BREAKING
March 9, 2025

တနင်္သာရီတိုင်းတွင် မှတ်ပုံမတင်ထားသည့် ဖုန်းဆင်းကတ်သုံးစွဲမှု စစ်ဆေးဖမ်းဆီးရန် စစ်ကောင်စီ စီစဉ်

March 9, 2025

ဓာတ်ပုံ - Phone shop

မှတ်ပုံတင်ထားခြင်းမရှိသည့် ဖုန်းဆင်းကတ်များကို စစ်ဆေးဖမ်းဆီးရန်အတွက် တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့တွင် တနင်္သာရီတိုင်း အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည် ဖြစ်သည်။

တရားမဝင်ဆင်းကတ်ရောင်းချမှု စစ်ဆေးရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်ဦးဆောင်ပြီး တိုင်းအစိုးရအဖွဲ့ရုံးတွင် မတ်လ ၄ ရက်က ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီက မတ်လ ၈ရက်တွင်သတင်းထုတ်ပြန်ထားသည်။

ထိုအစည်းအဝေးသို့ အော်ရီဒူး၊ MPT၊ အက်တမ် စသည့် ဖုန်းအော်ပရေတာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် တိုင်းအဆင့် တရားမဝင်ဆင်းကတ် စစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းထားပြီး ခရိုင်၊ မြို့နယ်အလိုက် စစ်ဆေးရေးအဖွဲ့များကို ထပ်မံဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုအစည်းအဝေးတွင် စစ်ကောင်စီခန့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

မှတ်ပုံမတင်ထားသည့် ဆင်းကတ်ဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ E-Commerce ထိခိုက်သည့်လုပ်ရပ်များ လုပ်ဆောင်မှု များပြားလာသည့်အတွက် ထိုကဲ့သို့ စစ်ဆေးကြပ်မတ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မှတ်ပုံမတင်ထားသော ဆင်းကတ်များကို ရောင်းချခြင်း၊ သုံးစွဲခြင်းတို့ပြုလုပ်ပါက ဆက်သွယ်ရေးဥပဒေ ၇၂ အရ အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကောင်စီက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်စွဲဖြင့် အမိန့်ထုတ်ထားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ သည် အမြင့်ဆုံးထောင်ခြောက်လအထိ ချမှတ်နိုင်ပြီး ငွေဒဏ်လည်းချမှတ်နိုင်သည့်အပြင် ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်သည်။

ထားဝယ်မြို့ရှိ ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးကမူ ထိုကဲ့သို့ စစ်ဆေးတင်းကြပ်လာပါက ဆင်းကတ်များ တင်မရောင်းရန်သာ ရှိကြောင်း ပြောဆိုသည်။

“ရောင်းဖို့ စပြီးဝယ်ကတည်းက ဆင်းကတ်တော်တော်များများက ကုမ္ပဏီကနေ မှတ်ပုံတင်ထားပြီးသားတွေပဲ များတယ်။ ဖုန်းဆိုင်တွေမှာ ဆင်းကတ်ရောင်းလို့ ဘယ်လောင်မှ (အမြတ်) ရတာမဟုတ်တဲ့အတွက် အဲဒီဆင်းကတ်တွေကို ကိုယ်ဘာသာ မှတ်ပုံတင်ပြီးရောင်းတဲ့ဆိုင်လို့မရှိဘူး။ အခုလိုမျိုး စစ်ဆေးမယ်လုပ်လာရင်တော့ ဆိုင်မှာမတင်ဘဲထားလိုက်တော့မယ်” ဟု ၎င်းက ပြောသည်။

ဆင်းကတ်များ စစ်ဆေးဆောင်ရွက်မည်ဆိုသည့်အပေါ် ထားဝယ်မြို့ခံအချို့ကလည်းစိုးရိမ်ကြောင်း ပြောဆိုကြသည်။

“အရင်က ဖုန်းထဲ VPN စစ်သလိုမျိုး စစ်ပြီး ပိုက်ဆံတောင်းတာတွေ ဖြစ်လာမယ်နဲ့တူတယ်” ဟု မြို့ခံလူလတ်ပိုင်းတစ်ဦးက ပြောသည်။

ရန်ကုန်အပါအဝင် အခြားမြို့တို့တွင်မူ ဖုန်းအရောင်းဆိုင်များသို့ ဝင်ရောင်ပြီးဆင်းကတ်ရောင်းချနေမှုများကို စစ်ဆေးမှုများ စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီဖြစ်သည်။