ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ်လ ၂၈ ရက်က မြေငလျင်ကြောင့် ဆောက်လက်စအထပ်မြင့် အဆောက်အအုံ ပြိုကျမှုတွင် ပျောက်ဆုံးသွားသည့် မြန်မာ ၂၀ ခန့်၏ မိသားစုဝင်များ လာရောက်ဆက်သွယ်ခြင်းမရှိ၍ အဆက်အသွယ်မရသေးဟု သိရသည်။
အဆောက်အအုံပြိုကျရာတွင် ပျောက်ဆုံးနေသူများအနက် မိသားစုက စာရင်းပေးသွင်း ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၈ ဦးရှိကြောင်း ထိုင်း-မြန်မာ စကားပြန်/ဘာသာပြန်များအသင်း(TMIA) ထံမှသိရသည် ။
အဆိုပါ မြန်မာနိုင်ငံသား ၁၈ ဦး ၏ အမည်စာရင်းကို TMIA ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားကြောင်း၊ ၎င်းတို့၏မိသားစု၊ သူငယ်ချင်းများနှင့် သက်ဆိုင်သူများ သိရှိကာလာရောက် အကြောင်းကြားပြီး ရသင့်ရထိုက်သော ထောက်ပံ့မှုများ ရယူနိုင်ရန် TMIA ကိုဆက်သွယ်အကူအညီ တောင်းနိုင်ကြောင်း ၎င်းကဆိုသည် ။
ပြိုကျသည့် အဆောက်အအုံအနီးတွင်ဖွင့်လှစ်ထားသည့် မှတ်တမ်းကောက်ယူရေးဌာနတွင် ဧပြီလ ၈ ရက်အထိ လာရောက်ဆက်သွယ်စာရင်းပေးပြီး မျိုးရိုးဗီဇ(DNA) စစ်ဆေးခြင်းပြုလုပ်ပြီးသည့် မြန်မာနိုင်ငံသား ဆယ်ဦးကျော်ရှိသည်ဟု TMIA မှ တာဝန်ရှိသူ တစ်ဦးကပြောသည် ။
လာရောက်စာရင်းသွင်း၍ DNA စစ်ဆေးပြီး စောင့်ဆိုင်းနေသည့် ဆယ်ဦးကျော်တွင် ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ဥဿရံရွာမှ ဦးကြည်သန်း(ခ)ဦးသားကြီးနှင့် သားဖြစ်သူကိုကျော်ထက်(ခ)ကိုကိုထက် တို့၏ မိသားစုဝင်များလည်း ပါဝင်ပြီး ရှာဖွေနေသည်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ကာယကံရှင်မိသားစုထံမှသိရသည်။
အပျက်အစီးများအောက်တွင် ပိတ်မိနေပြီး ပျောက်ဆုံးနေဆဲ အလုပ်သမားများတွင် ထိုင်းအလုပ်သမား ၅၅ ဦး၊ မြန်မာအလုပ်သမား ၂၄ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃ ဦးနှင့် လာအိုအလုပ်သမား ၁ ဦးတို့ ပါဝင်ကြောင်း ဧပြီလ ၁ ရက်တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ယနေ့ ဧပြီလ ၉ ရက် နေ့လယ်ပိုင်းအထိ စာရင်းအရ သေဆုံးကြောင်း အတည်ပြုပြီးသူ ၂၂ ဦး ၊ ဒဏ်ရာရသူ ၉ ဦး နှင့် ပျောက်ဆုံးနေသူ ၇၂ ဦးဆက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည် ။
အဆောက်အအုံပြိုကျရာတွင်ပါဝင်သွား၍ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသား မိသားစုဝင်များအနေဖြင့် အတည်ပြုနိုင်ရန်နှင့် နောက်ဆက်တွဲ အကူအညီများ ရယူနိုင်ရန် DNA စစ်ဆေးရန်အတွက် မှတ်တမ်းကောက်ယူရေးဌာနတွင် စေတနာ့ဝန်ထမ်း ဘာသာပြန်များ၏ အကူအညီရယူ၍ ဆက်သွယ်အကြောင်းကြားစာရင်းပေးကြရန် TMIA ကတိုက်တွန်းထားသည် ။