ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk ဒေသတွင် ရုရှားစစ်တပ်အတွက် ဝင်တိုက်ပေးနေသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ယူကရိန်းတပ်ဖွဲ့များက လက်ရဖမ်းဆီးမိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦး၏ စာရွက်စာတမ်း ၊ ဘဏ်ကတ်များနှင့် ကိုယ်ရေးအချက်အလက်များကိုပါ သိမ်းဆည်းရမိထားကြောင်း ၎င်းကဆိုသည်။
“ဘေဂျင်းကို ချက်ချင်းဆက်သွယ်ပြီး တရုတ်အစိုးရက ဒါကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိရအောင် လုပ်ဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော် ညွှန်ကြားထားပြီးပြီ” ဟု ဇလန်းစကီးက ဆိုသည်။
ရုရှားစစ်တပ်အတွင်း တရုတ်စစ်သားများ၏ အရေအတွက်မှာ နှစ်ဦးထက် အများကြီးပိုကြောင်း ၎င်းက ပြောသည်။
“ကျူးကျော်သူတွေ (ရုရှား) တပ်ဖွဲ့တွေထဲမှာ တရုတ်နိုင်ငံသားတွေ နောက်ထပ်အများကြီး ရှိနေသေးတယ်ဆိုတဲ့ သတင်းအချက်အလက် ကျွန်တော်တို့မှာ ရှိတယ်။ ကျွန်တော်တို့ အခု အချက်အလက်တွေအားလုံးကို ဖော်ထုတ်နေပါတယ်” ဟု ဇလန်းစကီးက တယ်လီဂရမ်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။
တရုတ်တပ်ဖွဲ့များက ယူကရိန်းမြေပေါ်တွင် တိုက်ပွဲဝင်နေကြသည်မှာ “ငြိမ်းချမ်းရေးအတွက် ရပ်တည်ပါသည်ဆိုသော တရုတ်၏ ရပ်တည်ချက်” ကို မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက ဆိုသည်။
ယခုဖြစ်ရပ်ကို ရှုံ့ချပြီး ဖြေရှင်းချက်ပေးရန် ယူကရိန်းမြို့တော် ကိယက်ဗ်ရှိ တရုတ်အထူးကိုယ်စားလှယ်ကို ဆင့်ခေါ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ ရုရှားနှင့် တရုတ်အစိုးရတို့ဘက်မှ တစ်စုံတစ်ရာ ဖြေရှင်းချက်ပေးခြင်း မရှိသေးပေ။
ယခုထုတ်ပြန်ချက်သည် တရုတ်နိုင်ငံအနေဖြင့် ရုရှားကို စစ်သားအင်အား ထောက်ပံ့ပေးနေကြောင်း ယူကရိန်း၏ ပထမဆုံး တရားဝင် စွပ်စွဲချက်ဖြစ်လာသည်။
“ဥရောပမှာ ဖြစ်နေတဲ့ ဒီစစ်ပွဲမှာ တရုတ်ကို ရုရှားက တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ဆွဲသွင်းလာတာက ပူတင်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ကလွဲရင် ဘာမဆို လုပ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲ။ သူက စစ်ဆက်တိုက်ဖို့အတွက် နည်းလမ်းတွေကို ရှာနေတာပဲ” ဟု ဇလန်းစကီးက ဆိုသည်။
ယူကရိန်းတပ်ဖွဲ့များ လက်ရဖမ်းမိထားသည့် တရုတ်နိုင်ငံသားများမှာ တရုတ်စစ်တပ်မှ စစ်သားများလား ၊ မိမိသဘောဆန္ဒအလျောက် ရုရှားဘက်မှ ဝင်တိုက်ပေးနေသူများလား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အနောက်နိုင်ငံအစိုးရများမှ အရာရှိများက ယခုဖြစ်ရပ်တွင် တရုတ်အစိုးရ၏ တိုက်ရိုက်ပါဝင်မှုကို အထောက်အထား မတွေ့ရှိရကြောင်း CNN သတင်းဌာနကို ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံနှင့် ဥရောပရှိ မဟာမိတ်များအနေဖြင့် ယခုဖြစ်ရပ်အပေါ် ကန့်ကွက်ကြရန် ယူကရိန်း သမ္မတက တိုက်တွန်းထားသည်။
“ဒီဖြစ်ရပ်နောက်မှာ အမေရိကန်တွေက ရုရှားထက် ယူကရိန်းတွေနဲ့ ပိုပြောဆိုဆွေးနွေးလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တရုတ်အစိုးရဘက်ကလည်း ဒီအပေါ် တုံ့ပြန်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ယူကရိန်းသမ္မတဇလန်းစကီးက အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
“ဒါဟာ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်မှာ ရုရှားဘက်ခြမ်းကနေ နောက်ထပ်နိုင်ငံတစ်ခုက စစ်ရေးအရ အထောက်အကူပေးလာတာပါ။ ဒါဟာ အီရန်နဲ့ မြောက်ကိုရီးယားစစ်တပ်ပြီးရင် နောက်ထပ်နိုင်ငံတစ်ခု တိုးလာတာပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားက ယူကရိန်းအပေါ် ကျူးကျော်စစ်ဆက်လက်ဖြစ်ပွားနေချိန် တရုတ်အစိုးရက ရုရှား၏ ကာကွယ်ရေးစက်ရုံများ လျှင်လျှင်မြန်မြန် အဆင့်မြှင့်တင်ရေးကို ကူညီပေးခဲ့ကြောင်း ၂၀၂၄ ခုနှစ်တွင် ဘိုင်ဒန်အစိုးရလက်ထက် အရာရှိများက CNN သတင်းဌာနကို ပြောကြားခဲ့ဖူးသည်။
Source: CNN