BREAKING
October 18, 2024

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်း စစ်ကောင်စီစပေး

April 9, 2024

ဓာတ်ပုံ - တိုင်းပြန်/ဆက်

တနင်္သာရီတိုင်းတွင် ဧပြီလ ၈ ရက်နေ့ကစပြီး စစ်မှုထမ်းသင်တန်း စနေပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်မှုထမ်းနည်းဥပဒေထွက်ရှိပြီး သင်္ကြန်အပြီးတွင် စစ်မှုထမ်းမည့်သူများကိုဆင့်ခေါ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း ယခုမူ သင်္ကြန်မတိုင်မီပင် သင်တန်းပေးသည့်အဆင့်ပင် ရောက်နေပြီဖြစ်သည်။

နည်းဥပဒေလည်း ထုတ်ပြန်ခြင်းမရှိသေးပေ။

တနင်္သာရီတိုင်းတွင်မူ မြိတ်ခရိုင် ပလောက်မြို့ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်မှုထမ်းမည့် သူများကို သုံးလတိတိ စစ်သင်တန်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသင်တန်းတွင် ခန္ဓာကိုယ် ကိုယ်ကြံ့ခိုင်ရေး၊ စစ်ရေးပြ၊ ခြေလျင် လက်နက်ငယ်ပစ်နည်း၊ စစ်နည်းဗျူဟာ၊ စစ်မြေပြင်အင်ဂျင်နီယာ၊ စစ်‌မြေပြင်အုပ်ချုပ်ရေး စသည်တို့ကို ပို့ချမည်ဟု ဆိုသည်။

သင်တန်းဖွင့်ပွဲသို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသစစ်တိုင်းဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးအောင်မျိုးထွန်း၊ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ရဲကျော်ကျော်တို့ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းက စစ်မှုထမ်းပထမအသုတ်တွင် ဦးရေ ၂၆၀ ကျော်ခေါ်ယူထားကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြောဆိုထားသည်။

ဒေသတွင်းက လူငယ်အများအပြားမှာ အဓမ္မစစ်မှုထမ်းစေခိုင်းခံရမည်ကို စိုးရိမ်ပြီး ထွက်ပြေး‌တိမ်းရှောင်နေကြရသည့်အပြင် ကျေးရွာအချို့တွင် စစ်မှုထမ်းစရိတ်အတွက် အဓမ္မငွေကြေးကောက်ခံခြင်းတို့ ကြုံတွေ့နေကြရသည်။