BREAKING
April 17, 2025

အမေရိကန်က တရုတ်ကို အခွန် ၁၀၄ ရာခိုင်နှုန်းအထိတိုးမည်ဟုဆို၊ ကုန်သွယ်ရေးစစ်ပွဲစတင်

April 9, 2025

photo - India Today

အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံ၏ သွင်းကုန်များကို အခွန် ၁၀၄ ရာခိုင်နှုန်းအထိ ကောက်ခံသွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။

ဒေါ်နယ်ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမှုသည် လာမည့်နာရီပိုင်းတွင် အသက်ဝင်လာမည်ဖြစ်သလို တရုတ်အပေါ် တိုးမြှင့်ချမှတ်ထားသော အခွန် ၁၀၄ ရာခိုင်နှုန်းကိုလည်း ဒေါ်နယ်ထရမ့်က ပြန်လည်ဖြေလျှော့ပေးခြင်း မရှိသေးပေ။

အမေရိကန်ဘက်က တရုတ်ကုန်ပစ္စည်းများအပေါ် ကောက်ခံသော မူလအခွန်နှုန်း ၂၀ ရာခိုင်နှုန်းတွင် ၃၄ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံမည်ဟု ဧပြီလ ၂ ရက်နေ့က ဇယားနှင့်အတူ ထုတ်ပြန်ခဲ့သည်။

တရုတ်အပေါ် ၃၄ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂကို ၂၀ ရာခိုင်နှုန်း၊ ဗီယက်နမ်ကို ၄၆ ရာခိုင်နှုန်း၊ တောင်ကိုးရီးယားကို ၂၆ ရာခိုင်နှုန်း အပါအဝင် အမေရိကန်၏ အကြီးဆုံး ကုန်သွယ်ဘက်တချို့အပေါ် အခွန်တိုးမြှင့်ချထားသော ဇယားဖြင့် သမ္မတ ဒေါ်နယ်ထရမ့်က ပြသခဲ့ခြင်းဖြစ်သည်။

ယင်းအခွန်တိုးမြှင့်မှုကို ပြန်လည်တုံ့ပြန်သည်အနေဖြင့် တရုတ်အစိုးရဘက်ကလည်း အမေရိကန် သွင်းကုန်များကို အခွန် ၃၄ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဟု ကြေညာခဲ့သည်။

ယင်းနောက် တရုတ်အစိုးရ၏ ကြေညာချက်ကို ဧပြီလ ၈ ရက်နေ့မတိုင်မီ ပြန်ရုတ်သိမ်းရန် အမေရိကန်ဘက်က ပြောကြားထားပြီး အကယ်၍ ယင်းနေ့မတိုင်မီ ပြန်မရုတ်သိမ်းပေးပါက နောက်ထပ် အခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အမေရိကန်ဘက်က အခွန်တိုးမြှင့်မှုသည် တရုတ်နိုင်ငံကို ထိခိုက်လာခြင်းဖြစ်သဖြင့် တန်ပြန်သတ်မှတ်သည့် အခွန်တိုးမြှင့်ကြောင်း ကြေညာချက်ကို ပြန်ရုတ်သိမ်းရန် မရှိဘဲ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးအထိ ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း တရုတ်ကလည်း တုံ့ပြန်ကြေညာထားသည်။

ထို့ကြောင့် တရုတ်ဘက်တွင် အခြေစိုက်ထားသော အမေရိကန်ကုမ္ပဏီတစ်ချို့က သွင်းကုန်များအတွက် အခွန် ၁၀၄ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

အထူးသဖြင့် အွန်လိုင်းဈေးရောင်းလုပ်ငန်းများဖြင့်သည့် TEMU နှင့် SHEIN ကုမ္ပဏီများအတွက် အခွန် ၉၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည့်အခြေအနေအထိ ဖြစ်နေခြင်းဖြစ်သည်။

ကမ္ဘာ့ကုန်သွယ်ရေးစစ်ပွဲပြင်းထန်လာမှုနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အာရှစတော့ရှယ်ယာဈေးလည်း ကျဆင်းလာနေပြီး တရုတ်ယွမ်ငွေလည်း ၁၉ လာတာအတွင်း အနိမ့်ဆုံးအထိ ရောက်ရှိလာနေခဲ့သည်။

Ref: CNBC, The Guardian