BREAKING
December 27, 2024

ထားဝယ်တက္ကသိုလ်ရှိ စောင့်ကြည့်စခန်း လူ ၄၀ဝ အတွက် အသင့်ပြင်ထား ဟုဆို

April 9, 2020

နေရပ်ပြန်သူ ၄၀ဝ ဦးအထိ အဆင်သင့်စောင့်ကြည့်စခန်းချနိုင်ရန် ထားဝယ်တက္ကသိုလ်တွင် အဆင်သင့်ပြင်ဆင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းကပြောသည်။


လက်ရှိတွင် လူဦးရေ ၁၂၀ အတွက် ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ရာ ခင်းနှင့် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ရေခွက်၊ ဆပ်ပြာ အစရှိသည့် ပစ္စည်းများကို အဆင်သင့်ပြင်ထားကြောင်း ၎င်းက ဆိုသည်။


ကျန်ရှိသည့် လူ ၂၈၀ ဦးအတွက် ပစ္စည်းများကိုအခုရက်ပိုင်းအတွင်း ဖြည့်ဆည်းမည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ပြောသည်။


ထားဝယ်တက္ကသိုလ်ရှိ ဗထူးဆောင်ကို စောင့်ကြည့်စခန်းအဖြစ်ပြင်ဆင်ထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံမှပြန်လာသူ ၉ ဦးနှင့် ဝန်ထမ်း ၁ ဦးကို စောင့်ကြည့်နေသည်။


လက်ရှိတွင် ကိုရိုနာရောဂါဂယက်ကြောင့် ထိုင်းနိုင်ငံမှပြန်လာမည့်သူများရှိနေသေးပြီး ၎င်းတို့ပြန်လာပါက ထိုနေရာတွင် ၁၄ ရက်ကြာ စောင့်ကြည့်မည်ဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


“နောက်ဝင်လာမယ့်အနေအထား ဘယ်လောက်အတိုင်းအတာအထိရှိမလဲဆိုတာ ကျွန်တော်တို့မပြောနိုင်ဘူး။ ထိုင်းဘက်က ဝင်လာမယ့်အနေအထားကလည်း ကျွန်တော်တို့နိုင်ငံသားတွေ အများကြီးကျန်သေးတယ်”ဟု ၎င်းက ပြောသည်။


အဆိုပါ စောင့်ကြည့်စခန်းတွင် အင်တာနက်ဝိုင်ဖိုင်တပ်ဆင်ပေးရန် စီစဉ်နေပြီး နံနက်စာ၊ နေ့လယ်၊ ညစာနှင့် သောက်ရေသန့်ကို လိုအပ်သလောက် ဖြည့်ဆည်းပေးထားကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။


ယင်းအပြင် လူတစ်ဦးလျှင် အအေးသံဘူးနှစ်ဘူးနှုန်းပေးထားကြောင်း ၎င်းကပြောသည်။
“ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အရက်လုံးဝမသောက်ရဘူးဆိုတာ”ဟု ဦးအောင်စိုးမိုးက ဆိုသည်။


ထားဝယ်တက္ကသိုလ်တွင်စီစဉ်ထားသည့် နေရာမလုံလောက်ပါက ထားဝယ်နည်းပညာတက္ကသိုလ်တွင်လည်း စီစဉ်ထားကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။


တနင်္သာရီတိုင်းအတွင်း လူဦးရေတစ်သောင်းကျော်ကို ရပ်ရွာအခြေပြုစောင့်ကြည့်ရေးစခန်းလုပ်နိုင်သည့် နေရာ ၃၁၇ ခုပြင်ဆင်ထားသည်။ ဧပြီလ ၁ ရက် အထိ ၈၆၄ ဦးကို စောင့်ကြည့်နေကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။