BREAKING
February 26, 2025

တနင်္သာရီ မြို့ဟောင်းရွာက မိုင်းနင်းမိသည့်ရွာသား ခြေနှစ်ဖက်စလုံးဆုံးရှုံး

January 9, 2024

တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စု၊ မြို့ဟောင်းရွာက မိုင်းနင်းမိသည့် ရွာသားတစ်ဦး ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မြို့ဟောင်းရွာသား အသက် ၄၅နှစ်အရွယ် အမျိုးသားသည် ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းက ဝါးခုတ်သွားစဉ် အမှတ် ၃၀၆ စစ်ကောင်စီ အမြောက်တပ်ရင်း၏ တောင်ဘက် ပေ ၁ဝဝ ဝန်းကျင်အကွာတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မိုင်းနင်းမိသည့်နေ့က ဘယ်ဘက် ခြေထောက် ဖြတ်တောက်လိုက်ရပြီး ညာဘက်ခြေထောက်မှာလည်း ဒဏ်ရာပြင်း ထန်သဖြင့် ဇန်နဝါရီလ ၇ရက်တွင် ဖြတ်တောက်လိုက်ရကြောင်း ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။

အဆိုပါအမျိုးသားသည် ဒဏ်ရာပြင်းထန်သဖြင့် ဒီဇင်ဘာလ ၃၁ ရက်တွင် တနင်္သာရီမြို့ဆေးရုံမှတစ်ဆင့် မြိတ်မြို့ရှိ စစ်ဆေးရုံသို့ လွှဲပြောင်းထားရကြောင်း မော်တုံးရွာသားတစ်ဦးက ဆိုသည်။

“တနင်္သာရီမြို့ဆေးရုံကို အရင်ဆုံး သယ်ဆောင်သွားပြီး တစ်ဖက်ဖြတ်လိုက်ရတယ်။ မြို့နယ်ဆေးရုံက မနိုင်တော့လို့ မြိတ်စစ်ဆေးရုံ လွှဲလိုက်တယ်။ အဲဒီရောက်မှ နောက်တစ်ဖက် ထပ်ဖြတ်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။

မိုင်းနင်းမိသည့် အမျိုးသားမှာ လက်ရှိအခြေအနေတွင် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း ကူညီပေးနေသူတစ်ဦးက ပြောဆိုသည်။

အဆိုပါအမျိုးသား မိုင်းမနင်းမိမီ ရက်သတ္တပတ်ကလည်း အမှတ် ၃၀၆ အမြောက်တပ်ရင်း၏ မြောက်ဘက် တောင်ကုန်းစားကျက်တွင် လွှတ်ထားသည့် နွားတစ်ကောင်မိုင်းနင်မိပြီး သေဆုံးခဲ့သေးသည်။

မိုင်းဖြစ်စဉ်များ ဖြစ်ပွားသည့် ကာလတွင် မော်တုံးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့အကြား ထိတွေ့မှုမရှိကြောင်း ရွာသားများထံက သိရသည်။