BREAKING
April 17, 2025

ခဲလုပ်ကွက်များကြောင့် တနင်္သာရီထွက် ရေချိုခရု ရှားပါးလာ

April 9, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ခဲလုပ်ကွက်များကြောင့် ယခုနှစ်တွင် ရေချိုခရုရှားပါးလာပြီး ဈေးမြောက်လာကြောင်း ခရုငုပ်ဖမ်းဆီးသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။

ခဲလုပ်ကွက်များ များလာသည့်အတွက် တနင်္သာရီမြစ်နှင့် အခြားမြစ်ချောင်းများတွင် ရေနောက်ကျိလာပြီး ရေချိုခရုဖမ်းဆီးရမိမှု လျော့ကျသွားခြင်းဖြစ်ကြောင်း အသက် ၃၀ အရွယ် ခရုငုပ်ပြီး ဖမ်းဆီးနေသူတစ်ဦးက ဆိုသည်။

တနင်္သာရီမြို့နယ်ရှိ ဘန်းသဲ၊ ကျောက်မီးကျောင်း၊ မြေမအုံ၊သကျက်ချောင်းဝ စသည့်ကျေးရွာများမှ ထွက်ရှိသည့် ရေချိုခရုများရှားပါးလာခြင်းဖြစ်သည်။

အာဏာသိမ်ပြီးနောက်ပိုင်း အဆိုပါဒေသတွင် ခဲလုပ်ကွက်များလာပြီး တနင်္သာရီမြစ်နှင့် မြို့နယ်အတွင်းရှိ မြစ်ချောင်းတစ်လျှောက် နောက်ကျိနေသည့် ရေစီးဆင်းလာပြီး ရေချိုခရုရှားပါးလာခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။

ရေချိုခရုမှာ နှစ်စဉ်တပေါင်းလနှင့်တန်ခူးလတွင် ရှာဖွေဖမ်းဆီးရမိလေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

”ခဲမိုင်း ရေနောက်တွေ ကျ(စီးဆင်း)ပြီးတော့ ရှားကုန်တာ။ သူက ရေကြည်နေရာမှာပဲ ရှိတယ်” ဟု ခရုဖမ်းဆီးနေသည့် အမျိုးသားက ပြောသည်။

ခရုကို နံနက် ၇ နာရီဝန်းကျင် မှ ညနေ၄နာရီအထိ ရှာဖွေဖမ်းဆီးလေ့ရှိပြီး ပြီးခဲ့သည့်နှစ်များက တစ်ရက်လျှင် နို့ဆီဘူး ၁၀၀ ဝန်းကျင်ရရှိပြီး ယခုနှစ်တွင် ၂၅ ဘူးဝန်းကျင်သာ ရတော့ကြောင်း အသက်၂၀ အရွယ် အမျိုးသမီးတစ်ဦး ကဆိုသည်။

”အရင်နှစ်တွေကဆိုရင် ရေတိမ်တွေမှာရှိတယ်။အခုက ရေတိမ်တွေမှာ မရှိတော့ဘူး။ အများဆုံးရှိကြတာက ကျောက်တုံးကြားတွေမှာစိုက်ပြီး နေနေကြတာများတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က ခရုနို့ဆီဘူးတစ်ဘူးလျှင် ၁၅၀၀ ကျပ်သာရှိရာက လက်ရှိတွင် ခရုရှားပါးလာသဖြင့် တစ်ဘူးလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ငါးနှစ်ခန့်က တကူကျေးရွာရှိ တနင်္သာရီမြစ်အတွင်း သောင်ထွန်းရာ နေရာများတွင် ရေချိုခရုရှိသော်လည်း တနင်္သာရီမြစ် ချောင်းဖျားဒေသရှိ ရွှေလုပ်ကွက်များကြောင့် ခရုများမရှိတော့ကြောင်း အသက် ၄၅ နှစ်အရွယ် တကူဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရေချိုခရုအရနည်းလာသဖြင့် ဒေသတွင်းနေသူများသာ အဓိကစားသောက်ကြပြီး အခြားဒေသများသို့ ပြန်လည်ရောင်းချရန် လုံလောက်မှုမရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။