သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့က လေးရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံအချို့က ပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့မှာ လွန်ခဲ့သည့် ခြောက်ရက်ခန့်မှစတင်ကာ ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းတွင် တပ်စွဲခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မတ်လ ၆၊ ၇၊ ၈၊ ၉ ရက် လေးရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
ယနေ့ မတ်လ ၉ရက် ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်နာရီအတွင်း ဒရုန်းဖြင့် ဗုံးခြောက်လုံးချကာ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေကိုမူ မသိရသေးကြောင်း ရန်တောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ဗုံးများမှာ ဘုန်းကြီးကျောင်းဝင်းနှင့် အနီးဝန်းကျင်တို့တွင် ကျရောက်ပေါက်ကွဲကာ လူနေအိမ်များကို အစထိမှန်သဖြင့် ဒေသခံများမှာ မတ်လ ၇ရက်မှစတင်ကာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေကြကြောင်း ၎င်းက ဆိုသည်။
“အရပ်သား ထိခိုက်မှုတော့ မရှိဘူး။ လူနေအိမ်တွေနားကို (ဗုံး) လာကျတော့ အိမ်တွေမှာ အစစင်တာတွေရှိတယ်။ အစ်မတို့လည်း အိမ်မှာမနေရဲလို့ တခြားရွှေ့ပြောင်းနေရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်နေသည်မှာ လေးရက် ဆက်တိုက်ရှိပြီဖြစ်ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုတွင်ပါဝင်သည့် တပ်ဖွဲ့တစ်ခုက တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
“အခုဆို လေးရက်ရှိပြီပေါ့။ အရပ်သားထိခိုက်မှုတော့ မရှိပါဘူး။ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲပဲ” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီလ ၂၉ရက်က ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ရွှေဂူတောင်တံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူမီးရှို့ပြီးနောက် စစ်ကောင်စီတပ်သည် ရှင်မုတ္ထီး၊ ရောင်းမော်၊ စော်ဝ၊ ကင်းရှေ့၊ ဆေးဖြတ်ကုန်း၊ ရှမ်းမတွင်း၊ သရက်နှစ်ခွ၊ မဲနယ်အိုး၊ ဥတ္တူ၊ ရန်တောင်စသည့်ကျေးရွာများကို လှည့်လည် စစ်ကြောင်းထိုးလှုပ်ရှားနေသည်။
ထားဝယ်ခရိုင်တပ်ပေါင်းစုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။