း သွေးသားအရင်းဖြစ်ဖို့လိုတယ်။ သားသမီးဆိုလည်း သားသမီးအရင်း၊ ညီအစ်ကိုမောင်နှမ ဆိုရင်လည်း သွေးသားအရင်း ဖြစ်ဖို့လိုတယ်။ နံပါတ်တစ်အနေနဲ့ ပျောက်ဆုံးသူရဲ့ ဆွေမျိုးသားချင်းဖြစ်ကြောင်းနဲ့ ပျောက်ဆုံးနေကြောင်း ရဲစခန်းမှာ အမှုအရင်ဖွင့်ရမယ်။ တိုင်ချက်ဖွင့်ရာမှာတော့ ဆွေမျိုးအရင်းအချာဖြစ်ကြောင်း သက်သေအထောက်အထားရှိဖို့လိုတယ်။ ပြီးမှ အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွင်း မှတ်ပုံတင်၊ ပြီးရင် DNA စစ်လို့ရပါပြီ ။ လာဆက်သွယ်ချင်တယ်ဆိုရင် အခုပြိုကျတဲ့ အဆောက်အအုံရဲ့ အနားမှာရှိနေတဲ့ စာရင်းသွင်းမှတ်ပုံတင်ဌာနကို အရင်လာလို့ ရတယ်။ ထိုင်းစကားတတ်ရင် ပြောလို့ရတယ်။ တာဝန်ရှိသူတွေကိုမေးမြန်းလို့ရတယ်။ ထိုင်းစကား မတတ်ရင်လည်း ဒီဌာနမှာ ထိုင်းမြန်မာစကားပြန်ဘာသာပြန်အသင်းကိုလည်း အကူအညီတောင်းခံနိုင်တယ်။ ပျောက်ဆုံးသူရဲ့ ဆွေမျိုး အရင်းအချာဖြစ်ကြောင်း ခိုင်လုံတဲ့အထောက်အထားရှိရင် အခက်အခဲမရှိပါဘူး။ ကုန်ကျစရိတ်လည်း မရှိပါဘူး။ ဆက်သွယ် ရမှာကတော့ ဒီမှတ်ပုံတင်စာရင်းသွင်းတဲ့ တစ်နေရာတည်းမှာပဲ။ ဒီနေရာက ဖြစ်တဲ့အဆောက်အအုံ နဲ့ အနီးဆုံးနေရာမှာပဲ ဖြစ်တာကြောင့် လာဆက်သွယ်လို့ရပါတယ်။ တကယ်လို့ လုံးဝဘာမှ မလုပ်တတ်ရင်တော့ အခုပြောတဲ့ မှတ်ပုံတင် စာရင်းသွင်းတဲ့နေရာကိုအရင်လာလိုက်ပါ။ စေတနာဝန်ထမ်း စကားပြန်တွေက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပေးပြီး လုပ်ရမယ့်ဟာတွေ ဆက်လုပ်ပေးသွားပါလိုက်မယ်။ ဒီတစ်နေရာတည်းမှာပဲ အကုန်ပြီးပါတယ်။ One stop service ပါ။
DW ။ ပျောက်ဆုံးနေကြောင်း လာစာရင်းပေးပြီး DNA စစ်ဆေးဖို့ လာဆက်သွယ်တဲ့ မြန်မာမိသားစု ဘယ်လောက်ရှိပြီလဲ။
ဖြေ ။ ကျွန်တော်တို့က စကားပြန်တာဝန်ယူရတဲ့အတွက် စာရင်းအရေအတွက်ကိုတော့ မလုပ်ရဘူးပေါ့နော်။ နေ့တိုင်းနီးပါး ကတော့ မြန်မာမိသားစုတွေ လာဆက်သွယ်နေတာရှိတယ်။ နေ့တိုင်း နှစ်ယောက်၊ သုံးယောက်တော့ ရှိတယ်။ လောလောဆယ်အထိ မိသားစု လာမဆက်သွယ်ထားသေးတဲ့ မြန်မာလူမျိုး အမည်စာရင်းက ၁၈ ယောက်ရှိနေတယ်။ ထိုင်း-မြန်မာ စကားပြန်/ဘာသာပြန်အသင်းရဲ့ လူမှုကွန်ရက်မှာလည်း အမည်စာရင်းတင်ထားပါတယ်။ အမျိုးတွေ၊ မိသားစုတွေ ပါရင် လာဆက်သွယ်ကြပါ။ အခုက လာဆက်သွယ်ထားတဲ့သူ ဆယ်ယောက်ကျော်ပဲရှိသေးတယ်။ DNA စစ်ထားသူလည်း အဲဒီအရေအတွက်လောက်ပါပဲ။ အထဲမှာ ပိတ်မိနေတာက ၇၀ ကျော်လောက်ရှိသေးတယ် ။ သူဌေး (ပြိုကျ အဆောက် အအုံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်) က လာပေးထားတဲ့စာရင်းနဲ့ ပျောက်ဆုံးသူတွေရဲ့ မိသားစုတွေ လာပေးထားတဲ့ စာရင်းအရပေါ့နော်။ ဘယ်လောက်များပြီး ဘယ်လောက်ကျန်သေးလဲ ဆိုတာကတော့ အတိအကျ ပြောမရသေးဘူး ။ သူဌေးတွေ လုပ်ငန်းရှင်တွေကလည်း အတိအကျပြောချင်မှပြောလိုက်မယ်။ အဲဒါကြောင့် သူတို့ဘက်က အကြောင်းကြားကြား မကြားကြား ကိုယ့်ဆွေမျိုးသားချင်း တစ်ယောက်ယောက်ပါနေတယ်ဆိုရင်တော့ လာပြီး အကြောင်းကြားနိုင်ပါတယ်။ တရားဝင်တာတွေ တရားမဝင်တာတွေက ဥပဒေပိုင်းအရတော့ ကြည့်ပြီး ကူညီပေးလို့ ရပါတယ်။ ဘာမှမကြောက်ပါနဲ့။ ရသင့်ရထိုက်တာကို ရအောင်တော့ကူညီပေးပါမယ်။ ထိုင်းအစိုးရ ဘက်ကလည်း လမ်းဖွင့်ပေးထားပါတယ်။
DW ။ ပျောက်ဆုံးသူ ရဲ့ မိသားစုက ထိုင်းမှာမရှိဘူး။ လာဖို့လည်း အဆင်မပြေဘူး။ အဲဒီလို အခက်အခဲရှိနေတယ်ဆိုရင်ရော မြန်မာပြည်ကနေ မိသားစုက ဘယ်လိုလုပ်ဆောင်ရွက်ထားလို့ရလဲ။
ဖြေ ။ မြန်မာနိုင်ငံက မိသားစုဝင်တွေအနေနဲ့က အခုထိုင်းမှာရှိ ဆွေမျိုးအရင်းအချာ တစ်ယောက်ယောက်ကို ဆက်သွယ် ထားပါ။ ဆွေမျိုးတွေလည်း လုံးဝမရှိရင်တော့ သူငယ်ချင်း ၊ မိတ်ဆွေတစ်ယောက်ယောက်နဲ့ စုံစမ်းမေးမြန်းထားပါ။ အချက်အလက်လာပေးထားပါ။ မြန်မာပြည်မှာ သူ့မိသားစုရှိနေတယ်။ တကယ်လို့ လာမရရင် ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာ လာတိုင်ပင်လို့ရတယ်။ အနည်းဆုံးတော့ အကြောင်းကြားထားပေးပါ။ အချိတ်အဆက်ရှိထားတယ်ဆိုတဲ့ပုံစံနဲ့ အကြောင်းကြားပေးပါ။ အများစုကတော့ ညီအစ်ကိုမောင်နှမ ရှိသူဆိုရင်တော့ ကိုယ်တိုင်လာအကြောင်းကြားပြီး လုပ်စရာရှိတာ ဆက်လုပ်သွားလို့ရတယ်။ အခုနကပြောသလိုမျိုး မြန်မာပြည်ကနေ လာလို့အဆင်မပြေသေးဘူးဆိုရင်လည်း မိသားစုနဲ့အဆက်အသွယ်လုပ်ထားပြီး DNA ကို စစ်ထားလို့ရတယ်။ အနည်းဆုံးကတော့ အကြောင်းကြားထားလို့ပဲ တိုက်တွန်းပါတယ် ။
DW ။ ဖြည့်စွက်ပြောကြားလိုတာပြောပေးပါ။
ဖြေ ။ တရားဝင်ဝင် ၊ တရားမဝင်ဝင် ဘယ်သူဖြစ်ဖြစ် ဘယ်ဝါဖြစ်ဖြစ် မကြောက်ပါနဲ့။ လာပြီး စာရင်းပေးပါ။ သက်ဆိုင်ရာကို စုံစမ်းအကြောင်းကြားပါ။ အဲဒါမှလည်း ရှေ့ဆက်ပြီး ဘယ်သူဘယ်ဝါလဲဆိုတာ သိခွင့်ရမှာဖြစ်သလို ကိုယ့်ရဲ့ အခွင့်အရေး၊ သေဆုံးသွားသူတွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးမှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အရေးကြီးပါတယ်။ အဆောက်အအုံပြိုကျမှုမှာ ပါနေခဲ့ရင် မဖြစ်မနေ လာရောက် ဆက်သွယ်အကြောင်းကြားပေးကြပါလို့ ဖြည့်စွက်ပြောကြား လိုပါတယ်။
DW ။ ကျေးဇူးတင်ပါတယ်။