BREAKING
April 13, 2025

ရနောင်းတွင် ပေါက်ကွဲစေတတ်သည့် သတ္တုအမှုန့်များ သယ်လာသဖြင့် မြန်မာငါးဖမ်းလှေဖမ်းဆီးခံရ

April 9, 2025

ဓာတ်ပုံ - Navy 3

ထိုင်း-မြန်မာနယ်စပ် ရနောင်းရေပိုင်နက်ထဲတွင် ပေါက်ကွဲစေတတ်သော ဓါတုသတ္တုအမှုန့်များ သယ်ဆောင်လာသော မြန်မာငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးရမိကြောင်း အမှတ် ၃ ထိုင်းရေတပ်က ထုတ်ပြန်သည်။

ဧပြီလ ၈ ရက် နံနက် ၉ နာရီခန့်က ရနောင်းခရိုင်အတွင်းရှိ ကော့ချန်းကျွန်းအနီးတွင် မြန်မာငါးဖမ်းလှေတစ်စီး ဝင်ရောက်လာသဖြင့် ရေတပ်က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

လှေပေါ်တွင် ဓါတုသတ္တုအမှုန့်ပေါင်း ၇၉ တန်ခန့် (၇၉၀၀၀ ကီလို) သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။

လှေသမားများက ရနောင်းသို့ ကုန်ပစ္စည်းများပို့ရန် ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့သယ်ဆောင်လာသော ပစ္စည်းများသည် သံဖြူ (Tin)ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ဖော်ပြသည်။

သို့သော်လည်း စစ်ဆေးစဉ် လှေပေါ်တွင် ပါလာသော ပစ္စည်းများသည် HT Li (Lithium ဓါတ်ပေါင်း) များဖြစ်နေပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုနိုင်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ၎င်းတို့သယ်ယူခွင့်မရှိသော ပစ္စည်းများကို သယ်ဆောင်လာသဖြင့် လှေကို အာဏာပိုင်များက ရနောင်းဆိပ်ကမ်းသို့ ဖမ်းဆီးခေါ်ယူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားအရေအတွက်ကို ဖော်ထားပြခြင်းမရှိသဖြင့် မသိရသေးပေ။

ဓါတ်ပုံမှတ်တမ်းအရ ဖမ်းဆီးခံရသူ ၅ ဦးနှင့်အထက် ရှိနေပြီး ၎င်းတို့ကို ဥပဒေအရ ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။