BREAKING
February 21, 2025

လောင်းလုံးပအဖနဲ့ ဒေသခံတွေကြား ဘာလွဲနေလဲ

February 9, 2025

လောင်းလုံးမြို့နယ် ကျောက်ပုံကျေးရွာက ဒေသခံ ၇၀ လောက်က ‌ဖေဖော်ဝါရီလ ၈ ရက်နေ့ ‌ညနေ ၃ နာရီလောက်မှာ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ကို ရည်ရွယ်ဆန္ဒပြခဲ့ကြပါတယ်။

ကျောက်ပုံရွာမှာ မီးစက်မောင်းနေတဲ့ လူငယ်တစ်ယောက်ကို ပအဖအဖွဲ့က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖမ်းဆီးလိုက်ရာကနေ ဆန္ဒပြပွဲဖြစ်ပေါ်လာတာလို့ ဆန္ဒပြရာမှာပါဝင်တဲ့သူတွေက Dawei Watch ကို ပြောဆိုပါတယ်။

ဆန္ဒပြရာမှာပါတဲ့ ဒေသခံတွေ ပြောပြတာကတော့ ပအဖကခန့်အပ်ထားတဲ့ ကျောက်ပုံကျေးရွာရပ်ကျေး အုပ်ချုပ်ရေးတာဝန်ခံရဲ့ စေခိုင်းချက်အရ မီးစက်မောင်းတဲ့လူငယ်ကို ထားဝယ်ခရိုင်တပ်ရင်း(၁) ကရဲဘော်တွေ ဖမ်းဆီးတာလို့ဆိုပါတယ်။

လောင်းလုံးမှာ ဒီလိုဒေသခံတွေက ပအဖကို ဆန္ဒပြတာက စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ၄ နှစ်ကျော် ကာလအတွင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

နယ်နှင်ပြစ်ဒဏ်

မီးစက်မောင်းလူငယ်ဟာ အခြားရွာသားတစ်ဦးပါ။ ကျောက်ပုံရွာကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကမီးစက်တစ်ခုမှာ လခစားနဲ့ မီးစက်လာမောင်းပေးနေသူလို့ သိရပါတယ်။

အဲဒီလူငယ်နဲ့ ကျောက်ပုံရွာသူ အသက် ၂၂ အရွယ် အမျိုးသမီးတစ်ယောက်တို့ ချစ်သူရည်စားတွေဖြစ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့သုံးလလောက်က မီးစက်မောင်းလူငယ်နဲ့ သူ့ချစ်သူလို့ဆိုတဲ့ ကျောက်ပုံရွာသူမိန်းကလေးတို့ ခိုးပြေးကြပါတယ်။

မိန်းကလေးရှင် မိဘတွေက အဲဒီလူငယ်နဲ့သဘောမတူလို့ ပအဖအဖွဲ့ကိုတိုင်ပြီး ခွဲခဲ့ကြသလို လူငယ်ကိုလည်း ကျောက်ပုံကျေးရွာကို ၅ နှစ်တိတိ ပြန်မလာဖို့ ပအဖက နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ ဆန္ဒပြဒေသခံတွေကဆိုပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ်မှာ မဖြစ်သင့်ဘူးလို့ ယုံကြည်ကြတောကြောင့် ဒေသခံ ၇၀ လောက် လက်မှတ်ထိုးပြီး နယ်နှင်ဒဏ်ပေးတာကို ပြန်သုံးသပ်ဖို့နဲ့ ပြစ်ဒဏ်ရုပ်သိမ်းပေးဖို့ ပအဖအဖွဲ့ကို တောင်းဆိုခဲ့‌သေးတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့ လေ့လာလိုက်တဲ့အခါမှာ သူ့မှာ( မီးစက်မောင်းလူငယ်မှာ) ဘာမှပြစ်မှုမလုပ်ထားတဲ့အတွက် နယ်နှင်ဒဏ်မပေးဖို့ လက်မှတ်ထိုးပြီး တောင်းဆိုကြသေးတယ်။ ဒါပေမဲ့ဘာမှမထူးဘူး” လို့ ဆန္ဒပြရာမှာပါတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေ ဆန္ဒပြ

ပအဖအဖွဲ့ရဲ့နယ်နှင်ဒဏ်ပေးခံရတဲ့ လူငယ်ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျောက်ပုံကျေးရွာကို ရောက်လာပါတယ်။

ဒါကြောင့် ဒီလူငယ်ကို ထားဝယ်ခရိုင် တပ်ရင်း (၁) တပ်ဖွဲ့ဝင်တွေက လမ်းမှာဖမ်းဆီးခဲ့တယ်လို့ ဆန္ဒပြတဲ့ ဒေသခံတွေက ပြောပါတယ်။

“မီတာစာရွက်ဘောင်ချာကိစ္စတွေ ရှင်းဖို့ကျန်နေသေးလို့ သူဆင်းလာတာ။ သူဒီမှာညအိပ်လို့မရဘူးလို့လည်း ကျွန်မတို့ကိုပြောသေးတယ်။ အဲဒါကိုမှ ဖမ်းချုပ်လိုက်တာ။ အဲဒါကိုမကျေနပ်လို့ ကျွန်မတို့ ဆန္ဒပြကြတာ” လို့ ဆန္ဒပြရာမှာပါဝင်တဲ့ အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။

အရင်တစ်ကြိမ်ကလည်း အလားတူပဲ ကျောက်ပုံရွာကိုလာဖူးလို့ အခုလိုအဖမ်းခံရဖူးသေးတယ်လို့ဆိုပါတယ်။ အခုက ဒုတိယအကြိမ်အဖမ်းခံရတာပါ။

ဒေသခံတွေဟာ ကို‌ဇော်…ကိုလွှတ်ပေးရေး ဒို့အရေး၊ ပြည်သူတွေရဲ့ အယူခံအမှုကို အသိအမှတ်ပြုရေး ဒို့အရေး၊ တရားစီရင်တဲ့ မြို့နယ်ပအဖ ပြန်လည်စိစစ်ရေး ဒို့အရေး၊ ကျေးရွာပအဖ ဒေါ်…. အလိုမရှိ၊ အရေးတော်ပုံအောင်ရမယ် စတဲ့‌ကျွေးကြော်သံတွေနဲ့ ရွာထိပ်နဲ့ရွာနောက်ကို လမ်းလျှောက်ဆန္ဒပြခဲ့တာပါ။

မြို့နယ်ပအဖတာဝန်ရှိသူရဲ့ဖြေရှင်းချက်

ဒေသခံတွေ မြို့နယ်ပအဖကို ဆန္ဒပြတဲ့ကိစ္စ၊ မီးစက်မောင်းလူငယ်ရဲ့ အမှုကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိရဖို့ Dawei Watch အနေနဲ့ မြို့နယ်ပအဖအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မြို့နယ်ပအဖတာဝန်ရှိသူတစ်ဦးက မီးစက်မောင်းလူငယ်ဟာ သူ့ချစ်သူ‌ကောင်မလေးကို ခိုးရာလိုက်ပြေးဖို့ အတင်းအကျပ်ဖိအားပေး စေခိုင်းခဲ့တယ်ဆိုတာကို ပအဖအဖွဲ့က စစ်ဆေးတွေ့ရှိထားတဲ့ သက်သေအချက်အလက်တွေနဲ့တကွ Dawei Watch ကိုဖြေဆိုခဲ့ပါတယ်။

“တရာခံ(မီးစက်မောင်းလူငယ်) ကိုယ်တိုင်ကလည် ခိုးရာလိုက်ဖို့ ဖိအားပေးခဲ့တယ်ဆိုတာကိုလည်း ဝန်ခံထားတယ်” လို့ မြို့နယ်ပအဖတာဝန်ရှိသူက ပြောပါတယ်။

တရားလို၊ တရားခံတို့အပါအဝင် နှစ်ဖက်သက်သေတွေရဲ့ထွက်ဆိုချက်တွေအရ မီးစက်မောင်းလူငယ်ဟာ ခိုးရာလိုက်ပြေးဖို့( အတူပေါင်းသင်းနေထိုင်ဖို့) ခြိမ်းခြောက်အကျပ်ကိုင်တာဟာ ပေါ်လွင်နေတာကြောင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၆ အရ အပြစ်ပေးအရေးယူခဲ့တာလို့ မြို့နယ်ပအဖတာဝန်ရှိသူက ဆက်ပြောပါတယ်။

ပုဒ်မ ၃၆၆ အရ အမြင့်ဆုံးထောင်ဒဏ်မှာ ဆယ်နှစ်အထိ အပြစ်ပေးအရေးယူနိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပေမဲ့ ဒေသအခြေအနေ၊ တော်လှန်ရေးအခင်းအကျင်း စတာတွေကြောင့် ထောင်ဒဏ်အစား နယ်နှင်ဒဏ်ကို ပြောင်းလဲချမှတ်ခဲ့တာလို့လည်း ပြောပါတယ်။

ဒီလိုအမှုအသွား၊ အမှုအလာအသေးစိတ်အခြေအနေကို ဆန္ဒပြဒေသခံတွေက ရှင်းရှင်းလင်းလင်းမသိကြပါဘူး။

Dawei Watch က မေးမြန်းရသလောက် ဆန္ဒပြဒေသခံတွေ သိထားတာဟာ လူပျိုက အပျိုကို ခိုးယူပေါင်းသင်းတဲ့ သာမန်ကိစ္စလောက်သာ သိထားကြတာကိုတွေ့ရပါတယ်။

“ကျွန်တော်တို့သိတာက နင်ငါ့နောက်ကိုမလိုက်ရင် ဘာလုပ်မယ်၊ ညာလုပ်မယ်အဲလောက်တော့ ပြောချင်ပြောမှာပေါ့ဗျာ” လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဒေသခံတစ်ဦးကဆိုပါတယ်။

ပအဖဖက်ကလည်း နစ်နာသူအမျိုးသမီးရဲ့ ဂုဏ်သိက္ခာအရဖြစ်စေ၊ တရားရေးလုပ်ထုံးလုပ်နည်းအရဖြစ်စေ အမှုဖြစ်စဉ်အသေးစိတ်ကို အများသိအောင် ထုတ်ပြန်အသိပေးဖို့ အခက်အခဲရှိတယ်လို့ဆိုပါတယ်။

မီးစက်မောင်းလူငယ်အပေါ်ချမှတ်ထားတဲ့ နယ်နှင်ဒဏ်ကိုပြန်ရုပ်သိမ်းပေးဖို့ ဒေသခံတွေဟာ ပအဖရဲ့ Facebook မက်ဆင်ဂျာကနေပြီး လက်မှတ်ထိုးတောင်းဆိုတာတွေရှိလို့အကျိုးအကြောင်းပြောပြဖို့ မက်ဆင်ဂျာကနေ ပြန်ဆက်သွယ်ခဲ့ပေမဲ့ စာပို့ထားသူတွေက ဒီအနေ့အထိ ဘာမှပြန်တုံ့ပြန်ပြောဆိုတာမျိုး မရှိတော့ဘူးလို့လည်း ပအဖ တာဝန်ရှိသူက ဆိုပါတယ်။

ဆန္ဒပြဒေသခံတွေ စူးနေတဲ့ ဆူး

ကျောက်ပုံကျေးရွာမှာ ၂၀၂၄ ခုနစ် စက်တင်ဘာလက လူသတ်မှုတစ်ခု ဖြစ်ခဲ့ဖူးပါတယ်။

အသက် ၂၈ နှစ်အရွယ် စိတ်ရောဂါရှိသူ ဒေါ်ဌေးဌေးကို ဦးအက်ဒွက်လို့ခေါ်တဲ့ အမျိုးသားတစ်ဦးက နေအိမ်ပေါ်တက်ပြီး သတ်ဖြတ်ပြီး အလောင်းဖျောက်ဖို့ကြိုးစားခဲ့တာပါ။

ဒေါ်ဌေးဌေးမှာ ဖအေတိတိကျကျမသိဘဲနဲ့မွေးထားတဲ့ အသက် ၉ နှစ်အရွယ် သမီးတစ်ဦးလည်းရှိပါတယ်။ အဲဒီအသက်မပြည့်သေးတဲ့ ကလေးမလေးရှေ့မှာ လူသတ်မှုဖြစ်ခဲ့တာလို့ဆိုပါတယ်။

အဲဒီလူသတ်မှုကို ကျူးလွန်သူလို့ဆိုတဲ့ ဦးအက်ဒွက်ဆိုသူဟာ အခုဖြစ်စဉ်မှာပါဝင်တဲ့ ခိုးရာလိုက်ပြေးတဲ့ ကောင်မလေးရဲ့အဖေလို့ ဆန္ဒပြဒေသခံတွေကဆိုပါတယ်။

အဲဒီလူသတ်မှုကို ကျူးလွန်တယ်လို့ဆိုတဲ့ ဦးအက်ဒွက်ကို ပအဖအဖွဲ့က ဖမ်းဆီးထားပြီး အမှုစစ်ဆေးနေပေမယ့် ၅ လဝန်းကျင်ကြာတဲ့အထိ ဦးအက်ဒွက်ကို အရေးယူနိုင်ခြင်းမရှိသေးဘူးလို့ ဆန္ဒပြဒေသခံတွေက ပြောပါတယ်။

“(ဦးအက်ဒွက်)မိန်းမက ပိုက်ဆံဆယ်သိန်းလာပေးသေးတယ်။ ကျွန်မမယူဘူး” လို့ ဒေါ်ဌေးဌေးနဲ့ ညီအစ်မအရင်းတော်တဲ့သူတစ်ဦးက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပိုက်ဆံပေးတဲ့ ကာယကံရှင် အမျိုးသမီးကို ဆက်သွယ်မေးမြန်းနိုင်ခြင်းတော့ မရှိပါဘူး။

ဆန္ဒပြဒေသခံအချို့ရဲ့အမြင်မှာတော့ သက်သေခိုင်ခိုင်လုံလုံပြနိုင်တဲ့ လူသတ်မှုမှာကျတော့ အခုအထိ အပြစ်ပေးအရေးယူနိုင်တာမရှိဘဲ လူပျို၊ အပျို ခိုးရာလိုက်ပြေးတဲ့ ကိစ္စမှာကျ‌ နယ်နှင်ဒဏ်ပေးတာဟာ တရားမျှတမှုမရှိသလို ခံစားနေရပါတယ်။

ပအဖကို လမ်းပေါ်ထွက်ဆန္ဒပြရတဲ့အကြောင်းအရင်းတွေအထဲ အခုပြောပြတဲ့ ဖြစ်စဉ်တစ်ခုလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

“အဲဒီလူသတ်မှုကိစ္စ အမူကြီးဖြစ်လို့ ဥပဒေပိုင်းဆိုင်ရာ အကြံပြုချက်‌ပေးနိုင်သူတွေဆီကနေ အကြံဉာဏ်တွေရယူပြီး လုပ်ဆောင်နေရလို့ ကြန့်ကြာနေတာဖြစ်တယ်”​လို့ မြို့နယ်ပအဖတာဝန်ရှိသူက ထပ်မံဖြည့်စွက် ပြောကြားလာပါတယ်။

ဒီလူသတ်မှုအပေါ် အရေးယူနေမှု အခြေအနေအသေးစိတ်ကို Dawei Watch အနေနဲ့လည်း မသိရသေးပါဘူး။

ဒါပေမဲ့ အမှုနှစ်ခုကို တွဲပြီးမမြင်ဖို့လိုတဲ့အကြောင်း၊ မြို့နယ်ထဲမှာဖြစ်တဲ့အမှုတွေကို လက်လွတ်စပယ်ဖြေရှင်းတာမျိုး မလုပ်တဲ့အပြင် အချိန်ကြန့်ကြာမှုမရှိအောင်လည်း စီမံဆောင်ရွက်နေတယ်လို့ မြို့နယ်ပအဖ တာဝန်ရှိသူက ဆိုပါတယ်။

“တစ်ချို့အမှုတွေဆို နှစ်ပတ်ထဲမှာ ပြတ်အောင်လုပ်နိုင်တာတွေရှိတယ်” လို့ သူကဆိုပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက် မနက် ၁၀ နာရီလောက်အထိ ဆက်သွယ်မေးမြန်းချက်အရ အဖမ်းခံထားရတဲ့ မီးစက်မောင်းလူငယ်ကို ပြန်မလွတ်သေးဘဲ ဖမ်းထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပအဖကို ရည်းညွန်းတဲ့ ဆန္ဒပြပွဲလုပ်ဖို့ကို လူစုနေတဲ့အချိန်မှာ သကျက်တောရွာရဲ့ ပအဖရပ်ကျေး တာဝန်ခံတစ်ဦးက ဆန္ဒပြပွဲကို ကျောက်ပုံရွာမှာ မလုပ်ကြဖို့နဲ့ ဒီအမှုကိစ္စက မြို့နယ်အဆင့်က ကိုင်တွယ်တာဖြစ်တဲ့အတွက် မြို့နယ်အဖွဲ့ရှိတဲ့နေရာမှာ သွားပြကြဖို့ကိုလည်း လာရောက်တားမြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

လောင်းလုံးမြို့နယ်ပအဖအဖွဲ့တာဝန်ရှိသူကတော့ ပြည်သူတွေဆန္ဒထုတ်ဖော်တာဟာ သူတို့အခွင့်အရေးဖြစ်လို့ အဲဒီအပေါ် ဘာမှတုံ့ပြန်ပြောဆိုမှာ မဟုတ်ဘူးလို့ဆိုပါတယ်။