ထားဝယ်ခရိုင် အခြေစိုက် ထားဝယ်ပကဖ DDT တပ်ဖွဲ့၏ တပ်ခွဲ ၃ နှင့် ရေဖြူ ပကဖ ၏ ဝေဟင်တပ်ဖွဲ့တို့သည် ပကဖအဖြစ်မှ နုတ်ထွက်၍ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ်ဒေသခွဲ ၃ ၏ ကွပ်ကဲမှုအောက်ရှိ ဒေါနစစ်ကြောင်းသို့ ပူးပေါင်းခဲ့ကြောင်း ဖေဖော်ဝါရီလ ၈ ရက်က ယင်းတပ်ဖွဲ့များကထုတ်ပြန်သည်။
DDT တပ်ခွဲ ၃ သည် ဒေါနစစ်ကြောင်း၏ ချေမှုန်းရေးတပ်ခွဲ ၇ အဖြစ်လည်းကောင်း ၊ ဝေဟင်တပ်ဖွဲ့ သည် ဒေါနစစ်ကြောင်း ၏ ချေမှုန်းရေးတပ်ခွဲ ၆ အဖြစ် လည်းကောင်း ရပ်တည်မည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ပကဖကထွက်ပြီး ဒေါနတပ်ခွဲအဖြစ်ရပ်တည်တဲ့ အဓိကအကြောင်းအရင်းကတော့ ပိုမိုကောင်းမွန်တဲ့ ကွပ်ကဲမှုစနစ်နဲ့ အုပ်ချုပ်ထောက်ပံ့မှုလိုချင်တာလို့ ပြောလို့ရပါတယ် “ ဟု ဝေဟင်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပကဖအဖွဲ့ဝင်အဖြစ်မှ ဝေဟင်တပ်ဖွဲ့နုတ်ထွက်ခြင်းနှင့်ပတ်သက်၍ ရေဖြူပကဖထံသို့ ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
“ ဒေါနစစ်ကြောင်းထဲ ဝင်ဖို့အတွက် စစ်ကြောင်းရဲ့မူအရ ပကဖ ကနေထွက်ပြီး PDF အဖြစ်ရပ်တည်ရတဲ့အတွက် နုတ်ထွက်ပြီး PDF အဖြစ်ရပ်တည်လိုက်တာပါ။ DDT နဲ့ကတော့ပတ်သက်မှု ဆက်ရှိနေပါတယ်” ဟု DDT တပ်ဖွဲ့၏ တာဝန်ရှိသူ ကိုရေလှိုင်း ကပြောသည်။
ယခုကဲ့သို့ ဒေါနစစ်ကြောင်း နှင့်ပူးပေါင်းခြင်းကြောင့် စစ်ဆင်ရေးများတွင် အမိန့်တစ်ခုတည်းဖြင့်စီးဆင်းမှုရှိပြီး အောင်မြင်မှုပိုရနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆက်ပြောသည်။









ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းသည့် တပ်ဖွဲ့များသည် ထားဝယ်ခရိုင် အခြေစိုက်ကျားနက်စစ်ကြောင်းတွင် မဟာမိတ်အဖြစ်ဆက်ရှိနေမည်ဖြစ်ပြီး ပကဖတပ်ဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေးဆက်ရှိနေမည်ဟု ဝေဟင်တပ်ဖွဲ့တာဝန်ရှိသူက ပြောပြသည်။
ယခုနှစ်ဆန်းပိုင်းတွင် ထားဝယ်ခရိုင် ရေဖြူမြို့နယ် အခြေစိုက် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) သည်လည်း ဒေါနစစ်ကြောင်းတွင် ချေမှုန်းရေးတပ်ခွဲ ၄ အဖြစ်ပူးပေါင်းခဲ့သေးသည်။
ဒေါနစစ်ကြောင်းသည် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသည့် စစ်ကြောင်းတစ်ခုဖြစ်သည်။