BREAKING
March 9, 2025

ကော့သောင်းမြို့ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ပိုင်ရှင်မဲ့ အလောင်းတွေ့

March 9, 2025

ပုံစာ - မတ်လ ၈ ရက်က တွေ့ရသည့် ပိုင်ရှင်မဲ့အလောင်းအား ရင်ခွဲရုံသို့ သယ်ဆောင်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - ရွှေအဏ္ဏဝါ။

ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်ရှိ လောကမာန်အောင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ လဲကျသေဆုံး နေသည့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို မတ်လ ၈ရက်က တွေ့ရှိကြောင်း မြို့ခံများနှင့် လူမှုကူညီအသင်းများထံမှ သိရသည်။

မိသားစုဝင်များ ဆက်သွယ်နိုင်ရန် သေဆုံးနေသူ၏ ဓာတ်ပုံဖြင့် လူမှုကွန်ရက်တွင် ဖော်ပြ၍ အကူအညီတောင်းခံ ခဲ့သော်လည်း ပိုင်ရှင် မပေါ်သဖြင့် လူမှုကူညီရေးအသင်း၏ အစီအစဉ်ဖြင့် မီးသင်္ဂြိုဟ်လိုက်ကြောင်း အဆိုပါအသင်း၏ အသင်းဝင်တစ်ဦးက ပြောသည် ။

“အလောင်းမှာ ဒဏ်ရာတွေတော့ မရှိဘူး။ ဒီအတိုင်း လဲကျပြီးသေနေတာ။ ရပ်ကွက်လူကြီးက အကူအညီတောင်းလို့ သွားသယ်ပြီး ရင်ခွဲရုံကို ပို့ပေးလိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။

ကျန်းမာရေးမကောင်းသဖြင့် သေဆုံးသည်ဟု သိရကြောင်း အထက်ပါ အသင်းဝင်က ဆိုသည်။

အဆိုပါအမျိုးသားမှာ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ မည်သို့ ရောက်ရှိနေသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ကော့သောင်းမြို့ ဆိပ်ကမ်းသာပန်းခြံနှင့် ရှစ်ကွင်းရွာဥယျာဉ်ခြံတစ်ခုတို့တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း နှစ်လောင်းတွေ့ရှိခဲ့သေးသည် ။

ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင်ပင် ကော့သောင်းမြို့တွင် ပိုင်ရှင်မဲ့ အဖြစ် သင်္ဂြိုဟ်ပေးနေရသည့် ရုပ်အလောင်းသုံးလောင်း ရှိပြီဖြစ်ကြောင်း ကော့သောင်းအခြေစိုက် လူမှုကူညီရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။