အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း ဘိန်းစာပင်စိုက်ပျိုးသူ ပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။
တိုင်းအတွင်းရှိ ဘုတ်ပြင်း၊ လောင်းလုံး အပါအဝင် အခြားမြို့နယ်များရှိ ကျေးရွာအများစုတွင် ပိုမိုစိုက်ပျိုးလာကြကြောင်း ဒေသခံအချို့က ဆိုသည်။
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မနိုးရုံးကျေးရွာအုပ်စု၊ ဘန်ဂလားကျေးရွာအုပ်စုအပါအဝင် အခြားကျေးရွာအုပ်စုများတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစာပင်စိုက်ပျိုးသူပိုများလာကြောင်း ဘုတ်ပြင်းဒေသခံအချို့က ဆိုသည်။
လူငယ်များက ဘိန်းစာပင်၏အရွက်ကို ပြုတ်သောက်ကြသလို အစိမ်းစားသူလည်း များလာသည့်အတွက် စိုက်ပျိုးသူလည်း ပိုများလာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အာဏာမသိမ်းမီကလည်း တနင်္သာရီတိုင်းအတွင်း သဘာဝအတိုင်းပေါက်နေသည့် ဘိန်းစာပင်ရွက်ကို သုံးစွဲမှုအချို့ရှိခဲ့ပြီး သီးသန့်စိုက်ပျိုးသူအချို့လည်းရှိခဲ့သည်။
ဘန်ဂလား ကျေးရွာအုပ်နေ အမျိုးသမီးတစ်ဦး၏အဆိုအရ အာဏာသိမ်းပြီးနောက်ပိုင်း ဥယျာဉ်ခြံအတွင်း ဧကအလိုက် စိုက်ပျိုးသူများပါ ရှိလာကြောင်း သိရသည်။ သုံးစွဲရန်အတွက်အပြင် ရောင်းချရန်အတွက်ပါ စိုက်လာကြခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“အခုကတော့ အလွန်အကျွံ စိုက်ပျိုးလာကြတယ်။ စိုက်ပျိုးရေးလုပ်နေတဲ့ ခြံအများစုမှာ ဘိန်းစာရွက်ပင်တွေရှိတယ်” ဟု ၎င်းက ပြောသည်။
လူငယ်အချို့ကမူ ဘိန်းစာရွက်ကို ပြုတ်သောက်ရန်အတွက် ကိုယ်တိုင်စိုက်ပျိုးထားကြကြောင်း ဘုတ်ပြင်းမြို့နယ် မနိုးရုံးကျေးရွာအုပ်စုနေ လူငယ်တစ်ဦးက ဆိုသည်။
“စီးပွားဖြစ်တော့ မစိုက်သေးဘူး။ ကိုယ်စားဖို့ အရွက်ပြုတ်ရည်လုပ်သောက်ဖို့လောက်တော့ စိုက်ထားတယ်” ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ဘိန်းစာပင် စိုက်ပျိုးသူ သိသိသာသာများပြားလာကြောင်း ဒေသခံအချို့က ပြောဆိုသည်။
ပင်လယ်အတွင်း လနှင့်ချီကြာ ငါးဖမ်းထွက်သည့် ရေလုပ်သားများ၊ ရော်ဘာခြစ်လုပ်သားများမှာ ဘိန်းစာရွက်ပြုတ်ရည် ကို အများဆုံးသောက်သုံးကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“အရင်သုံးလေးနှစ်ကဆိုရင်တော့ ဘိန်းစာပင်တွေ့ရင် (စစ်ကောင်စီတပ်က) ဖမ်းတာဆီးတာတွေရှိတော့ အိမ်မှာ မစိုက်ရဲကြဘူး။ အခုနောက်ပိုင်းကတော့ တော်တ်ေများများ စိုက်လာကြတယ်” ဟု ဘိန်းစာရွက်ပြုတ်ရည် ပုံမှန် သောက်သုံးလေ့ရှိသည့် လူလတ်ပိုင်းတစ်ဦးက ပြောသည်။
ထို့အပြင် အလှူပွဲများနှင့် မင်္ဂလာဆောင်ပွဲများတွင်မူ လာရောက်ကူညီလုပ်ကိုင်ပေးသူများကို အရက်၊ ဘီယာအပြင် ဘိန်းစာရွက်ပြုတ်ရည်ကိုပါ မပါမဖြစ် ဧည့်ခံကျွေးမွေးလာကြောင်း ဒေသခံများက ဆိုသည်။
လောင်းလုံးမြို့နယ်အတွင်း ဘိန်းစာပင် စိုက်ပျိုးမှုများလာသော်လည်း ဝင်ငွေရရန် ရည်ရွယ်စိုက်ပျိုးခြင်းမျိုးမဟုတ်ဘဲ ကိုယ်တိုင်သောက်သုံးပြီး ပိုလျှံမှ တစ်ဆင့်ရောင်းချလေ့ရှိသည်ဟုလည်း ဆိုသည်။
“(ကျပ်) ငါးထောင်၊ တစ်သောင်းဖိုးဝယ်ရင် အများကြီးရတာ။ ကျွန်တော်တို့ဘက်မှာကျတော့ အရွက် အရေအတွက်နဲ့ ရောင်းကြတယ်။ ငါးထောင်ဖိုးဆိုရင် အရွယ်လှတယ်ဆိုရင် အရွက်တစ်ရာလောက်ရတယ်” ဟု အထက်ပါလူလတ်ပိုင်း အရွယ်အမျိုးသားက ပြောသည်။
မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ဘိန်းစာရွက်ကို မူးယစ်အနွယ်ဝင်အဖြစ် သတ်မှတ်ထားသည်။
ထိုင်းနိုင်ငံတွင်မူ ဘိန်းစာရွက်သုံးစွဲခြင်းကို တရားဝင်ခွင့်ပြုထားပြီး အသက်အရွယ်မရွေး သုံးစွဲနေကြသည်။ အထူးသဖြင့် အလုပ်ကြမ်း လုပ်သူများအကြား ဘိန်းစာရွက်ပြုတ်ရည်ကို ကိုကာကိုလာအချိုရည်ဖြင့်ရောနှောကာ တွင်တွင်ကျယ်ကျယ်သောက်သုံးနေကြသည်။
သို့ရာတွင် ဘိန်းစာရွက်ပြုတ်ရည်အတွင်း ချောင်းဆိုးပျောက်ဆေးရည်ကဲ့သို့ ပစ္စည်းများရောနှောကာ ပြုပြင်ပြောင်းလဲပြီး သုံးစွဲခြင်းကိုမူ ထိုင်းနိုင်ငံတွင် တားမြစ်ထားသည်။