BREAKING
January 9, 2025

ရေးတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ပြီး စစ်ကြောင်းထိုးသဖြင့် ဒေသခံများထွက်ပြေး

January 9, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံရာနှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရကြောင်း ဒေသခံများက ပြောသည်။

ကျုံလောင်းရွာဟောင်းဘက်တွင် တိုက်ပွဲမဖြစ်ဘဲ ဇန်နဝါရီလ ၈ ရက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၆ က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။

လက်နက်ကြီးပစ်ခတ်ပြီးနောက်တွင် အင်အား ၃၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် စစ်ကြောင်း ရွာထဲသို့ ဝင်ရောက်လာပြီး ရွာဘုန်းကြီးကျောင်းထဲတွင် တပ်စွဲထားကြောင်း ဒေသခံများက ပြောဆိုသည်။

“(လက်နက်ကြီး) ပစ်တာ ဆက်တိုက်ပဲ။ ရွာထဲမှာ ကျတာတော့မရှိဘူး။ ရွာအပြင်ဘက်မှာပဲ ကျတာများတယ်။ အဲဒီလိုကြီး ပစ်နေတော့ တစ်ရွာလုံးက လန့်ကုန်တော့ ပြေးကြတာပေါ့။ ပြီးတော့ ရွာထဲကိုလည်း စစ်သားတွေ ရောက်လာတော့ ဘယ်သူမှလည်း မနေရဲတော့ဘူး” ဟု တိမ်းရှောင်နေရသည့် ကျုံလောင်းဒေသခံတစ်ဦးက ပြောသည်။

ရွာဘုန်းကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲပြီးနောက် စစ်ကောင်စီတပ်သည် ရွာလမ်းများကို ပိတ်ဆို့ထားပြီး စစ်ဆေးမှု တင်းကျပ်ထားသလို ရွာသားအချို့လည်း ရိုက်နှက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းနှင့် ကျေးရွာအတွင်း စစ်တပ် ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ကျုံလောင်းရွာဟောင်းနှင့် အနီးပတ်ဝန်းကျင်က ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။

“အခုထိတော့ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ ရှေ့ဆက်ဘာတွေဖြစ်လာမလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူး။ ကြိုရှောင်ထားတာက အကောင်းဆုံးပါ။ နောက်တစ်ခုက သူတို့ (စစ်တပ်) နဲ့ ဝေးဝေးနေတာက အလုံခြုံဆုံးပဲ” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိသည့် ကျုံလောင်းရွာဟောင်းဘက်သို့ ရေးအခြေစိုက် စစ်ကောင်စီတပ် တို့က လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးသည် ကျုံလောင်းရွာဟောင်း အလယ်တန်း ကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့သည်။

၂၀၂၄ နှစ်ဆန်းပိုင်းကလည်း စစ်ကောင်စီ အမြောက်တပ်ရင်း ၃၁၆ တပ်ရင်း ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦး အပါအဝင် ကျုံလောင်းရွာဟောင်း ဒေသခံကိုးဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။