ဘုတ်ပြင်းမြို့နယ်တွင် သီဟိုဠ်စေ့ ဈေးကောင်းရနေသော်လည်း အထွက်နည်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
သီဟိုဠ်စေ့ဈေးနူန်းမှာ ယမန်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်လာပြီး လက်ရှိတွင် သီဟိုဠ်စေ့တစ်ပိဿာလျှင် ကျပ်ခုနှစ်ထောင်ဝန်းကျင် ဈေးပေါက်နေသည်။
ပြီးခဲ့သည့်နှစ်ကမူ တစ်ပိဿာလျှင် ကျပ်လေးထောင်ဝန်းကျင်သာရှိကြောင်း တောင်သူအချို့က ဆိုသည်။
သီဟိုဠ်စေ့ဈေးကောင်းရနေသော်လည်း ယခုနှစ် သီဟိုဠ်ပန်းပွင့်ရာသီတွင် ရာသီဥတုကြောင့် ပန်းပွင့်အကြွေများသဖြင့် အသီးထွက်နှုန်းနည်းရခြင်းဖြစ်ကြောင်း မနိုးရုံးကျေးရွာနေ တောင်သူတစ်ဦးက ဆိုသည်။
“မိုးရွာလိုက် နေပူလိုက်နဲ့ ရာသီဥတုက မမှန်ဘူး။ပန်းပွင့်တဲ့အချိန်မှာ ပန်းတွေက နေပူအရှိန် ပြင်းတာရော မိုးကြမ်းတာရောကြောင့် ကြွေကုန်ရောဗျာ။ဒီနှစ်တော့ သုံးပုံ တစ်ပုံလောက်ပဲ အသီးတင်တယ်”ဟု ၎င်းကပြောသည်။
ရာသီဥတု မူမမှန်သဖြင့် ပြီးခဲ့သည့်နှစ်က သီဟိုစေ့ပိဿာချိန် ၄၀၀ ခန့်ရနေပြီဖြစ်သော်လည်း ယခုနှစ်တွင်မူ ပိဿာချိန်၂၀၀ ပင်မပြည့်သေးကြောင်း အထက်ပါတောင်သူက ဆိုသည်။
ဘုတ်ပြင်းမြို့နယ်အပြင် မြိတ်၊တနင်္သာရီ နှင့် အခြားမြို့နယ်များတွင်လည်း သီဟိုဠ်စေ့ ဈေးကောင်းရနေသော်လည်း အထွက်နည်းနေသည်။
“မိုးဖျက်လို့ ပန်းတွေကြွေပြီး အသီးကင်း(ငယ်)တွေက မဲကုန်တယ်” ဟုဘုတ်ပြင်းမြို့နယ် ဘန်ဂလားကျေးရွာအုပ်စုနေ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
သီဟိုဠ်စေ့၏ အခွံနှင့်အသား သီးခြားစီခွဲထုတ်ပြီး သီဟိုဠ်စေ့အခွံကို လောင်စာအဖြစ်အသုံးပြုပြီး အတွင်းသားကို စားသုံးရန် ပြည်တွင်းနှင့် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ရောင်းချကြသည်။