မြိတ်မြို့၊ မြစ်ငယ်ရပ်၊ ရေကန်ဘောင်အနီး ဘုန်းကြီးကျောင်းအနောက်ဘက်တွင် စုံတွဲတစ်တွဲကို ဓားဖြင့်ထိုးပြီး ပစ္စည်းလုယက်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းရပ်ကွက်နေသူများထံမှသိရသည်။
ဇန်နဝါရီလ ၈ ရက် ည ၉ နာရီခွဲခန့်က လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ္စည်းနှင့်ငွေသားဆုံးရှုံးမှု မရှိသော်လည်း အသက် ၂၀ ကျော် အရွယ်အမျိုးသား၏ ပေါင်၊ ကျောဘက်နှင့် လက်မောင်းတို့တွင် ဓား ဒဏ်ရာလေးချက် ရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိရသူများကပြောသည် ။
” ကောင်မလေးနဲ့ချိန်းတွေ့နေတုန်း ပိုက်ဆံလုတာ မပေးလို့ ဓားနဲ့ထိုးတာပါ။ နံဘေးကလူတွေ အော်လိုက်တာ ထိုးတဲ့လူတွေ ပြေးကုန်တယ်။ မဟုတ်ရင် ထိုးခံရတဲ့ လူသေတယ်” ဟု မြစ်ငယ်ရပ်ကွက်နေသူတစ်ဦးကပြောသည် ။
ဓားထိုးခံရသည့် အမျိုးသားကို ရပ်ကွက်နေသူများ၏ဆက်သွယ်ကူညီပေးမှုဖြင့် မြို့ခံ လူမှုကူညီရေးအဖွဲ့တစ်ခုက မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
လုယက်သူများသည် အမျိုးသားသုံးဦးဖြစ်ပြီး ဆိုင်ကယ်အပြာရောင်(ဗီယက်နမ်ဘီး) ကို သုံးယောက်စီး၍ ထွက်ပြေးသွားသဖြင့် မဖမ်းမိခဲ့ကြောင်း ဓားထိုးခံရသည့် ကာယကံရှင်၏ ပြောပြချက်ကို ကိုးကား၍ ရပ်ကွက်နေသူများကပြောသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လကလည်း အထက်ဖော်ပြပါ မြိတ်ရေကန်ဘောင်တွင်ပင် ချိန်းတွေ့နေသည့် စုံတွဲတစ်တွဲလုယက်ခံခဲ့ရပြီး လုယက်သူများက ဓားဖြင့်ထိုးသဖြင့် အမျိုးသားဖြစ်သူ သေဆုံးခဲ့သေးသည်။
အလားတူ တနင်္သာရီတိုင်းအတွင်းရှိ အခြား ခရိုင်မြို့များဖြစ်ကြသည့် ထားဝယ် နှင့် ကော့သောင်းတို့တွင်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်နေသည်ဟု ယင်းမြို့ခံများထံမှသိရသည်။
စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ အဆိုပါမြို့သုံးမြို့တွင် လုယက်ခံရမှုများကို ဖမ်းဆီး အရေးယူနိုင်မှု မရှိသလောက်အားနည်းနေသဖြင့် လုယက်မှုများနှင့် ပတ်သက်၍ မြို့ခံလူထုက စိုးရိမ်နေကြသည်။