မော်လမြိုင်ကမ်းနားလမ်းတလျှောက်တွင် ဆောက်လုပ်ထားသည့် သင်္ကြန် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်များကို ပြန်ဖျက်နေကြောင်း မြို့ခံများထံမှ သိရသည်။
ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန်အတွက် မွန်ပြည်နယ်စစ်ကောင်စီက မော်လမြိုင် ကမ်းနားလမ်းတွင် ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ်ကို မတ်လနောက်ဆုံးအပတ်ခန့်က စတင်ဆောက်လုပ်ခဲ့သည်။
“ဗဟိုမဏ္ဍပ်ကိုတော့ မနေ့က (ဧပြီ ၈) က ပြန်ဖျက်နေတာ တွေ့ရတယ်။ ရေကစားတာတော့ ရှိဦးမယ်လို့ ပြောသံကြားတယ်။ ဖျော်ဖြေရေးတွေပဲ မလုပ်တော့တာ၊ ကမ်းနားမှာ လမ်းလျှောက်သင်္ကြန်လုပ်ဖို့အတွက် လုပ်နေတာတော့ တွေ့ရတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍုပ်များကိုသာ ပြန်ဖျက်နေပြီး ရေကစားမဏ္ဍပ်များကိုမူ လုပ်ဆောင်နေဆဲဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။
ယင်းအပြင် ပြည်နယ်စစ်ကောင်စီ၏ အစီအစဉ်ဖြင့် မော်လမြိုင်ကမ်းနားလမ်း မြစ်ကန်သာ အပန်းဖြေနေရာတွင် လမ်းလျှောက်သင်္ကြန်ကျင်းပရေးနှင့် စတုဒီသာကျွေးမွေးရန် အစီအစဉ်လည်း ဆက်လုပ်နေကြောင်း ၎င်းတို့က ဆိုသည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သေဆုံးမှု များပြားခဲ့သည်
ငလျင်ကြောင့် တစ်နိုင်ငံလုံးတွင် ဝမ်းနည်းကြေကွဲနေရသည့် ကာလဖြစ်သောကြောင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အပျော်အပါး သီဆိုကခုန်မှု မပါဝင်ဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

သင်္ကြန်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာစွာကျင်းပရန် မွန်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဧပြီလ ၂ ရက်တွင် ကျင်းပခဲ့သည့် ပြည်နယ်အစိုးရ၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောဆိုခဲ့သည်။
နှစ်သစ်ကို ဓလေ့ထုံထမ်းအစဉ်အလာအရ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊ စတုဒီသာ ကျွေးမွေးခြင်း စသည့် ကုသိုလ်ကောင်းမှုများဖြင့် ဖြတ်သန်းကြရန်လည်း မွန်စစ်ကောင်စီက တိုက်တွန်းထားသည်။
မွန်ပြည်နယ် စစ်ကောင်စီက ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် လုပ်ငန်းကော်မတီ ၁၅ ရပ်ကိုလည်း ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က ဖွဲ့စည်း တာဝန်ပေးအပ်ထားသည်။