BREAKING
February 24, 2025

စစ်ကောင်စီတပ် ဒုခေါင်းဆောင်ရောက်နေသည့် ရတခဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

April 9, 2024

စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေသည့် မော်လမြိုင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ဧပြီလ ၈ ရက်နေ့ ညနေက ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ရတခတွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ စစ်ဆင်ရေးကွပ်ကဲမှုအစည်းအဝေးလုပ်နေကြောင်း သတင်းရသဖြင့် ရှားထူး ဝေါ်နည်းပညာတပ်ဖွဲ့ (Alpha Bats Drone Force) က Fixed Wing Drone အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Fixed Wing Drone မှာ ဒရုန်းအဆုံးခံပြီး ဖောက်ခွဲတိုက်ခိုက်သည့် ဒရုန်းအမျိုးအစား ဖြစ်သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် ည ၉ နာရီဝန်းကျင်က မော်လမြိုင်မြို့တွင် လက်နက်ကြီးသံ ၃ ကြိမ်ထက်မနည်း ကြားခဲ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။

“ညက ကြားရတဲ့အသံကြီးက ကြောက်စရာကြီး အိမ်တွေပါ တုန်သွားတယ်။ ဘယ်ကနေ ပစ်ပြီး ဘယ်နေရာမှာ ကျကွဲလဲ ဆိုတာ သေချာမသိပေမယ့် ကြားလိုက်ရတဲ့အသံက မြို့နဲ့သိပ်မဝေးလောက်ဘူးလို့ ထင်တာပဲ။ တော်တော်ကို ကျယ်တာလေ အသံက” ဟု မော်လမြိုင်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် အခြေအနေ အသေးစိတ်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ ကော့ပရံ လေယာဉ်ကွင်းသစ်စီမံကိန်းကို သွားရောက်စစ်ဆေးသည့် စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့အဖွဲ့ကို ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း (၆) ဒရုန်းတပ်ဖွဲ့နှင့် မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဧပြီလ ၈ရက်က ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် (DSA) ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့သည်။