BREAKING
March 9, 2025

ရုရှားလက်နက်များ မဝယ်ရန် အိန္ဒိယကို အမေရိကန် တိုက်တွန်း

March 9, 2025

အိန္ဒိယအနေဖြင့် ရုရှားလက်နက်များ ဝယ်ယူနေမှုကို ရပ်တန့်သင့်ကြောင်း အမေရိကန် စီးပွားရေးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်သည်။

ယင်းမှာ အိန္ဒိယ-အမေရိကန်ဆက်ဆံရေး ခိုင်မြဲရေးအတွက် မုချလိုအပ်သည့်အရာတစ်ခုဟု အမေရိကန်စီးပွားရေးဝန်ကြီး Howard Lutnick က ဆိုသည်။

“အိန္ဒိယနိုင်ငံဟာ သမိုင်းကြောင်းတစ်လျှောက် ရုရှားဆီကနေ စစ်ဘက်ပစ္စည်းတွေကို အတော်သိသာများပြားတဲ့ ပမာဏနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါဟာ အဆုံးသတ်ရမယ့် အရာတစ်ခုလို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ရုရှားလက်နက်များကို အစားထိုးရေးအတွက် အဆင့်မြင့်ကာကွယ်ရေးစနစ်များကို အိန္ဒိယအား ထောက်ပံ့ပေးရန် အမေရိကန်အစိုးရက ဆန္ဒရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

BRICS အဖွဲ့ထဲတွင် အိန္ဒိယနိုင်ငံပါဝင်နေမှုကလည်း အိန္ဒိယ-အမေရိကန် ဆက်ဆံရေးကို တင်းမာစေသည့် အရာတစ်ခု ဖြစ်ကြောင်း အမေရိကန်စီးပွားရေးဝန်ကြီးက ထောက်ပြသည်။

ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာကို အစားထိုးနိုင်မည့် ငွေကြေးတစ်ရပ်ကို ထူထောင်ရန် BRICS အဖွဲ့က ကြိုးပမ်းနေသည်ကို ၎င်းက ဝေဖန်ခဲ့ပြီး ယင်းမှာ အိန္ဒိယ – အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေသည့် အရာဟုလည်းဆိုလိုက်သည်။

အမေရိကန်ဒေါ်လာကို အစားထိုးနိုင်ရေး ဘုံသဘောတူလက်ခံသည့် ရပ်တည်ချက်တစ်ခု BRICS အဖွဲ့တွင် မရှိသေးကြောင်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။

BRICS အဖွဲ့တွင် ပါဝင်သည့် ရုရှားနှင့် အီရန်သည် အမေရိကန်အစိုးရ၏ ပြင်းပြင်းထန်ထန် အရေးယူပိတ်ဆို့မှုကို ခံနေရပြီး ယင်းနှစ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ရန် အကန့်အသတ်များကို လျှော့ချနိုင်ရန်အတွက် အမေရိကန်ဒေါ်လာကို အစားထိုးမည့် ငွေကြေးတစ်ရပ် ထူထောင်ရန် ဦးစားပေးနေကြခြင်း ဖြစ်သည်။

အိန္ဒိယကို လက်နက်တင်ပို့သည့် အဓိကနိုင်ငံများထဲတွင် ရုရှားက ဆယ်စုနှစ်များစွာ ပါဝင်နေခဲ့သည်။

အိန္ဒိယအနေဖြင့် ရုရှားလက်နက်များ မဝယ်ယူရေးကို အမေရိကန်အစိုးရက အချိန်အတော်ကြာ ဖိအားပေးလာခဲ့သည်။

ပြီးခဲ့သည့်လတွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီ အိမ်ဖြူတော်သို့ သွားရောက်လည်ပတ်စဉ်ကလည်း အမေရိကန်သမ္မတထရမ့်က ရုရှားလက်နက် မဝယ်ရန် တိုက်တွန်းခဲ့သည်။

အိန္ဒိယထံ F-35 ဂျက်ဖိုက်တာလေယာဉ်များ ရောင်းချရန် အမေရိကန်အနေဖြင့် လမ်းဖွင့်ထားကြောင်း ထရမ့်က ပြောဆိုခဲ့ဖူးသည်။ ယင်းမှာ အိန္ဒိယ- အမေရိကန် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွင် သိသာထူးကဲသည့် ခြေလှမ်းအရွေ့တစ်ခု ဖြစ်သည်။

Source: India Today