BREAKING
November 21, 2024

အမှောင်ထဲမှ မင်းသားများ ၁၉၉၀

March 9, 2023

Princes in The Darkness 1990s

အခန်း(၂၀)

ဘဏ်ရှေ့တွင် အလုအယက်တန်းစီနေကြသော လူတန်းကြီးကို မြင်သည့်အခါ ဗေဒါစိတ်ထဲတွင် လိပ်ပြာမလုံတော့။

နောက်မှ သေချာပြန်စဉ်းစားပြီး…ထိုလူများအပြင်.ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သနားလာမိ၏။

အဘယ်ကြောင့်ဆိုသော်..ဗေဒါသည် ဂျာနူးနှင့် ယူမည်ဟု စိတ်ကူးထားစဉ်က အာရှဓနနှင့် မေဖလားဝါးတို့တွင် သူ့ပိုင်ငွေများ ကို ထည့်ထားခဲ့သည်။

ယခုကိစ္စများ ဖြစ်လာစေမည့် လုပ်ငန်းတွင် သူကိုယ်တိုင် ပါဝင်ခဲ့သော်လည်း….ဘာဖြစ်လာမည်ကို သူမသိခဲ့။

မစ္စတာလုတို့ကလည်း ပေးမသိ။

သို့သော် သူပိုက်ဆံတွေ မဆုံးရှုံးနိုင်ဆိုတာကိုတော့ ဗေဒါ သိပါသည်။

လောလောဆယ်တွင်ပင် ထောက်လှမ်းရေးတပ်ကြပ်ကြီးက အကုန်ပြန်ထုတ်ပေးမည်ဟု ကမ်းလှမ်းနေသည် မဟုတ်ပါလား။

ထိုကာလများအတွင်း မစ္စတာလု တို့ သားအဖတတွေကတော့…အောင်ပွဲတစ်ခုနှယ်..ပျော်ရွှင်နေကြ၏။

ပြင်ပရှိ လူများကတော့ ဘဏ်များရှေ့တွင် နေပူစပ်ခါး အလုအယက်တိုးဝှေ့ကာ သူတို့၏ ကိုယ်ပိုင်ငွေများအတွက် ရင်ပူနေကြဆဲ။

ဗေဒါ လည်း မနေသာ။

သူ့ငွေများအတွက် ကကလှမ်းမှ ဗိုလ်ကြီးရန်နိုင်မြင့်တို့ ဆီ အပူလှမ်းကပ်ရပြန်သည်။

မကြာမီ ဗေဒါအပ်ထားသည့် ငွေများ အကုန်နီးပါး ပြန်ရလိုက်ပါသည်။ ထို့ပြင်…ငွေထုတ်ကိစ္စများကို ထောက်လှမ်းရေးများနှင့်တွဲလုပ်နေသည့် နာမည်ကြီးရုပ်ရှင်မင်းသမီးတစ်ယောက်နှင့်ပါ ဗေဒါ ရင်းနှီးသွား၏။

ထိုမင်းသမီးကလည်း သိင်္ဂီလင်းနှင့် ကိစ္စကတည်းက ဗေဒါကို သိနေသူဖြစ်သည်။

အမြဲတန်း ငွေလိုနေသော ထိုမင်းသမီးကို ဗေဒါ ကြာကြာမစည်းရုံးလိုက်ရ။

ထိုမင်းသမီးထံမှ တဆင့် ဗေဒါတို့ထံမှ ပစ္စည်းများအား ရုပ်ရှင်လောကထဲ ဖြန့်ဖြူးရန် ဈေးကွက်သစ်တစ်ခု ရရှိလိုက်တော့၏။ရုပ်ရှင်လောကထဲရောက်သည်ဆိုတော့ ရုပ်ရှင်မင်းသမီးများကို စပွန်ဆာပေးနေကြသည့် ဗိုလ်ချုပ်သားများ အသိုင်းအဝိုင်းသို့ပါ တခါတည်းရောက်ရှိပျံ့နှံ့သွား၏။

တိုင်းမှူးများ၏ သားသမီးများပင် ဗေဒါတို့ စျေးကွက်၏ အဓိက ဝယ်လက်များ ဖြစ်လာကြတော့သည်။

မစ္စတာလုကတော့ ဗေဒါကို ချီးကျူး၍ မဆုံး။

လောမိသားစု၏ လူယုံစာရင်းတွင် ဂျာနူးနဲ့ အတူ ဗေဒါက ထိပ်မှ ပြေးလာခဲ့သည်။

လောမိသားစုအတွက် အယုံကြည်ရဆုံး မိသားစုဆရာဝန်ရှာဖွေရေးကိစ္စကိုလည်း ဗေဒါပင် ရှာပေးခဲ့ရ၏။

ဗေဒါက အလုပ်ကို ဖိလုပ်နေ‌သော်လည်း တခါတရံ မေယုကြေးမုံနှင့် ဧရာအကြောင်းက ခေါင်းထဲ ဝင်လာခဲ့သည်။

ဧရာနေခဲ့ဖူးသော တိုက်ခန်းကို သွားခဲ့သော်လည်း တိုက်ခန်းမှာ ရောင်းချသွားခဲ့ပြီး လူသစ်များပင် နေနေပြီဖြစ်သည်။

မေယုကြေးမုံ ဆိုသော သေးသေးညှက်ညှက်၊ သွက်သွက်လက်လက် ထိုကောင်မလေးလည်း ဘယ်ဆီ၊ ဘယ်ဝယ်တွင်မသိ။

……………………………….

ဗေဒါ နှင့် ဂျာနူးတို့၏ ရှေ့တွင် လေယာဉ်လက်မှတ် တစ်စောင်စီ။

မစ္စတာလုက စီးကရက်ကို ဖွာနေရင်းမှ ကျောက်စိမ်းပြာခွက်အတွင်းသို့ ထိုးချေလိုက်သည်။

“မနက်ဖြန်..ဗေဒါက ဂျာနူးကို ကိုးမိုင်ခြံမှာ ဝင်ခေါ်ပြီး လေဆိပ်ကို တန်းဆင်းသွား..ဟိုမှာ မင်းတို့ ယူသွားရမယ့် ပစ္စည်းတွေနဲ့အတူ လောရှည် စောင့်နေလိမ်မ့ယ်”

“ဟုတ်ကဲ့”

“စင်္ကာပူမှာ မင်းတို့ သုံးရက်နေရမယ်..မင်းတို့အတွက် ဟိုတယ်ခန်းလည်း ငါအသင့်စီစဉ်ပြီးသား…သုံးစွဲဖို့ ငွေလည်း ပေးလိုက်မယ်..ပျော်သလိုသာနေခဲ့ကြ”

မစ္စတာလု စကားကိုဗေဒါက နားမလည်။

“ကျွန်တော်တို့က ဟိုမှာ ဘာတွေလုပ်ရမှာလဲ…မစ္စတာလု”

“ဘာမှမလုပ်နဲ့….အခု မနက်ဖြန်လေယာဉ်နဲ့လိုက်သွား…စင်္ကာပူလေဆိပ်ရောက်ရင်..ငါတို့ရုံးကလူတွေ လာကြိုလိမ့်မယ်…ငါထည့်ပေးလိုက်တဲ့ ပစ္စည်းတွေကို သူတို့လက်အပ်ပြီးတာနဲ့. မင်းနဲ့ ဂျာနူး စင်္ကာပူမှာ အေးအေးဆေးဆေးလျှောက်လည်ကြတော့…သုံးရက်နေရင်တော့ ပြန်လာဖို့ ငါပဲ စီစဉ်ပေးမယ်”

ဗေဒါလည်း ဆက်မေးမနေတော့။ မစ္စတာလု နှင့် စတွေ့စဉ်ကတည်းကလည်း ထိုအတိုင်းပဲမဟုတ်လား။

……………………………….

နောက်တစ်နေ့နံနက်တွင် ဗေဒါက ဂျာနူးကို ကိုးမိုင်ခြံတွင် ဝင်ရောက်ခေါ်ခဲ့၏။

ဂျာနူးက အထူးပင် မြူးကြွနေသည်။ ဗေဒါလည်း ထိုနည်းလည်းကောင်း။

သူတို့နှစ်ယောက်၏ ဇာတ်လမ်းကို သိသိကြီးနှင့် မစ္စတာလုက ခရီးအတူသွားခိုင်း၊ ဟိုတယ်တစ်ခုတည်း အတူတည်းခိုင်းသည်မှာ မည်သည့်အတွက်ကြောင့်နည်း။

ယခုသူတို့နှစ်ယောက်နှင့်အတူ ထည့်ပေးလိုက်မည့် ပစ္စည်းတွေကရော..ဘာလဲ။

မေးခွန်းတွေကို ဗေဒါ အဖြေမရှာနိုင်အား။

ကားပေါ်တက်တက်ခြင်းပင်..ဂျာနူး၏ နှုတ်ခမ်းလေးများက သူ့မျက်နှာ ဧရိယာပေါ် ကျူးကျော်လောသောကြောင့်ပင်။

ခဏအကြာတွင် ဂျာနူး၏ ဖုန်းမှ အသံမြည်လာ၏။

“စင်္ကာပူ ကျမှ…..နော်”

ဂျာနူးက ပြောပြောဆိုဆိုဖြင့် ဖုန်းကို ကိုင်လိုက်၏။ မစ္စတာလုထံမှဖုန်း။

ဗေဒါက ကားကိုမောင်းထွက်လိုက်သည်။

ဂျာနူးကတော့ မစ္စတာလုဖုန်းကို တဖက်က ကိုင်ကာ တစ်ဖက်က မှတ်စုစာအုပ်ဖြင့် လိုက်မှတ်နေသည်။

“လေဆိပ်ကွပ်ကဲရေး ရုံးရှေ့အထိမောင်း”

ကွပ်ကဲရေးရုံးရှေ့သို့ရောက်သောအခါ ကားနှစ်စီးဖြင့် အသင့်စောင့်နေသည့် လောရှည်ကိုတွေ့ရ၏။ လောရှည်ဘေးတွင်လည်း သူ့တပည့် ဆယ်ယောက်ခန့်ဖြင့်။

သူတို့အား ဒီလောက်လူအင်အားဖြင့် လိုက်ပို့သည်ဆိုတော့ ဗေဒါပင် အံ့ဩရသည်။

ဂျာနူးက ကားပေါ်မှ မဆင်းသေးပဲ..ဖုန်းတစ်လုံးကို ခေါ်လိုက်၏။

မကြာမီ ကွပ်ကဲရေးရုံးထဲမှ တပ်မတော်လေဝတ်စုံဖြင့် အရပ်ခပ်မြင့်မြင့် လူတစ်ယောက်ထွက်လာသည်။

“ကဲ..ကားပေါ်က ဆင်းကြစို့..အကို”

ဗေဒါရော ဂျာနူးပါ ကားပေါ်မှ ဆင်းလိုက်၏။

ထိုသူက ဗေဒါတို့ထံ တည့်တည့်လျှောက်လာသည်။

“အကို..ခဏနော်”

ဂျာနူးက ဗေဒါကို နေခဲ့ရန်ပြောပြီး ထိုလူထံသို့ လျှောက်သွားပြီး စကားခပ်တိုးတိုးပြောကြ၏။

ထို့နောက် လောရှည်ကို လှမ်းခေါ်ကာ ထိုသူနှင့် လိုက်သွားရန် ပြောသည်။

လောရှည်က သူ့တပည့်များအား အမိန့်ပေးလိုက်သဖြင့် ကားနှစ်စီးတိုက်စာတင်လာသော အိတ်အမဲများကို သယ်ကာ..ထိုသူနောက်သို့ လိုက်သွားကြ၏။

ဂျာနူးနှင့် ဗေဒါက လေဆိပ်ခရီးသည်နားနေခန်းတွင် ဝင်ထိုင်နေလိုက်သည်။

နာရီဝက်ခန့်အကြာ လေတပ်အရာရှိ ရောက်လာပြီး ဂျာနူးနှင့် စကားများပြောကြပြန်သည်။

လောရှည်လည်းအနောက်ပါလာပြီး ဗေဒါကို နှုတ်ဆက်ကာ ပြန်သွား၏။

မကြာမီ သူတို့နှစ်ဉီး လေယာဉ်ပေါ်သို့ တက်ခဲ့တော့သည်။

လေယာဉ်ပေါ်တွင် ဂျာနူးက ဗေဒါ၏ ပုခုံးလေးကို မှီကာ လိုက်ပါလာသည်။

ဗေဒါကတော့ လေဆိပ်တွင် သယ်ယူခဲ့သည့် အိတ်အနက်ရောင်များမှာ မည်သည့်ပစ္စည်းများဖြစ်သည်ကို အဖြေထုတ်နေမိ၏။

ဗေဒါ ပုခုံးကို မှီကာအိပ်နေသော ဂျာနူးက ဘယ်အချိန်ထဲက နိုးနေသည်မသိ..ဗေဒါကို မော့ကြည့်နေသည်။

“ဘာတွေ..တွေးနေတာလဲ..အကို”

“အင်း..ဘာမှ မဟုတ်ပါဘူး”

“ဂျာနူး သိပါတယ်..အခု ဂျာနူးတို့ သယ်လာတဲ့ အထုတ်တွေ အကြောင်းမဟုတ်လား”

ဗေဒါ ခေါင်းညိတ်ပြလိုက်သည်။

“အဲ့ဒါ..ပြီးခဲ့တဲ့လက…မစ္စတာလုခြံထဲမှာ အကိုတို့သွားယူခဲ့ကြတဲ့ ဒေါ်လာတွေလေ….ခုန ဂျာနူးနဲ့ စကားပြောခဲ့တာ လေတပ်ထောက်လှမ်းရေးက ဗိုလ်ကြီးတင်မောင်လှိုင်ပဲ”

အိတ်အမဲကြီးများဖြင့် ရှစ်ထုတ်တိတိ သယ်လာခဲ့သည်က ဒေါ်လာများတဲ့။ ကာလတန်းဖိုးအားဖြင့် နည်းသည်မဟုတ်။

ထိုပမာဏကို မြန်မာပြည်တွင်းမှ စင်္ကာပူသို့ ထုတ်သည်ဆိုသည့် ကိစ္စက လွယ်ကူသည့်ကိစ္စမဟုတ်။

နှစ်နိုင်ငံလုံးရှိ ဆိုင်ရာပိုင်ရာများနှင့် အတော်လေးပင် ညှိနှိုင်းရမည်ကိစ္စ။

မစ္စတာလုတို့ကတော့ ထိုကိစ္စကို အလွယ်တကူပင် သယ်ထုတ်လာနိုင်ခဲ့သည်တဲ့။

ပြည်တွင်းမှ ဒေါ်လာများ ပြည်ပသို့ ယိုစီးမှု။

ထိုကိစ္စကြီးကို ဗေဒါနှင့် ဂျာနူးက ဉီးစီးလုပ်နေခြင်း။

ဗေဒါက သက်ပြင်းချလိုက်၏။

စင်္ကာပူလေဆိပ်ရောက်သည့်အခါ ဗေဒါမှာ အတော်လေးပင် စိတ်ပူပင်ရသည်။

သို့သော် ဂျာနူးကတော့ ပေါ့ပေါ့ပါးပါးပင်။

လေဆိပ်မှ အရာရှိတစ်ချို့နှင့် စကားပြောဆိုပြီး…သက်သက်သာသာပင် ထွက်လာကြသည်။

ဒေါ်လာအိတ်များကိုလည်း မစ္စတာလုတို့၏ စင်္ကာပူရုံးခွဲမှ ကားဖြင့် အေးအေးဆေးဆေးပင် လာသယ်ထုတ်သွားကြ၏။

ဂျာနူးက စင်္ကာပူဖုန်းကဒ်တစ်ခု ထည့်ပြီးသည်နှင့် မစ္စတာလုထံ ဖုန်းခေါ်ကာ သတင်းပို့လိုက်သည်။

ထို့နောက် နောက်ထပ် ဖုန်းနှစ်ခါတိတိ ခေါ်ကာ စကာပြောနေ၏။

“ဘယ်ကို ဆက်တာလဲ..ဂျာနူး”

ဗေဒါက မေးလိုက်၏။

“ဪ.ဟိုတယ်ကို ဆက်တာပါ…မစ္စတာလုက စင်ဂယ်ခန်း နှစ်ခန်းယူပေးထားတာလေ..အဲ့ဒါကို ကင်းဆိုဒ် လယ်ဇရီခန်း ချိန်းယူလိုက်တာ”

ဂျာနူးက ရှက်ပြုံးလေးဖြင့်။

ထိုရှက်ပြုံးလေးများသည်ကပင် ဗေဒါအတွက် ခွန်အားဖြိုးမောက် အေဘီစီစတောက်..ဖြစ်ရသည်ပဲ။

……………………………….

ဗေဒါ နိုးလာတော့…ဂျာနူး ဘေးမှာ ရှိမနေ။

အခန်းလိုက်ကာကို ဆွဲဖွင့်လိုက်သည့်အခါ အပြင်တွင် အတော်ပင် နေမြင့်နေချေပြီ။

မနေ့က လေယာဉ်စီးရသည်က ဒီလောက် မပင်ပန်း။ စင်္ကာပူ၏ ညဈေးများတွင် လျှောက်လည်ပြီး ပြန်အိပ်ချိန်မှ ပင်ပန်းသွားခြင်းပင်။

ဗေဒါက မျက်နှာသစ်၊ ရေမိုးချိုးပြီးနောက် ဘရိတ်ဖတ်စားရန် ဟိုတယ်စားသောက်ခန်းသို့ ဆင်းလာခဲ့လိုက်၏။

စားသောက်ခန်းတွင် ဂျာနူး ရှိနေမည်ထင်သော်လည်း မရှိ။

ဗေဒါလည်း ဘူဖေးခင်းထားသည့် စားစရာများကို ထည့်ကာ ထိုင်စားနေလိုက်သည်။

“ဟိတ်..ဆရာကြီး..စားနေပြီလား”

ဂျာနူး၏ အသံ။

ဂျာနူး ပုံစံက တစ်နေရာမှ ပြန်လာသည့်ပုံစံ။

“ကျွန်တော့်ကိုတောင် နှိုးမသွားဘူး..ဘယ်သွားတာလဲ..ဂျာနူး”

“မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့တာပါ”

ဗေဒါ ဆက်မေးမနေတော့။ မစ္စတာလုတို့၊ ဂျာနူးတို့ဆိုသည်က ဝှက်ဖဲတွေကိုယ်စီနှင့်။ မည်မျှပင် ရင်းနှီးနှီး သူတို့ အလုပ်ကိစ္စများကို အကုန်လုံးပေးမသိကြသည်က သူတို့ထုံးစံ။

“ဂျာနူး စားပြီးပြီလား”

“အင်း..ခုန မိတ်ဆွေနဲ့ စားပြီးသွားပြီ..အကို..ဒီနေ့ အကို..ဘယ်သွားချင်လဲ..ဘယ်သွားကြမလဲ”

“ကျွန်တော်မှ စင်္ကာပူမရောက်ဖူးတာ..ဂျာနူးပဲ စီစဉ်ပေါ့”

“အိုကေလေ..အကို”

……………………………….

စင်္ကာပူ၏ သုံးရက်တာ နေ့စွဲက ပြီးဆုံးခဲ့ပြီ။

အချိန်တန်ရင် အိမ်ပြန်ကြပြီပေါ့။

ချန်ဂီလေဆိပ်ထဲသို့ ဗေဒါနှင့် ဂျာနူး ဝင်လာကြ၏။

လေယာဉ်က မဆိုက်သေး။ ခရီးသည်နားနေခန်းတွင် သူတို့ထိုင်နေလိုက်ကြသည်။

ဗေဒါက မြန်မာပြည်အပြန်ခရီးအတွက် ဂျူတီဖရီးဆိုင်များတွင် အရက်ပုလင်းလက်ဆောင်များ ဝယ်ရန် တစ်ယောက်တည်း ထွက်လာခဲ့လိုက်၏။

ဂျာနူးကတော့ မစ္စတာလုထံ ဖုန်းဆက်ရင်း အလုပ်ရှုပ်ကျန်ခဲ့သည်။

လေဆိပ်အမှတ်တရဆိုင်ခန်းများတနေရာတွင် ဗေဒါ ရင်းရင်းနှီးနှီးကြားဖူးခဲ့သော အသံတစ်ခု။

ဗေဒါက ဆိုင်ခန်းထဲသို့လှမ်းကြည့်လိုက်၏။

“မေယုကြေးမုံ”

ကျောပိုးအိတ်သေးသေးလေးကို ဗေဒါက နောက်မှ ဆောင့်စွဲလိုက်၏။

“အမေ့”

မေယုကြေးမုံက အလန့်တကြားလှည့်ကြည့်လိုက်သည်။

သူတို့နှစ်ဉီး ဘာစကားမှ မပြောပဲ အပြန်အလှန်ကြည့်နေမိကြ၏။

“ဘဲကြီး…ဘဲကြီး..ဘယ်ကနေ..ဘယ်လို”

“လာပါဉီး..မင်းနဲ့ ငါ ပြောစရာရှိတယ်”

ဗေဒါက မေယုကြေးမုံ၏ လက်ကောက်ဝတ်ကို ဆွဲကာ ဆိုင်ထဲမှ ခေါ်ထုတ်လာခဲ့လိုက်သည်။

“မပြောမဆိုနဲ့ ဘာလို့ ပျောက်သွားရတာလဲ”

“ဟင်..မေယု ပျောက်သွားတာမဟုတ်ဘူး..မေယုပြန်မယ့်အချိန်မှာ ဘဲကြီးက ပျောက်နေတာ”

“မဟုတ်ဘူးလေ..မင်းအကို ကို တွေ့အောင် ငါကူညီခဲ့တာပဲ..တကယ်ဆို ငါပြန်လာချိန်ကို စောင့်ပြီး နှုတ်ဆက်ပြီးမှ ပြန်သင့်တာပေါ့..မင်းမှာ လူမှုရေးမရှိဘူးလား”

ဗေဒါ့စကားအဆုံးတွင် မေယုကြေးမုံ၏ မျက်နှာလေး သိသိသာသာ မှိုင်သွားသည်။

“ရီတာပြောလို့…မင်းပြန်သွားတာကို ငါသိလိုက်ရတယ်..ဧရာကို ငါလိုက်ရှာပေမယ့်လည်း ရှာမတွေ့တော့ဘူး..သူ့ကို မင်းခေါ်သွားတာလား”

“အဲ့ဒီ လူ အကြောင်း..မေယု ကို လာမပြောနဲ့တော့…အခုလည်း မေယု ဟာ မေယု စိတ်ကူးပေါက်ရာကို‌ လျှောက်သွားနေတာ….အဲ့ဒီကိစ္စတွေကို မေ့လိုက်ချင်လို့ပဲ”

“မင်း..ဧရာနဲ့ ဘာတွေဖြစ်ခဲ့လို့လဲ..မေယု…ငါ့ကို ပြောပြစမ်းပါ..အဲ့ဒီကောင်..မင်းကို ဘာလုပ်လဲ”

“တော်ပါ..ဘဲကြီးရယ်…မေယုကို ပစ်ထားတုန်းက ပစ်ထားပြီးတော့..အခုကျမှ..ဟန်ဆောင်ပန်ဆောင် စိတ်ပူပြမနေပါနဲ့”

“မေယုကြေးမုံ..ငါက ဘာကိစ္စ ဟန်ဆောင်ရမှာလဲ….ဧရာ..အဲ့ဒီကောင်..မင်းနဲ့ ဘာဖြစ်ခဲ့တာလဲ..မေယု”

မေယုကြေးမုံ၏ မျက်လုံးတွင် မျက်ရည်များ ရုတ်တရတ် ဝေ့သီလာ၏။

“မေယု..ကိုကြီးကို ပြောပါ…မေယု”

ဗေဒါက မေယုကြေးမုံ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း မေးလိုက်သည်။

မေယုကြေးမုံက ခေါင်းကို ငုံ့ထားဆဲ။ ရှိုက်သံတချက်။

“ပြောလေကွာ…မေယု………မေယုပြောမှ..ဘဲကြီး..သိရမှာပေါ့…ပြောပြနော်…လိမ္မာတယ်”

မေယုကြေးမုံ၏ ခေါင်းကလေး မော့လာသည်။

“သူ…သူ..နဲ့ မေယုက ဘာမှ မတော်ဘူးတဲ့”

“ဟင်”

“ဟုတ်တယ်..ဘဲကြီး…သူ့ကို ဆေးရုံမှာလည်း တောက်လျှောက်လိုလေသေးမရှိ မေယု ပြုစုပေးခဲ့ပါတယ်..ဆေးရုံဆင်းတော့လည်း ဘဲကြီးကို မေယုဆက်သွယ်သေးတယ်..ဘဲကြီးကို ဘယ်လိုမှ ဆက်သွယ်လို့မရဘူး…ဒါနဲ့ မမရီတာ နဲ့ တိုင်ပင်ပြီး သူ့အတွက် တိုက်ခန်းတစ်ခန်း မေယုငှားပေးခဲ့တယ်…ပြီးတော့ သူဘာလုပ်ချင်လဲ…တည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေးတစ်ခုလုပ်ချင်ရင်လုပ်ဖို့..မေယုကူညီပေးနိုင်တဲ့အကြောင်း သေချာရှင်းပြတယ်…ဘဲကြီး….မေယုက သူ့ကို မေယု့ အကိုအရင်းလို့ပဲ သိထားတာ..အဲ့ဒါကို သူက”

မေယုကြေးမုံက စကားကို ထပ်မပြောပဲ..ရပ်ထားလိုက်၏။

“ဆက်ပြောလေ..မေယု”

“တရက်..အဲ့ဒီတိုက်ခန်းမှာ သူ့အတွက် မေယုက ဟင်းချက်ပေးနေတုန်း..သူအနောက်က ရောက်လာတယ်..ပြီးတော့… မေယုကို ပြောစရာရှိတယ်တဲ့..မေယုက ဘာပြောမလို့တုန်းဆိုတော့…သူနဲ့ မေယုက ဘာမှ မတော်ဘူးတဲ့..ဦးကြေးမုံက သူ့ကို မွေးစားထားတာတဲ့”

“ဟင်”

“အဲ့ဒီမှာ မေယုလည်း ရုတ်တရက် အံဩသွားတာပေါ့”

“ပြီးတာနဲ့ သူက မေယုကို…မေယုကို”

“ဘာလုပ်တာလဲ..ဒီကောင်..မေယုကို ဘာလုပ်လိုက်လဲ..ဟာကွာ..”

မေယုကြေးမုံက စကားမဆုံးမီပင် ဗေဒါ၏ ရင်ခွင်ထဲတိုးကာ အိခနဲ ငိုချလိုက်တော့၏။

ဗေဒါက မေယု ၏ ပုခုံးလေးကို အလိုက်သင့်ဖက်ပေးထားမိသည်။

လေဆိပ်အတွင်းမှ ခရီးသွားများက သူတို့အား ကွက်ကြည့်ကြည့်သွားကြ၏။

“မေယုကို အကြိမ်ကြိမ်ပြောခဲ့ပါတယ်..ဒီကောင်တွေက ဒီလိုကောင်တွေဆိုတာ..တောက်..ဒီကောင် မေယုကို ဘာလုပ်လိုက်တာလဲ…ဗမာပြည်ရောက်ရင် လိုက်ရှာသတ်ပစ်မယ်”

ဗေဒါ့အသံ က အနည်းငယ်ကျယ်သွား၏။

“အကို”

ဗေဒါက မေယုကြေးမုံကို ဖက်ထားရင်းမှ အနောက်သို့ လှည့်ကြည့်လိုက်သည်။

ဂျာနူး က ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်လျက်။

ဗေဒါက မေယုကြေးမုံကို ရင်ခွင်ထဲမှ ဆွဲခွာလိုက်၏။

ဂျာနူးက ဗေဒါတို့ ရှိရာသို့ တလှမ်းချင်းလျှောက်လာသည်။

မေယုကြေးမုံက လည်း ဂျာနူးကို သေချာကြည့်နေသည်။

“လေယာဉ်ထွက်တော့မယ်..အကို”

“ဂျာနူး…သူက…”

“ကျွန်မ မေယုကြေးမုံပါ..မဂျာနူး”

မေယုကြေးမုံက ဂျာနူးကို လက်ကမ်းပေးလိုက်၏။

ဂျာနူးကလည်း အလိုက်သင့်ပင် နှုတ်ဆက်လိုက်သည်။

ဗေဒါမှာ သူတို့နှစ်ယောက်အလယ်တွင် အူလည်လည်ဖြင့်။

“ကဲ…သွားကြစို့..အကို”

ဂျာနူးက ဗေဒါ၏ လက်မောင်းကို တွဲကာ ခေါ်သွားမှ အသိပြန်ဝင်လာတော့သည်။

ဗေဒါတစ်ယောက် လေယာဉ်ပေါ် မည်သို့မည်ပုံ ရောက်လို့ ရောက်လာမှန်းပင်မသိတော့။

လေယာဉ်ပေါ်ရောက်သည်နှင့် ဂျာနူးက စကားတခွန်းမှမပြောတော့။

ဗေဒါလည်း ဘာပြောရမည်မသိ။

ဂျာနူးကို တခုခုပြောရန် ကြိုးစားကြည့်သည်။ သို့သော် ဘယ်က စလို့ ပြောရမှန်းပင်မသိ။

“ကောင်မလေးက ချစ်စရာလေးနော်”

ဂျာနူးကပင် စကားစလာ၏။

“နာမည်လေးကလည်း လှတယ်”

ဗေဒါ ခေါင်းသာ ညိတ်ပြလိုက်သည်။

“ဘာဖြစ်လို့..သူက ငိုနေတာလဲ”

ဗေဒါ ပြန်မဖြေ။

“ကျွန်တော်..အိပ်ချင်ပြီ..ဂျာနူး”

လေယာဉ်က တိမ်ထုထဲသို့ တရွေ့‌ရွေ့။

……………………………….

ရန်ကုန်လေဆိပ်သို့ ရောက်သည်နှင့် လောရှည်ကိုတွေ့ရသည်။

လောရှည်က ဗေဒါ့ကို ကားသော့ကမ်းပေးလိုက်၏။

“ဗေဒါ…မင်းကားထဲမှာ ..မင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေ အကုန်ငါထည့်လာပေးတယ်….မင်း ခရီးထွက်ရမယ်”

‌ဟော့..လာပြန်ပြီ..ခရီး‌ရောက်မဆိုက်။

ဗေဒါက ဂျာနူးကိုလှည့်ကြည့်လိုက်သည်။ ဂျာနူးက မျက်နှာခပ်တင်းတင်းဖြင့်ပင် သူ့အထုတ်အပိုးများကို စစ်ဆေးနေ၏။

“ကျွန်တော်က ဘယ်သွားရမှာလဲ..ကိုလောရှည်”

“ကားပေါ်ရောက်မှ မစ္စတာလုဆီ မင်းဖုန်းဆက်ကြည့်ပေါ့”

ဗေဒါလည်း ဂျာနူးကို နှုတ်ဆက်ရန် ကြည့်လိုက်တော့ ဂျာနူးက လေဆိပ်အပြင်သို့ ထွက်သွားခဲ့ပြီ။

ဗေဒါ ကားပေါ်ရောက်သည်နှင့် မစ္စတာလုထံ ဖုန်းခေါ်လိုက်၏။

“စင်္ကာပူမှာ ပျော်ခဲ့ရဲ့လား..ဗေဒါ”

“ဟုတ်ကဲ့..ပျော်ပါတယ်”

“မင်း..အခုပဲ ကျောက်စိမ်းကိုနေဝင်းအိမ်ကိုသွား…သူနဲ့ မင်း အလုပ်ရှိတယ်….ကားဒတ်ချ်ဘုတ်ထဲမှာ ငွေဆယ်သိန်းထည့်ပေးထားတယ်…ပြီး‌တော့ မင်းကိုင်နေကျ သေနတ်လည်းပါတယ်”

မစ္စတာလု က အပိုမပြော။ ဖုန်းချသွား၏။

ဗေဒါက သက်ပြင်းချလိုက်သည်။

နောက်ထပ်..နောက်ထပ်..ဘယ်လိုတွေ ဘယ်အထိ ခရီးဆက်ရဉီးမည်လဲ..မောင်ဗေဒါ။

ခက်ဇော်

အခန်း ၂၁ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>