BREAKING
April 13, 2025

KIA နှင့် TNLA အငြင်းပွားမှု နှစ်ဖက်ဆွေးနွေးမှုစတင်

April 9, 2025

ပုံစာ - KIA နှင့် TNLA နယ်မြေအငြင်းပွားရာမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တို့ လက်ဝှေ့ထိုး ဖြေရှင်းကြစဉ် (ပုံဟောင်း)။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ကြား နယ်မြေ အငြင်းပွားမှုများကို နှစ်ဖက်စတင်ညှိနှိုင်းနေပြီဖြစ်ကြောင်း KIO/KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏ လူမှုကွန်ရက် အကောင့်မှတစ်ဆင့် ရေးသားအသိပေးထားသည်။

“KIO နှင့် PSLF နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများစတင်နေပါပြီ” ဟု ၎င်းက ရေးသားထားသည်။

တွေ့ဆုံမှု အခြေအနေများကိုမူ ထည့်သွင်းရေးသားထားခြင်း မတွေ့ရပေ။

ဗဟိုကော်မတီ တွေ့ဆုံသည့်အဆင့် မဟုတ်သေးဘဲ ဗဟိုကော်မတီအဆင့် တွေ့ဆုံမည့်နေရာ၊ အချိန်၊ မည်ကဲ့သို့ တွေ့ဆုံမည်တို့ကို ညှိနှိုင်းနေသည့်အဆင့်ဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသတင်းတစ်ရပ်တွင် ပြောဆိုသည်။

KIA နှင့် TNLA ကြားတွင် မန်တုံ၊ နမ့်ခမ်း၊ နမ့်ဖက်ကာ၊ မုံးကိုး စသည့်နေရာများတွင် နယ်မြေအငြင်းပွားမှုများဖြစ်ပွား နေသည်။ ပြီးခဲ့သည့် မတ်လ ၇ရက်တွင် ကွတ်ခိုင်မြို့တွင်ရှိသည့် KIA ဆက်ဆံရေးရုံးကို TNLA က ဝင်ရောက်စီးနင်းရာမှ နှစ်ဖက်တပ်များကြား တင်းမာမှု ပိုမိုမြင့်တက်လာခဲ့သည်။

အဆိုပါနယ်မြေအငြင်းပွားမှုများကို နှစ်ဖက်ခေါင်းဆောင်များ နိုင်ငံရေးနည်းဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းထားသည်။