ထားဝယ်လေဆိပ်ပြေးလမ်းအနီးတွင် ယနေ့နံနက်ကစတင်၍ တောမီးလောင်နေပြီး မီးအကြွင်းအကျန်များမှ ထပ်မံမီးလောင်နေသဖြင့် လက်ရှိအချိန်အထိ ငြှိမ်းသတ်နေရကြောင်း မီးငြှိမ်းသတ်ရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
ထားဝယ်အဝေး ပြေးကားဝင်း၏တောင်ဘက် ထား၀ယ်လေဆိပ် လေးယာဉ်ပြေးလမ်းနှင့် မြို့ပတ်လမ်းကြားရှိတောတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစ၍ မီးလောင်နေခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူတစ်ဦးကပြောသည်။
“လောင်လောင်ခြင်းက တော်တော်များတယ်။ အဆောက်အအုံထိခိုက်တာမျိုးတော့မရှိဘူး။ သုံးနာရီလောက်ငြှိမ်းသတ်လိုက်ရတယ်”ဟု ကူညီဆောင်ရွက်သူ တစ်ဦးကပြောသည်။
![](https://www.daweiwatch.com/wp-content/uploads/2025/02/burn007-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/burn006-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/burn004-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/burn003-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/burn002-1024x683.jpg)
![](https://www.daweiwatch.com/wp-content/uploads/2025/02/burm001-1024x683.jpg)
အဆိုပါမီးလောင်မှုကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဥ်နှင့် ထားဝယ်လေဆိပ် မီးငြှိမ်းသတ်ယာဉ်များ မြို့ခံပရဟိတအသင်းအဖွဲ့များ၊ မြိုခံများ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် မီးငြိမ်းသွားကြောင်းသိရသည်။
သို့သော် မီးအကြွင်းအကျန်များမှနေ၍ ပြန်လောင်နေသဖြင့် ထပ်မံငြှိမ်းသတ်ရန် လုပ်ဆောင်နေကြောင်း ယနေ့နေ့လယ် ၂ နာရီခွဲကျော်ကျော်တွင် ထပ်မံသိရှိရသည်။
မီးလောင်ပြင်တွင် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ပိုက်များနှင့် ဆက်စပ်ပစ္စည်းများစွာ တွေ့ရှိရကြောင်း မြို့ခံများ၏ ပြောကြားချက်အရသိရသည်။