ထားဝယ်အရှေ့တောဒေသ အညာဖျားရွာအနီး၌ မတ်လ ၇ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် PDF နှစ်ဦးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
အညာဖျားရွာအနီးက ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (T1) စခန်းကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး PDF နှစ်ဦးသေဆုံးကြောင်း ၎င်းတို့က ဆိုသည်။
နံနက် ၁၀ နာရီခန့်တွင် T1 စခန်းများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် K8W ဂျက်ဖိုက်တာ တစ်စင်းဖြင့် T1 စခန်း သင်တန်းကျောင်းကွင်းပြင်ထဲကို ဗုံးတစ်လုံး၊ ဆိပ်ချောင်းရွာနှင့် ညောင်ချောင်းရွာကြားကို ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။
“ညောင်ချောင်းရွာထဲကို တစ်လုံးကြဲချခဲ့တာမှာ သုံးယောက်ထိတယ်။ တစ်ယောက်ကတော့ ခြေပြတ်သွားတယ်။ အရပ်သားတွေချည်းပဲ။ သင်တန်းကျောင်းထဲကို ကြဲသွားတာမှာတော့ လူထိခိုက်မှုမရှိဘူး” စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
နှစ်ဖက်တိုက်ပွဲတွင် တော်လှန်ရေးတပ်ဘက်က နှစ်ဦးသေဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရသူ နှစ်ဦးနှင့် အထက်ရှိကြောင်းလည်း စစ်ရေးသတင်းအရင်းအမြစ် နောက်တစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုတွင်မူ PDF စခန်းတစ်ခုကို တိုက်ခိုက်နိုင်ခဲ့ပြီး M-4 သေနတ်တစ်လက်၊ ပစ်စတိုသေနတ်တလက်၊ အလောင်းနှစ်လောင်း သိမ်းဆည်းရရှိပြီး လူနေတဲ ကိုးလုံး၊ ထမင်းချက်ဆောင်တဲ တစ်လုံး၊ ကင်းတဲတစ်ခု ဖျက်ဆီးခဲ့ကြောင်း ရေးသားထားသည်။
T1 စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်မီးရှို့ခဲ့သည့်ကိစ္စနှင့် ထိခိုက်မှုအခြေအနေတို့ကို မေးမြန်းနိုင်ရန်အတွက် ထားဝယ်ခရိုင် အမှတ် (၁)တပ်ရင်းက တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရသေးပေ။
တိုင်းစစ်ဌာန (တနင်္သာရီ) ၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားကမူ ယင်းကိစ္စပြောဆို၍ မရသေးဟု အကြောင်းပြန်သည်။
လက်ရှိမှာ တိုက်ပွဲဆက်ဖြစ်မည့် အနေအထားရှိနေပြီး လေယာဉ်ပျံဝဲနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
ဥယျာဉ်ကြီးရွာက အသက် ၃၀ ကျော် ဇနီးမောင်နှံနှစ်ဦးနှင့် အသက် ၁၀ နှစ်ကျော်အရွယ် သမီးဖြစ်သူတို့ သားမိသားဖ သုံးဦးမှာ မတ်လ ၇ရက်က စစ်ကောင်စီတပ် စစ်ကြောင်းနှင့်တိုးကာ ဖမ်းဆီးခံထားရပြီး ယနေ့ မတ်လ ၉ရက်အထိ ပြန်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောသည်။
နှစ်ဖက်တိုက်ပွဲကြောင့် ဥယျာဉ်ကြီးရွာနှင့် အညာဖျားရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။