၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ရှိ နတ်ပွဲများကို အကျဉ်းရုံးကျင်းပကြသဖြင့် လောင်းကစားဝိုင်းများ မပါတော့သော်လည်း ယခု ၂၀၂၅ တွင်မူ ရွာတိုင်းနီးပါး လောင်းကစားဝိုင်းများ ပြန်လည်ကြီးစိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိကျင်းပနေကြသည့် လောင်းလုံးမြို့နယ်အတွင်း နတ်ပွဲများမှ လောင်းကစားဝိုင်းများမှာ အပျော်တမ်းသဘောမျိုးမဟုတ်ဘဲ ငွေကျပ်သိန်းရာချီအထိ ကစားကြသည့် လောင်းကစားဝိုင်းကြီးများ ဖြစ်လာကြောင်း ဒေသခံများက ပြောသည်။
လောင်းကစားဝိုင်းတွင် ဖဲဝိုင်း၊ ကြက်ဝိုင်းတို့မှာ မပါမဖြစ်ပါဝင်နေပြီး ငွေကျပ်သိန်းရာချီဖြင့် လောင်းကစားနေကြကြောင်း ဒေသခံများကပြောဆိုသည်။
“ဖဲဝိုင်းမှာဆို ပိုက်ဆံတွေ အပုံလိုက်ကြီး။ ငါးထောက်တန်နဲ့ တစ်သောင်းတန်တွေချည်းပဲ။ လူတစ်ယောက် တစ်ခါထိုးရင်ကို သိန်းဂဏန်းရှိတာ” ဟု ကိုယ်တိုင်လောင်းကစားဝိုင်းများထံ သွားရောက်သူ ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းကာစ ၂၀၂၁ ခုနစ်မှ ၂၀၂၃ ခုနှစ်အထိ လောင်းလုံးမြို့နယ်အတွင်းကျင်းပသည့် နတ်ပွဲများကို အကျဉ်းရုံးကျင်းပကြပြီး လောင်းကစားဝိုင်းများ မပါဝင်တော့ကြောင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များကလည်း တင်းတင်းကျပ်ကျပ်တားမြစ်ထားသည့်အတွက် လောင်းကစားဝိုင်းများ ထည့်သွင်းမှုမရှိခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
လောင်းကစားဝိုင်းပြုလုပ်ပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့က သေနတ်ပစ်ဖောက် သတိပေးခြင်း၊ လောင်းကစားငွေများ သိမ်းဆည်းခြင်း၊ ရိုက်နှက်ဒဏ်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ အရိုက်ခံရဖူးသူတို့က ပြောဆိုသည်။
“မနှစ်တုန်းက အရိုက်ခံထားရတဲ့ ဒဏ်ရာတော့မပျောက်သေးဘူး။ ဒီနှစ်တော့ အေးအေးဆေးဆေး ကစားလို့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယခုကဲ့သို့ နတ်ပွဲများအတွင်း လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်ခြင်းမှာ နယ်မြေစိုးမိုးထားသည့် တော်လှန်ရေးအဖွဲ့များ ခွင့်ပြုထား၍သာ ဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရအောက်ရှိ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကမူ ဒေသတွင်းနတ်ပွဲနှင့်အတူကျင်းပနေသည့် လောင်းကစားဝိုင်းများကို တရားဝင် ခွင့်ပြုပေးထားခြင်းမရှိကြောင်း ပြောဆိုသည်။
သို့သော်နတ်ပွဲတွင် လောင်းကစားဝိုင်းထည့်သွင်းကျင်းပခြင်းမှာ ဒေသအစဉ်အလာဖြစ်သောကြောင့် မည်သည့်အရေးယူမှုမျှ လုပ်ဆောင်ခြင်းမရှိကြောင်း ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။
“ကျွန်တော်တို့ဒါတွေကို ခွင့်ပြုထားတာမရှိဘူး။ ဘာမှမပြောဘဲ ဒီအတိုင်းထားတာသာရှိတယ်။ ဒါပေမဲ့ ရက်ရှည်လများတော့(နတ်ပွဲကလောင်းကစားဝိုင်းတွေကို) ဒီအတိုင်းကြည့်နေလို့မရဘူးပေါ့နော်” ဟု ၎င်းကပြောသည်။
အချို့ကျေးရွာတို့တွင် နတ်ပွဲတစ်ရက်သာရှိသော်လည်း ငွေကျပ်သိန်းရာချီလောင်းကစားကြသည့် လောင်းကစားဝိုင်းကိုမူ သုံးရက်ဆက်ကျင်းပလေ့ရှိပြီး အချို့ရွာတွင်မူ တစ်ရက်သာ ကျင်းပကြသည်ဟုဆိုသည်။
နတ်ပွဲအကြောင်းပြကာ ပျော်တမ်းအဆင့်ထက်ကျော်လွန်ပြီး ငွေကျပ်သိန်းရာချီ လောင်းကစားဝိုင်းကြီးများ ပြုလုပ်နေသည်မှာ မဖြစ်သင့်ဟု ပြည်သူအချို့က ထောက်ပြပြောဆိုသည်။
ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင်လည်း နတ်ပွဲများကျင်းပရာ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပနေသဖြင့် ဒေသခံများက ဝေဖန်ထောက်ပြနေကြသည်။