Twilight Over Burma(My Life as a Shan Princess) ဆိုတဲ့ စကားလုံးကို စာပေနယ်ပယ်နဲ့ ရင်းနှီးသူတွေ ထိတွေ့ဖူးပြီးသား ဖြစ်နေနိုင်ပါတယ်။
တကယ့်ဘဝမှန်၊ တကယ့်ဖြစ်ရပ်မှန်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသူ အင်းဂ် အီဘာဟတ်ဒ် ကိုယ်တိုင် ရေးသားတင်ဆက်ခဲ့တဲ့ စာအုပ်ပါ။
ဒီစာအုပ်ဟာ မြန်မာနိုင်ငံရဲ့ပျောက်ဆုံးနေသော သမိုင်းတစ်စကို မီးမောင်းထိုးပြထားတဲ့စာအုပ်ဆိုရင်လည်း မမှားပါဘူး။
အင်းဂ် အီဘာဟတ်ဒ် ဟာ မီးခိုးတွေနဲ့ ဗလောင်ဆူခဲ့ရသူ မိန်းမသားပါ။ မီးခိုးတွေနဲ့လူဆိုတာ ရင်တစ်ခုလုံး ဗလောင်ဆူပြီးမှ ဖြစ်ခဲ့ရတာမျိုးဆိုတာက ဒီဇာတ်လမ်းပါပဲ။
အမြင့်ဆုံးတစ်နေရာဆီကို တက်လှမ်းရောက်ရှိခဲ့ပြီးတဲ့နောက်မှ သောကကို ရင်ဝယ်ပိုက်ကာ နေရပ်ပြန်ခဲ့ရသူ မိန်းမသားလည်းဖြစ်ပါတယ်။
သူမ ဟာ ဟော်နန်းရဲ့မဟာဒေဝီ ဖြစ်ခဲ့ရသလို သူချစ်ရတဲ့သူကို သေမှန်းမသိ၊ ရှင်မှန်းမသိဘဲ စွန့်လွှတ်ချန်ထားခဲ့ရသူလည်းဖြစ်ပါတယ်။ အခုတော့ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီဖြစ်ခွင့်ရခဲ့သူ အင်းဂ် အီဘာဟတ်ဒ်(ခေါ်)စဝ်သုစန္ဒီ ဟာ ကံတော်ကုန်သွားခဲ့ရှာပါပြီ။
ဗိုလ်ချုပ်နေဝင်း လို လူစားကို “ရှင်နှုတ်ပိတ်နေသမျှ ကျွန်မတို့ နိုင်နေတယ်”လို့ အော်ပြောရဲခဲ့တဲ့သတ္တိကို ကြည့်လိုက်ရင် စဝ်သုစန္ဒီဆိုတာက ဘယ်လိုမိန်းမသားမျိုးလဲဆိုတာကို လွယ်လင့်တကူပဲ မှန်းဆနိုင်ပါလိမ့်မယ်။
လူက သေသွားပေမယ့် နာမည်က ရှင်သန်ကျန်နေရစ်ခဲ့တယ်ဆိုတဲ့ မိန်းမသားတွေအကြောင်းကို ပြောကြပြီဆိုရင် အင်းဂ် အီဘာဟတ်ဒ်(ခေါ်)စဝ်သုစန္ဒီ ကိုလည်း ဘယ်လိုမှ ချန်ထားရစ်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး။