တပေါင်း တန်းခူး မိုးသားကျူး ဆိုပေသိ ပြာလဲ့လဲ့ အဇဋာ၌ တိမ်စိုင်လွှာပါးပါးလျလျကိုမျှ မမြင်ရ။ ဤဝသန္တ ရက်များတွင် ဥဩသည် နေ့ ည မပြတ် တေးသံကျူးနေပြန်သည်။
သစ်ပင်အတော်များများကား အရွက်များ မကပ်နိုင်ရှာတော့ပြီ။ အများစုမှာ ဗလာကျင်းသော ပင်ထီးတည်းဖြင့် ရိုးတံကျဲလျက် အပူဒဏ်ခံနေကြရရှာသည်။ အရိပ်မဲ့သော ပြင်လွင်များ၌ နွယ်မြက်စိမ်းတို့ သည် ခြောက်သယောင်းခဲ့ပြီ။ ရိုးပြတ်များသာ ကျန်တော့သော လယ်ကွင်းများ၊ ကန်သင်းရိုးများ၌လည်း စိမ်းစိုသော ဌာန နတ္ထိ။ ဝဠာရှစ်ခွင်၌ နွေ၏ သရုပ်တို့က လွှမ်းထားနှင့်ပြီ။ သည်လိုအချိန်ခါတွင် မလိုချင်ပါဘဲနှင့် ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်လာနေသည်ကား အပူ။ ရိုးရိုး အပူမဟုတ်။ ကိုယ်စိတ်နှလုံးကို ကျွမ်းလောင်စေသော အပူ။ သောက ပရိဒေဝအပူ၊ ဒုက္ခဒေါမနဿ အပူ။
လူမှန်းသိတတ်ကာစ ကပင် အပူနှင့်ကြီးလာရသည်။ ကာလဝိပ္ပတိကား ဆိုးလှပါဘိ။
သေနတ်သံ၊ အမြောက်သံ၊ ပေါက်ကွဲသံများကို ဂီတသဖွယ်နားထောင်ရင်းကြီးပြင်းခဲ့ရသည်။ ပြေးဟယ်၊ လွှားဟယ်၊ ပုန်းဟယ်၊ နိုးနိုးကြားကြား နှင့် ခြိုးခြိုးခြံခြံ ဘဝနေ့ရက်များ။ ဖခင်ဖြစ်သူကား ခြေတစ်ဖက်မရှိရှာလေသော ဒုက္ခိတဘဝ။ တောထဲဝင် ထင်းခုတ်ရင်း မိုင်းနင်းမိသတဲ့။ လောကဓံ အထုအထောင်းခံသော မိခင်နှင့် အစ်ကို အစ်မများ၏ ကျွေးမွေး စောင့်ရှောက်မှုကြား ကြီးပြင်းခဲ့ရပေါ့။ နေဝင်းမီးငြိမ်း အမိန့်စာ ကို မဖတ်ဖူး၊ မမြင်ဖူး၊ မကြားဖူးခဲ့ ပေသိ ညနေစောင်းသည်နှင့် သုတ်သုတ်သွား၊ သုတ်သုတ်စား။
ရေနံဆီမီးခွက်ကလေးငြှိမ်းကာ ကြက်အိပ် ကြက်နိုးဖြတ်သန်းခဲ့ရသော ညများ၊ နေဝင်မီးငြိမ်းနေ့ရက်များပေါ့။
လူကောင်ထွားထွား ယောက်ျားသားများဆိုလျှင်တော့ ပုန်းလျှိုး ကွယ်လျှိုး အိပ်ခဲ့ကြရသည့်ညများ။ ညကြီးမင်းကြီး ခွေးဟောင်သံကြားပြီ၊ လက်နှိပ်ဓာတ်မီးရောင်မြင်ပြီ၊ ဘွတ်ဖိနပ်သံကြားပြီ ဆိုလျှင် ပေါ်တာဝင်ဆွဲ ပြီထင်ရဲ့ ဟူသော အကြောက်တရားက ဘွားခနဲ။ တစ်ခါတလေ သန်းခေါင်ညဉ့်နက် အိမ်ကိုဝိုင်းလို့ ဝင်စစ်တတ်ကြရဲ့။
ယောက်ျားသားများကို ဖမ်းခေါ်သွားတတ်ရဲ့။ ပေါ်တာဆွဲခံရပြီဆိုလျှင်တော့ ပါသွားတဲ့သူရဲ့ ဘဝ အိမ်ပြန်ရက် မခန့်မှန်းနိုင်တော့။ အိမ်ကို မိမွေးဖမွေးတိုင်း အကောင်းပကတိပြန်လာနိုင်ဖို့ မာမာကျန်းကျန်း ရွှင်ရွှင်လန်းလန်း ပြန်လာနိုင်ဖို့ ဘယ်သူမှ အာမဝန္တာမခံနိုင်။ ဘယ်ကနေ ဘယ်ကို ဘယ်အချိန်အခါ ဘယ်ကို မြန်းရမယ်ဆိုတာ မသိ။ ပေါ်တာပါသွားသူတွေထဲ အစ်ကို ငယ်တစ်ယောက်လည်းပါသွားခဲ့သပေါ့။ အခုထိ ပြန်မလာ၊ သေလား ရှင်လား မသိ။ ဘဝတွေက ဈေးပေါလှပါဘိသနဲ့ သူတို့လက်ထဲမယ် လူသားတန်ဖိုးနတ္ထိပေါ့။ ဒါကြောင့်လည်း ပေါ်တာ လို့ အသံကြားရင် ဘယ်အချိန်မဆို ပြေးလွှားတိမ်းရှောင်ဖို့ အသင့်ဖြစ်နေခဲ့ကြရတဲ့ အစ်ကိုမောင်ဘွား ယောက်ျားများရဲ့ ဘဝ ဒုက္ခကတော့ အနန္တရှိခဲ့ပါပေါ့။
ခေတ်အခါကာလ ဥတုရာသီ အလီလီ နှောင်းတော့လည်း သိပ်မဆိုးတော့တဲ့ ခေတ်၊ အေးအေးလူလူ ခေါင်းပြားအောင်အိပ်ရတဲ့ ခေတ်၊ မျှော်လင့်ချက်ရောင်ခြည်သမ်းလို့ သောက နှင်းပေါက်ပျောက်လွင့်ခဲ့ရတဲ့ ခေတ်ကလေး ကြုံလိုက်ရပါရဲ့။ ရာသီတွေရွေ့လျောတော့ ဘဝလည်း အခြေအနေပြောင်းခဲ့ပါရဲ့။ သားတွေ၊ သမီးတွေ၊ မြေးတွေနဲ့ ပွားစီးတဲ့ ဘဝ၊ အိမ်ထောင်ရှင်ဘဝ။ ငယ်ငယ်က လောကဓံ အဆိုးတွေကို ပြတိုက်ထဲ သိမ်းလိုက်ရတော့မယ့် ခေတ်ကို မသေခင်တော့ ကြုံပါပြီလို့ ကျေကျေနပ်နပ်ကြီး ပြောလို့ရတဲ့ ခေတ်မျိုးကို ဖြတ်သန်းခဲ့ရပေါ့။ ဪ အခုတော့လည်း အထီးကျန်နေတဲ့ အဘွားအို တစ်ယောက်ရဲ့ ဘဝပေါ့။ အထီးကျန်မှုအတိုးမှာ သောက ပရိဒေဝအတက်ပေါက်ပြီး စိတ်နှလုံး ကျွမ်းလောင်နေရတဲ့ တရားမဖက်နိုင်တဲ့ ဇရာအိုတစ်ယောက်ရဲ့ ဘဝပေါ့။ ဘာအကြောင်းကြောင့်များလို့ အမောင် အမေးရှိရင်ဖြင့် အဖြေရှိပါရဲ့။
အတိတ် ဘဝတွေကဖြင့် ပါလာခဲ့တဲ့ ကာလဝိပတ္တိဘေးသင့်ရမယ့် ကြမ္မာဝဋ်များလား။ ဇရာထောင်းလို့ ဘဝ နှောင်းကာနီးမှ ပြန်ကြုံလာရပြန်တဲ့ ကြမ္မာဆိုးတွေ။ ကမ္ဘာတခုလုံးကြုံရတဲ့ ရောဂန္တရကပ် ကိုဗစ်တဲ့။ ကိုယ့်ရဲ့ ပါရမီဖြည့်ဖက်ကို မရဏလမ်းကို တွန်းပို့လိုက်သူကြီး။ ဒီကပ်ကြီးဖြင့် ဆိုက်လို့ မပြီးသေးဘူး နောက်ကပ်ကြီး တခုက ထပ်လာတာကလား။ အို.. တိမ်းပါးလိုက်ကြသူတွေ။ အချုပ်အနှောင် အနှိပ်အစက် ခံကြရသူတွေ။ အသက်နဲ့ ခန္ဓာ မမြဲနိုင်တော့သူတွေ။ မိသားစုတွေ မျက်ရည်ချောင်းစီးကြရပေါ့။
သစ်စိမ်းချိုးလို့ ကျိုးကြေကြရတဲ့ သံယောဇဉ်တွေ၊ နှလုံးသားတွေ၊ အသက်တွေ သွေးတွေ စတေးနေကြရပြန်ပေါ့။ ကြမ္မာဆိုတာ ကလည်း အဖော်အပေါင်းများလှတာပါလား။ သူရောက်လာတော့လည်း တလှေကြီး။ မြေကလေးတွေ အတွက် ပူရ၊ သား သမီးတွေအတွက်ပူရ၊ ကိုယ့် ရပ်ရွာလေးအတွက်ပူရ၊ သည် အပူဒုက္ခတွေ မြင်နေရက်သား ကိုယ်က ဘာမှ ဝင်ကယ်လို့ ပြုလို့ရတဲ့ ကိစ္စတွေ အများသား။
အချို့တွေအတွက် အငတ်ဘေးက ထပ်ဆိုက်ပြန်သတဲ့။ အလုပ်ပါးရှား၊ ဝင်ငွေကနည်း ဝမ်းစာရိက္ခာက ဈေးတက်သနဲ့ ငွေစက္ကူတွေရဲ့ တန်ဖိုးကလည်း ကျကျလာသတဲ့။ မွဲဖို့ အကြောင်းဖန်လိုက်ပုံများ မြန်ချက်ပါပဲ။ ပရိယေသနဝမ်းမီးအပူကြောင့် တချို့မယ် ခိုးဟယ်ဝှက်ဟယ်နဲ့ တို့များ အရပ်လည်း နေ့ရေးနေ့တာကော ညရေး ညတာပါ အပူဟပ်လှပါကလား။ တို့များမိသားစုမလည်း အမိနဲ့ သား စုစုစည်းစည်း မနေနိုင်ရှာတော့ပါဘူး။
လွမ်းနာကျနေရတဲ့ မိခင်တွေအများသား။ အိမ်ပြေးဖြစ်နေရတဲ့ အိမ်မပြန်နိုင်တဲ့ သား သမီးတွေ အများသား။ ဒုက္ခဆိုတာ နိစ္စဓူဝ ကိစ္စမှာ မပါမဖြစ်ထည့်ပြောရတဲ့ အရာဖြစ်လာပြန်တယ်။ ဒီနှစ်နွေကတော့ ပိုဆိုးတယ်။ အပူလှိုင်းကြီးက ကြီးတယ်။ တည်းတည်းလေးကျန်နေတဲ့ မိသားစုလေးတွေ ဘဝလေးတွေ မျှော်လင့်ချက်လေးတွေကို လောင်မြိုက်သွားခဲ့ပြီ။ အိမ်တွေမှာ အရွယ်ရောက်ပြီးသား မိန်းမသားတွေကော၊ အရွယ်ကောင်း ယောက်ျားသားများပါ မနေနိုင်ကြတော့ဘူး။ မနေရဲကြတော့ဘူး။ မိဘတွေ၊ အုပ်ထိန်းသူတွေကလည်း သူတို့ရဲ့ သား သမီးတွေ သံယောဇဉ်လေးတွေကို အနီးမှာ မထားရက်ကြတော့ဘူး။ ဘယ်မိဘကများ ကိုယ့် သွေးသားကို စစ်ဘေးခ စေချင်ပါ့မလဲ။
ဒီနှစ်နွေဦးဟာ သိပ်ပူတယ်။ ရိပ်ပြီး သိမ်းပြီးတာနဲ့ ရှိတာ ရောင်းချပြီး မိဘ ထံပါးကနေ အဝေးကို ပြေးထွက်သွားရတဲ့ သားတွေ၊ သမီးတွေ။ မိသားစု အတူနေခဲ့တဲ့ အိမ်လေးဟာ ဒီနွေမှာ သိပ်ကို ခြောက်ခြောက် ကပ်ကပ်နဲ့ တိတ်ဆိတ်လှပါပေါ့။ ကျန်ခဲ့တဲ့ သူတွေ စိုးထိတ်ဗျာပါ အပူရတနာတွေ ဆင်နေရသလို အရပ်တစ်ပါး ရှောင်တိမ်းသွားကြရသူတွေမှာလည်း ဒုက္ခကိုယ်စီ နဲ့ပေါ့။ တို့လို ဇရာအို တစ်ယောက်အဖို့တော့ ငယ်ဘဝက အတိတ်ဆိုး ခေတ်ဆိုးဟာ လွမ်းစရာမကောင်းလှသလို ကြုံနေရတဲ့ ခေတ်ဟာလည်း လေးလံလွန်းလှတယ်။ လာမယ့်နှစ် လယ်ထဲကို ဘယ်သူဆင်းမှာလဲ။ သူရင်းငှား လူငယ်တွေကို ရှိသေးရဲ့လား။ ဆီဈေးတွေတက်၊ မီးတွေ ပျက်ပျက်လာတဲ့ ခေတ်ကြီးမှာ မနက်ဖြန် ဆန်မှ ဝယ်လို့ရပါ့မလား၊ ဆီမှ ဝယ်ဖို့ ရှိပါ့မလားလို့ တွေးနေရတာ ကြာပေါ့။
လောလောဆယ်တော့ တလောကပဲသူ့သခင်က ချန်ခဲ့တဲ့ ကျွဲတွေ နွားတွေကို ကျောင်းဖို့ ကိုယ့်မှာ တခုတ်တရ ဒုက္ခနဲ့။ တောမှာလည်းတောမို့ မြို့မှာလည်း မြို့မို့ ရောင်စုံလှတဲ့ အပူတွေနဲ့။ ပစ်ကြခတ်ကြ သေကြ ကြေကြ နေ့စဉ်သတင်းတွေနဲ့။
အပူတွေဟာ သံသရာလည်တတ်လား။ ငယ်ဘဝက ကြုံခဲ့ရပြီးတဲ့ အပူလိုမျိုး ထပ်ကြုံရပြန်တော့ အဲသလို တွေးမိတာပါပဲ။ ဒီအပူ။ ဒီနှစ်အပူဟာတော့ အတော့်ကို ပူတာပါပဲ။
အပူတွေ သံသရာမှာ ကိုယ်က ထပ်ကြုံရ ပြန်ပေါ့။ ဒီအပူကတော့ တိုင်းလို့တာလို့ရတဲ့ အပူတော့ မဟုတ်။ အဇ္ဈတ္တအပူ။ သောက ပရိဒေဝ အပူ။ ဒုက္ခ ဒေါမနဿအပူ။
မယ်အေး