တနင်္သာရီမြို့နယ်ရှိ တကူ၊ သရဘွင်နှင့် သိန္ဒောကျေးရွာအုပ်စုများသို့ စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ခံရသဖြင့် ဆီပြတ်လပ်လျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာများရှိသည့် အနီးဝန်းကျင်ကို ဧပြီလ ၅ ရက်နေ့ကပင် ဆန်သယ်ယူခွင့် ကန့်သတ် ထားခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် စက်သုံးဆီသယ်ယူခွင့်ကိုပါ ထပ်မံကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
မြိတ်မှ လာသည့် ကားများကို တနင်္သာရီမြို့အနီး ဇဝဲကျေးရွာလမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးပြီး ဆန်၊ စက်သုံးဆီ တင်ဆောင်လာလျှင် မြိတ်သို့ ပြန်မောင်းခိုင်းကြောင်း ကားသမားအချို့နှင့် ဒေသခံတို့က ပြောသည်။
ဇဝဲကျေးရွာလမ်းဆုံမှ တည့်တည့်သွားလျှင် တနင်္သာရီမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ယင်းလမ်းဆုံမှ ဘယ်ဖက် လမ်းခွဲအတိုင်းသွားလျှင် တကူ၊ သရဘွင်၊ သိန္ဒော ကျေးရွာများသို့ ရောက်ရှိမည်ဖြစ်သည်။
“ဆီလည်း ပေးမသယ်တော့ တစ်ရွာလုံးမှာ ဝယ်လို့ကို မရတော့ဘူး” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
လက်ရှိအချိန် ၎င်းကျေးရွာ အနီးဝန်းကျင်၌ လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့သော်လည်း အစစ်အဆေးများ တင်းကျပ်ထားသဖြင့် သွားလာရလည်း အခက်အခဲဖြစ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။
“အခြေအနေကြည့်ပြီး လောလောဆယ်နေနေကြသေးတယ်။ ရေရှည်ဆိုရင်တော့ မလွယ်တော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တကူနှင့် သရဘွင်တို့မှာ အိမ်ခြေထောင်ဂဏန်းရှိသည့် ကျေးရွာအုပ်စုများဖြစ်ပြီး သိန္ဒောကျေးရွာ အုပ်စုမှာ အိမ်ခြေ ငါးရာဝန်းကျင်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယင်းကျေးရွာအုပ်စုများ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ တိုက်ပွဲ မကြာခဏ ဖြစ်လေ့ရှိသည်။
သိန္ဒောကျေးရွာတွင် မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် PDF တို့ သုံးနာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး တကူနှင့် သရဘွင်ရွာဖက်တွင်လည်း မတ်လအတွင်း အနည်းဆုံးတိုက်ပွဲငယ် ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။
ယင်းသို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အစစ်အဆေး တင်းကျပ်လာပြီး ဆန်နှင့် စက်သုံးဆီ သယ်ခွင့် ကန့်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ ခိုအောင်းနေထိုင်နေသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ယင်းဒေသများသို့ ဆန်နှင့် စက်သုံးဆီသယ်ယူခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
သို့သော်ဆန်နှင့်ဆီ သယ်ယူခွင့်မပြုခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်က တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မရှိသေးသလို အကြောင်းရင်းကိုလည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပေ။