BREAKING
March 9, 2025

ဥရောပလက်နက်ကုမ္ပဏီများ ထုတ်လုပ်အားမြှင့်တင်ရန် နေတိုးအတွင်းရေးမှူးချုပ် တိုက်တွန်း

March 9, 2025

ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်ခြင်းသည် ဥရောပတိုက်ကို ကာကွယ်ရေးအတွက် ပထမဆုံး ခြေလှမ်းဖြစ်ပြီး ဥရောပလက်နက်ကုမ္ပဏီများအနေဖြင့် လက်နက်များများ ထုတ်လုပ်ပေးပြီး တာဝန်ကျေကြဖို့ လိုကြောင်း နေတိုးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ Mark Rutte က တိုက်တွန်းပြောဆိုလိုက်သည်။

ဥရောပတွင် လက်နက်ပစ္စည်း မဆိုစလောက်သာ ထုတ်လုပ်နေခဲ့သည်မှာ အချိန်များစွာကြာခဲ့ပြီဟု ၎င်းက ဆိုသည်။

ဂျာမဏီကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများကို ၎င်းက ချီးမွမ်းခဲ့သော်လည်း ဥရောပအတွက် လိုအပ်သလောက် မထုတ်လုပ်နိုင်သေးကြောင်း မှတ်ချက်ပေးခဲ့သည်။

“ကျွန်တော်တို့ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကိုလည်း လျင်လျင်မြန်မြန် တိုးမြှင့်ဖို့ လိုအပ်ပါတယ်။ အဲဒီမှာ လက်နက်ခဲယမ်း ၊ တင့်ကား ၊ ဂျက်လေယာဉ် ၊ ဂြိုဟ်တုနဲ့ ဒရုန်းတွေလည်း ပါဝင်ပါတယ်”ဟု ၎င်းကပြောသည်။

အဖွဲ့ဝင် ၃၂ နိုင်ငံ ပါဝင်သည့် နေတိုးအဖွဲ့၏ အခန်းကဏ္ဍကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မေးခွန်းထုတ်လာချိန်တွင် ဥရောပနိုင်ငံများသည် ရုရှားရန်မှ ကာကွယ်နိုင်ရေးအတွက် အကြီးစားလက်နက်တပ်ဆင်မှု ပြန်လည်ပြုလုပ်လာကြသည်။ နေတိုးအဖွဲ့တွင် အမေရိကန်နှင့် ကနေဒါတို့ ပါဝင်ပြီး ဥရောပနိုင်ငံအများစုလည်း ပါဝင်ကြသည်။

“စစ်လက်နက်စက်ရုံတွေနဲ့ လက်နက်ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိချုပ်အတော်များများဆီကို ကျွန်တော် သွားရောက်လည်ပတ်ခဲ့ပြီးပါပြီ။ ကျွန်တော် သူတို့ကို ပေးခဲ့တဲ့ သတင်းစကားက ရှင်းပါတယ်။ ဝယ်လိုအားက ဒီမှာ ရှိနေပြီ။ ဒါကို ဖြည့်ပေးဖို့ မင်းတို့ကို အားကိုးတယ်ဆိုတာပဲ” ဟု နယ်သာလန်ဝန်ကြီးချုပ်က ဆိုသည်။

ဂျာမဏီအစိုးရက ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန်အတွက် ကြွေးမြီစည်းမျဉ်းများကို ပြောင်းလဲရန် ပြင်ဆင်လာသည်။ ဥရောပကာကွယ်ရေးအတွက် အဏုမြူလက်နက်ကို အသုံးပြုနိုင်ရေး ပြင်သစ်ကလည်း အဆိုပြုလာသည်။

ကြာသပတေးနေ့က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့သည့် အရေးပေါ်အစည်းအဝေးတွင် ဥရောပသမဂ္ဂခေါင်းဆောင်များက ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရေးအတွက် ဥရောပနိုင်ငံများကို ယူရို ၁၅၀ ဘီလီယံအထိ ထုတ်ချေးပေးမည့် အစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဥရောပနိုင်ငံများအနေဖြင့် ၎င်းတို့ တိုင်းပြည်၏ အစိုးရဘတ်ဂျက်မှ ကာကွယ်ရေးအသုံးစရိတ်အတွက် လေးနှစ်တာကာလအတွင်း ယူရို ၆၅၀ ဘီလီယံအထိ သုံးစွဲနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

Source: Bloomberg Photo – RFE