BREAKING
March 9, 2025

လောင်းလုံးတွင် စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရ

March 9, 2025

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေသွားလမ်းပေါ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၀၄) က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်သဖြင့် ကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၈ရက် နေ့လယ် ၁၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၀၄ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စခန်းကြီးရွာထဲသို့ လက်နက်ကြီးကျည် ငါးလုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းအနက် တစ်လုံးမှာ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ရှေ့တွင် ဆော့ကစားနေသည့် အသက် ၁၂နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး၏ လည်ပင်းကို ကျည်စထိမှန်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ကလေးငယ်က လက်ရှိ ရန်ကုန်ဆေးရုံမှာ။ ထားဝယ်ဆေးရုံက ကုသလို့မရလို့ပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာ ပြင်းထန်‌သောကြောင့် ထားဝယ်ဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ပြောင်းရွှေ့ကုသနေရခြင်းဖြစ်ကြောင်း ဆိုသည်။

ထားဝယ်-မောင်းမကန်သွားလမ်းပေါ်ရှိ ၁၀၄ တပ်ရင်းနှင့် စိုက်ပျိုးရေးသိပ္ပံကြား ဒေသအ‌ခေါ် သင်္ဘောဦးဆိုသည့်နေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့သည် လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

သင်္ဘောဦးဆိုသည့်နေရာမှာ စိုက်ပျိုးရေးသိပ္ပံအတွက် အစောင့်ချထားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အဆိုပါလက်နက်ကြီးပစ်ခတ်သည့်နေရာနှင့် စခန်းကြီးကျေးရွာတို့မှာ အဖြောင့်အတိုင်းဆိုလျှင် ၂ မိုင်ခန့်သာ ကွာဝေးသည်။

၁၀၄ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ချိန်တွင် အနီးအနား၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများက ဆိုသည်။

၁၀၄ တပ်ရင်းနှင့် ၁၃ မိုင်ကျော်အကွာ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့ တပ်စွဲထားသည့် စရဖရုံး၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က မတ်လ ၈ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။