ရော်ဘာခြစ်ရန် အလုပ်သမားရှားပါးနေသဖြင့် အခက်တွေ့နေရကြောင်း မြိတ်ခရိုင်အတွင်းရှိ ရော်ဘာခြံရှင်များက ပြောသည်။
စစ်ကောင်စီက အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူခြင်း၊ တိုက်ပွဲများ ပြင်းထန်နေခြင်းနှင့် အထွေထွေကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းတို့ကြောင့် လူငယ်နှင့် လူလတ်ပိုင်းအရွယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။
ထို့ကြောင့် ရော်ဘာခြစ်သည့် ကျွမ်းကျင်အလုပ်သမားရှားပါးနေကာ အခက်တွေ့နေရကြောင်း ရော်ဘာခြံပိုင်ရှင်များက ဆိုသည်။
မိုးရွာသွန်းမှုအပေါ်မူတည်ကာ နှစ်စဉ် နိုဝင်ဘာလတွင် ရော်ဘာအစေး စခြစ်လေ့ရှိပြီး ဖေဖော်ဝါရီလ သို့မဟုတ် မေလတွင် အစေးခြစ်ရာသီကုန်ဆုံးလေ့ရှိသည်။
“ရော်ဘာခြစ်ဖို့အကောင်းဆုံး လုပ်အားဆိုတဲ့ လူငယ်ပိုင်းနဲ့ သက်လတ်ပိုင်းလုပ်အားတွေက စစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်၊ နိုင်ငံခြားကို ထွက်ကုန်တာနဲ့ လူကရှာလို့ မရတော့ဘူး။ တချို့နေရာတွေမှာဆိုရင် လူကလုံးဝမရတော့တဲ့အထိ ဖြစ်နေတာ” ဟု ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။
လုပ်ငန်းသဘောသဘာဝအရ ညသန်းခေါင်အချိန်မှ နံနက် ၅ နာရီခန့်အထိ ရော်ဘာအစေးခြစ်ရသည့်အတွက် နယ်မြေ အခြေအနေအပေါ်မူတည်ကာ အလုပ်သမားခေါ်ယူရခက်ခဲနေကြောင်း ပုလောမြို့နယ်အတွင်းရှိ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ဆိုသည်။
“တချို့နေရာမှာဆိုရင် အရင်က (ရော်ဘာခြစ်သူ) ဆယ်ယောက်လောက်ရတဲ့နေရာမှာ တစ်ယောက်မှတောင် မရဘူး။ တချို့နေရာ မှာဆိုရင်လည်း နှစ်ယောက်သုံးယောက်ပဲ ရတော့တယ်။ ပြီးတော့ ကျွမ်းကျင်လုပ်သား မဟုတ်ဘူး။ လုပ်သားမရှိတော့ ဖြစ်သလိုပဲ လုပ်နေကြရတယ်” ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ရော်ဘာခြစ်သည့် ကျွမ်းကျင်လုပ်သားရှားပါးနေသဖြင့် မြိတ်ခရိုင်းအတွင်းရှိ ရော်ဘာခြံအချို့တွင် ရော်ဘာမခြစ်နိုင်ဘဲ ပစ်ထားရကြောင်း ရော်ဘာခြံပိုင်ရှင်အချို့က ဆိုသည်။
လက်ရှိ ခေါ်ယူထားသည့် လုပ်သားအချို့က ကျွမ်းကျင်မှုမရှိသည့်အတွက် အစေးထွက်နည်ခြင်း၊ အစေးခြစ်ချိန်ရော်ဘာပင် ထိခိုက်ခြင်းများ ကြုံနေရကြောင်း ခြံရှင်အချို့ထံမှ သိရသည်။