<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၆)
အပိုင်း-၇- (ကြွေလွင့်သွားသော ကြယ်ပွင့်များ)
အခန်း-၆၇-
(၁) (၉-၉-၉၉ ) ကာလနှင့် ဘန်ကောက်သံရုံး စီးနင်းမှု
ဇလားဒုက္ခသည်စခန်းကနေပြန်လာတဲ့ ကျနော်ဟာ (၁၉၉၉) ခုနှစ် မတ်လ (၁၃) ရက်နေ့ (ဖုန်းမော်နေ့) မှာ ”An alert for the coming 9999 uprising” ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ဘန်ကောက်ထုတ် The Nation သတင်းစာမှာ ရေးလိုက်ပါတယ်။
ဇလားစခန်းမှာ အလွတ်သဘောဆွေးနွေးဖြစ်တဲ့ ဖုန်းမော်နေ့ (၁၁) နှစ်မြောက်နှစ်ပါတ်လည်အခမ်းအနား ဘယ်လိုလုပ်ကြမလဲ၊ ဒီနေ့ ပြည်တွင်းက ကျောင်းသားတွေရဲ့အခြေအနေ ဘယ်လိုရှိသလဲဆိုတဲ့ ဆွေးနွေးချက်ကိုအခြေခံကာ ကိုမိုးသီးဇွန်ရဲ့ စကားလုံးတွေ၊ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေရဲ့ စကားလုံးတွေကို ကုတ်လုပ်ပြီး ရေးလိုက်တာပါ။
ဆိုလိုတာကတော့ (၈၈) မှာတောခိုခဲ့တဲ့ ကျနော်တို့ဟာ (၁၀) နှစ် (၁၀) မိုးကြာတဲ့အထိ ဘာမှအောင်မြင်မှု မရသေးတဲ့အပေါ် သည်းမခံနိုင်မှုတွေဖြစ်နေပြီး (၈၈၈၈) လို နောက်ထပ် လူထုအုံကြွမှုတခု ဖြစ်လာစေဖို့ နယ်စပ်ရောက် ကျောင်းသားတွေက ကြိုးစားနေတဲ့အကြောင်း၊ ကိုယ်ဖြစ်ချင်တာကို ပိုပိုလိုလို ရေးလိုက်တာမျိုးပါ။
ပြည်ပအခြေစိုက် ရေဒီယိုတွေဖြစ်တဲ့ BBC, VOA, RFA, DVB တို့မှာ (၉) လေးလုံးအကြို လှုပ်ရှားမှုသတင်းတွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပေမဲ့ တကယ်တမ်း စက်တင်ဘာ (၉) ရက်နေ့ ရောက်တဲ့အခါမှာတော့ ဟိုနားဒီနား စာရွက်ကပ်တာထပ်ပိုပြီး ဘာမှဖြစ် မလာခဲ့ပါဘူး။
အဲဒီအချိန်ဟာ ပြည်တွင်းအင်အားစု အားလုံးကို စစ်အစိုးရက ဖမ်းဆီးပြီး ထောင်ချထားချိန်၊ မင်းကိုနိုင်နဲ့ (၈၈) တဖွဲ့လုံး နှစ်ရှည်ထောင်ကျနေချိန်၊ CRPP အဖွဲ့ဝင်တွေနဲ့ လွှတ်တော်အမတ်အများအပြား ထိမ်းသိမ်းခံနေရချိန်လည်း ဖြစ်ပါတယ်။ နယ်စပ်မှာလည်း KNU, ABSDF စခန်းတွေ တခုပြီးတခု ကျနေလို့ ရဲဘော်အတော်များများ စိတ်ဂဏာမငြိမ် ဖြစ်နေတဲ့ကာလလို့ ဆိုနိုင်မယ်ထင်ပါတယ်။
ဒီလို လူအများစိတ်ထွက်ပေါက်ပိတ်နေချိန် (၉) လေးလုံးအလွန် သတင်း ၂-ပတ်ကျော်အကြာ အောက်တိုဘာ (၁) ရက်နေ့မှာတော့ ဘယ်သူမှ ထင်မထားတဲ့ ဖြစ်စဉ်တခု ဘန်ကောက်မြို့လယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
“နန့်စူစန် ဗမာ့တွေ သံရုံးကို သိမ်းထားလိုက်ပြီ” ဆိုပြီး ထိုင်း TV ချယ်နယ်တခုမှာ တွေ့ လိုက်ရပါတယ်။ ဒါပေမယ့် ပြနေတဲ့ပုံတွေက အရင်သံရုံးရှေ့မှာ ဆန္ဒပြနေကျ ပုံဟောင်းတွေဆိုတော့ အရင်လို ဆန္ဒပြကြတာပဲဖြစ်မယ်၊ ငါ နားကြားလွဲတာနဲ့ တူပါတယ်ဆိုပြီး ကျနော်လည်း ခပ်ပေါ့ပေါ့ပါပဲ။
အဲဒီအချိန်ဟာ ABSDF အလုပ်တွေကို လျှော့ချပြီး DVB အတွက် အချိန်ပြည့်ဝန်ထမ်းအဖြစ် ကျနော်ဆောင်ရွက်နေပါပြီ။ အဲဒီကာလ DVB ရုံး ငှားထားတဲ့နေရာက ဘန်ကောက်မြို့ ကီလို (၈) ဝန်းကျင်က လမ်းသွယ်တခုထဲက ရဲစခန်းရှေ့တည့်တည့်မှာပါ။ (ရဲ စခန်းရှေ့မှာ ပေါ်တင်နေတဲ့အတွက် တရားမဝင်ခိုးဝင်နေထိုင်သူတွေအဖြစ် ရဲတွေကိုယ်တိုင်က ထင်မထားဟုဆို)။
ကျနော်ဟာ တဖက်မှာလည်း ဧရာဝတီ အပါအဝင် ထိုင်းအခြေစိုက် သတင်းစာတွေမှာ အင်္ဂလိပ်လိုဆောင်းပါးတွေ ကြိုးစားပြီး စတင်ရေးသားနေချိန်ဖြစ်ပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့ညနေဟာ ကျနော့ကို ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်ဆိုပြီး ခန့်အပ်ထားတဲ့ ဧရာဝတီအယ်ဒီတာချုပ် ကိုအောင်ဇော်နဲ့တွေ့ဖို့ ချင်းမိုင်ကိုဆင်းဖို့ပြင်ရင်း သတင်းကို တာဝန်ကျေ နားထောင်နေတာပါ။
“သံရုံးသတင်းက တကယ်ဖြစ်နေတာနော်။ သေနတ်သံတွေတောင် ကြားရတယ်လို့ TV ထဲမှာ ပြောနေတယ်” ဆိုပြီး ထိုင်းစကားကျွမ်းတဲ့ DVB ဘန်ကောက်ရုံး ထိုင်းဆက်ဆံရေးတာဝန်ခံ ကိုတင့်ဇော် (အခု အမေရိကန်) က ပြောပါတယ်။
ဒါနဲ့ ကျနော်လည်း ဟိုဖုန်းဆက်၊ ဒီဖုန်းဆက် လျှောက်မေးတော့ မနီလွိုင်စခန်းက ကျောင်းသားတွေလည်းပါတယ်။ လွန်ခဲ့တဲ့ တပတ်ကတောင် သူတို့အဖွဲ့ ကြေညာချက်တခု ထုတ်ထားသေးတယ်ဆိုပြီး သတင်း အစအနတွေ ရလာပါတယ်။
တချိန်းတည်းမှာပဲ TV သတင်းတွေမှာ တဖြည်းဖြည်းနဲ့ သံရုံးအခြေအနေ အသေးစိပ်ပါလာပြီး ဘန်ကောက်အခြေစိုက် သတင်းထောက် အတော်များများ သံရုံးရှေ့ ရောက်နေကြပါပြီ။ ကျနော်လည်း တခြားသတင်းထောက်တွေလို သံရုံးရှေ့သွားချင်ပေမယ့် အဲဒီအချိန်အထိ ကျနော့်လက်ထဲမှာ မြန်မာစာအုပ်အတု အပါဝင် ဘာ Passport, ဘာ ID မှ မရှိသေးပါ။
————————-
(၂) သံရုံးသိမ်း သေနတ်သမားနှင့် အင်တာဗျုးခြင်း
အဲဒီလို ဘာ ID မှ မရှိတာကိုက ကံကောင်းသွားတယ် ပြောရမလားပါပဲ။ တခြားသတင်းထောက်တွေ သံရုံးရှေ့ပြေးနေချိန်မှာ သူတို့လို မပြေးနိုင်တဲ့ (Passport မရှိ၊ ID မရှိရင် ရဲ ဖမ်းခံရနိုင်တဲ့အတွက်) ကျနော်ဟာ ရုံးခန်းကျဉ်းကျဉ်းထဲမှာ ဖုန်းတဂွမ်ဂွမ် ဆက်ရင်းနဲ့ NGO သတင်းရပ်ကွက်ဆီကနေ သံရုံးဖုန်းနံပတ်တခု ရလိုက်ပါတယ်။
ရမ်းသမ်းပြီးနှိပ်ထည့်လိုက်တော့ “ဆဝါဒီခပ်” ဆိုပြီး ဖုန်းကိုင်တဲ့လူက ထိုင်းလိုပြောပါတယ်။ ဒါပေမဲ့ ဒီလူ့အသံ ထိုင်းအသံ မဟုတ်ဘူးဆိုတာကို ရိပ်မိတာနဲ့ ထိုင်းလိုပြန်မပြောတော့ပဲ “ကျနော် DVB ကပါ။ အဲ …” ဆိုပြီး စကားဆက်ဖို့ အရှိန်ယူနေတုန်း…
“DVB နော်ဝေ လား။ ဘယ်သူလဲမသိဘူး” ဆိုပြီး ဖုန်းကိုင်တဲ့ပုဂ္ဂိုလ်က ပြန်မေးပါတယ်။ တကယ်က ကျနော့်သတင်းထောက်အမည် ”ထက်အောင်ကျော်” ဆိုတာကို ပြောရမယ့်အစား မေ့ပြီးတော့ အမည်ရင်းဖြစ်တဲ့ “ဝင်းထိန်ပါ … ကျနော်။ ခင်ဗျားတို့ အဲဒီ … ဟိုကိစ္စ ဘာပြောလို့ရမလဲ၊ နောက်ဆုံးအခြေနေ” ဆိုပြီး အစီစဉ်တကျမဟုတ်တဲ့ မေးခွန်းတွေ ထွက်သွားပါတယ်။
”သြော် … နော်ဝေးအသံကိုလား။ ဟုတ်ကဲ့ ကျနော်တို့သိမ်းထားတယ်။ သံရုံးကို စီးထားလိုက်ပြီ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ တကယ်က အဲဒီအချိန်မှာ အသေချာ မေးခွန်းဆက်မေးရမယ့်အစား အတွေ့အကြုံမရှိသေးတဲ့ သတင်းထောက်ပီပီ “ဒီနံပါတ်က သံရုံးနံပါတ်ဟုတ်ပါတယ်နော်” ဆိုပြီး သွားမေး မိပါတယ်။
တော်သေးတယ်။ ဟိုဖက်ကပုဂ္ဂိုလ် စိတ်ဆိုးပြီး ဖုန်းချမသွားလို့။ ပြီးတော့ ကျနော်စမေးတဲ့ မေးခွန်းကကြည့်ပါဦး၊ “ခင်ဗျားတို့ ဘာပြောချင်လဲ။ ပြောချင်တာတွေအကုန်လုံး ပြောထားခဲ့ဗျာ” တဲ့။
“ကျနော်ဘာမှ မပြောနိုင်သေးဘူး။ စတိတ်မန့်ထဲမှာ ပါသလောက်ပဲ ပြောနိုင်ဦးမယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ကျနော်တို့ တောင်းထားပါတယ်။ ခင်ဗျား စတိတ်မန့် ရပြီးပြီမို့လား” လို့ ပြန်မေးပါတယ်။
မရသေးရင် Fax နံပါတ်ပေး၊ သူပို့ပေးမယ်လို့ ဆိုပါတယ်။ ကျနော်တို့ရုံးက ပုန်းလျှိုးကွယ်လျှိုး ဖွင့်ထားရတာဆိုတော့ ပြဿနာဖြစ်နေတဲ့အရပ်ဆီ Fax နံပါတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ အသံနဲ့ လိုချင်လို့ပါ။ ဘာညာ ညှိရတာ တမိနစ်လောက်ကြာသွားပါတယ်။ ပြီးတော့မှ ကျနော်မေးမယ်၊ ခင်ဗျားဖြေဗျာ ဆိုပြီးအတင်းဆွဲခေါ်တော့ “အိုကေ” လို့ သူကဆိုပါတယ်။
ခင်ဗျားတို့က ဘယ်အဖွဲ့ကလဲ၊ ဘာကြောင့် အခုလိုဝင်စီးတာလဲ ဆိုပြီး စမေးဖြစ်ပါတယ်။ “ကျနော်တို့က ဘယ်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ဘူး။ Vigorous Burmese Students Warrior စွမ်းအားမြင့် ကျောင်းသားစစ်သည်တော်များအဖွဲ့။ ဘယ်အဖွဲ့နဲ့မှ မဆိုင်ဘူး။ အခုမှ အသစ်ဖွဲ့တဲ့အဖွဲ့” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။
ပြီးတော့ ဘာကြောင့် ဝင်သိမ်းလဲဆိုတော့ “ဒီကောင်တွေက ပြည်သူက ရွေးချယ်ခန့်အပ်ထားတဲ့ လူတွေမဟုတ်ဘူး။ သူ့ဟာသူ သေနတ်နဲ့ အာဏာသိမ်းပြီး လျှောက်လုပ်နေတာ။ ကျနော်တို့က တော်လှန်ရေးသမားတွေပဲ။ ပြည်သူဘက်က လူတွေပဲ။ ဒါကြောင့် ဝင်သိမ်းတာ” လို့ အဲဒီ ပုဂ္ဂိုလ်က ပြောပါတယ်။
ဒီကိစ္စကိုခင်ဗျားတို့ ဘယ်လိုဖြေရှင်းမှာလဲ။ ထိုင်းအာဏာပိုင်တွေနဲ့ ညှိမှာလားဆိုပြီး ဆက်မေးတော့ “မိထားတဲ့ ဓားစားခံတွေကိုဖမ်းပြီး တော်လှန်ရေးနယ်မြေကို ပြန်ဆုတ်မယ်။ ထိုင်းနဲ့ ညှိမယ်။ ထိုင်းကို စော်ကားတာ မဟုတ်ဘူး။ မြန်မာသံရုံးဟာ မြန်မာပိုင်နက်ထဲမှာပဲ ရှိတယ်။ ကျနော်တို့ လက်နက်ချဖို့ မရှိဘူး။ ကျနော်တို့နဲ့အတူ မဟာမိတ် God Army လည်း ပါတယ်။ ခင်ဗျားတို့အနေနဲ့ Mediator လိုင်းကနေ ဝင်ပေးနိုင်ရင်ကောင်းမယ်။ မဟုတ်ရင် အားလုံးသေကုန်မယ်။ လက်နက်ချဖို့မရှိဘူး” ဆိုပြီး အဲဒီ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။
တကယ်က အဲဒီလို အရှိန်ကောင်းနေတုန်း မေးခွန်းတွေ ဆက်တိုက်မေးသင့်တယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော်စိတ်ထဲ ဒီလူ တကယ်ပြောနေတာ ဟုတ်ရဲ့လား။ သံရုံးနံပါတ် သေချာရဲ့လားဆိုပြီး သံသယ ထပ်ဝင်လာပြန်ပါတယ်။ “ခင်ဗျား သံရုံးထဲကပြောနေတာ ဟုတ်ပါတယ်နော်။ ခင်ဗျားနာမည်နဲ့ တာဝန်ကို ပြောနိုင်မလားဗျ။ ကျနော် အတည်ပြုချက် ယူချင်လို့ပါ” ဆိုပြီး သွားမေးမိပြန်ပါတယ်။
”နာမည်။ နာမည်က အကုန်လုံးသိနေပြီဗျ။ By Name နဲ့တောင် Fax တွေဝင်လာနေပြီ။ ကျနော့်နာမည် ဂျော်နီပဲ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ဖြေပါတယ်။ ပြီးတော့ သေနတ်သံတွေ၊ မှန်ပြူတင်းကွဲသံတွေ ကြားလိုက်ရပါတယ်။ ”ဒါပဲနော်။ ကျနော် ထိုင်းအာဏာပိုင်တွေနဲ့ စကားပြောရဦးမယ်” လို့ပြောပြီး ဖုန်းချသွားပါတယ်။
အဲဒါဟာ အတွေ့အကြုံ နုသေးတဲ့ သူပုန်လူထွက်ခါနီး သတင်းထောက်ပေါက်စနဲ့ ဘန်ကောက်မြို့လယ်ခေါင်က မြန်မာသံရုံးကို စီးထားသူ သေနတ်သမား ကိုဂျော်နီတို့ရဲ့ ပထမဆုံး အင်တာဗျူးပါပဲ။
—————
(၃) အမိန့်ပေးနေသူတွေကို ထိအောင်ပစ်ဖို့လို
တကယ်ကတော့ နိုင်ငံတကာ သတင်းဌာနတွေမှာဆိုရင် ဒီလို အကြမ်းဖက်စီးနင်းမှုတွေ၊ ဓားစာခံကိစ္စတွေအတွက် အထူးသတင်းထောက်တွေ ရှိတယ်လို့ဆိုပါတယ်။ ဒီ ဘာသာရပ်အတွက် အထူးလေ့ကျင့်ထားတဲ့ သတင်းသမားတွေပေါ့။ ဒါပေမယ့် ကျနော်တို့ မြန်မာသတင်းလောကမှာတော့ အခုချိန်အထိ ဒါမျိုးလေ့ကျင့်ထားတာ၊ ဒီဘာသာရပ်ကို သင်ကြားတယ်ဆိုတာမျိုး မကြားမိသေးပါဘူး။
နောက်တခါ ဒီလိုဖြစ်ရပ်ဟာ ဆယ်နှစ်လောက်ကြာမှ တခါပေါ်ချင်မှ ပေါ်တဲ့ကိစ္စမျိုးဆိုတော့ ခန့်မှန်းဖို့ သိပ်မလွယ်။ နီးတဲ့လူ၊ ဖုန်းရတဲ့လူကပဲ မေးလိုက်တာ သဘာဝကျတယ်လို့ ထင်ပါတယ်။
ဒါက အခုမှ စဉ်းစားမိတဲ့ အချက်တွေပါ။ အဲဒီအချိန်ကတော့ ရင်တုန်ပန်းတုန်ဖြစ်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပါ။ ဒီအင်တာဗျူး ပြီးသွားတဲ့အထိ ကျနော့်စိတ်ထဲ ယုံတဝက်၊ မယုံတဝက်ဖြစ်နေဆဲ။ ကျနော်ဘေးမှာ နားထောင်နေကြတဲ့ DVB မြေအောက်ရုံးအဖွဲ့သားတွေဖြစ်တဲ့ ကိုတင့်ဇော်နဲ့ ကိုမင်းဇော်ရွှေတို့ကတော့ လက်မ ထောင်ပြနေကြပါတယ်။
ဒါပေမယ့် သူတို့က အစအဆုံး ကြားရတာမဟုတ်။ ကျနော်မေးနေတဲ့ အသံပဲကြားရပြီး ဟိုဘက်ကဖြေသံကို မကြားနိုင်။ ဘာကြောင့်လဲဆို အဲဒီကာလ DVB ဟာ ဆင်းရဲနေဆဲ ဖြစ်တဲ့အတွက် တယ်လီဖုန်းနဲ့ အသံဖမ်းစက်ကြား ချိတ်ပေးတဲ့ ဒေါ်လာ (၃၀) တန် ကြားခံကိရိယာကိုတောင် မဝယ်နိုင်သေး။ ဘန်ကောက်ဗျူရိုတာဝန်ခံ ကိုခင်မောင်ဝင်း ဆင်ပေးထားတဲ့ အပေါက်ဖောက်ထားတဲ့ တယ်လီဖုန်းကို ဝိုင်ယာကြိုးအသွယ်သွယ်နဲ့ဆက်ပြီး အသံဖမ်းနေရတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။
ဒီလိုနဲ့ အော်စလိုရုံးက ဖုန်းခေါ်လာချိန်ကိုတောင် မစောင့်နိုင်တော့ပါဘူး။ ကိုယ်ကပဲ အရင် ခေါ်ပြီး သံရုံးကို စီးထားတဲ့ အဖွဲ့ခေါင်းဆောင်နဲ့ အင်တာဗျုးရထားတဲ့အကြောင်း၊ အမြန်ပို့ချင်ကြောင်း ပြောလိုက်ပါတယ်။ အဲဒီအချိန် အော်စလိုရုံး တာဝန်ကျ သတင်းအယ်ဒီတာက ကိုဝင်းနိုင်ဦး (နောက်ပိုင်း RFA ကို ပြောင်းသွားသူ) ဖြစ်ပါတယ်။ သူလည်း ကျနော်အင်တာဗျုးရတာကို အတော်အံ့သြနေပုံရပါတယ်။ ကျနော် ကိုယ်တိုင်လည်း အံ့သြနေတုန်း။
အဲဒီကာလတွေဟာ အခုခေတ်လို အွန်လိုင်းဆက်သွယ်ရေး သိပ်မကောင်းသေးတဲ့အတွက် တနေရာနဲ့တနေရာ ဆက်သွယ် အကြံညဏ်တောင်းဖို့ သိပ်မလွယ်သေးပါ။ ဆိုလိုတာကတော့ အခုခေတ်မှာဆိုရင် ဆက်သွယ်ရေးလွယ်ကူတဲ့အပြင် ရုံးခန်းတွေလည်း စနစ်တကျရှိတဲ့နေတဲ့အတွက် အရေးကြီး အင်တာဗျုးတခုခု မလုပ်ခင်မှာ ဘယ်လိုမေးခွန်းတွေ မေးသင့်တယ်ဆိုတာကို အယ်ဒီတာတွေ။ တာဝန်ရှိ သူတွေနဲ့ တိုင်ပင်အကြံဉာဏ်တောင်းဖို့ လွယ်ပါတယ်။
အဲဒီကာလကတော့ မြေအောက်တပိုင်းသတင်းဌာနလိုဖြစ်နေတဲ့အခါကျတော့ ကျနော်ဘေးမှာ မေးမြန်းတိုင်ပင်ဖို့ ဘယ်အယ်ဒီတာမှမရှိ။ နော်ဝေးကလူတွေကလည်း အဲချိန်မှာ အိပ်ရာက မထသေးဆိုတော့ ဘယ်လိုမှ ကြိုတင်ပြင်ဆင်ဖို့ အချိန်မရလိုက်ပါ။ နောက်တခါ ကျနော် ကိုယ်တိုင်လည်း ဖုန်းရဖို့ပဲ နင်းကန်လျှောက်ခေါ်နေပြီး (ဖုန်းရမယ်လို့ သိပ်ထင်မထားပေမယ့်) တကယ်လို့ ဖုန်းရရင် ဘာတွေမေးမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားဖို့ အားနည်းခဲ့တယ်လို့ ထင်ပါတယ်။
ဒီလိုနဲ့ ည ၇- နာရီ ၄၅- မိနစ်မှာလွှင့်တဲ့ အဲဒီ အင်တာဗျုးကို နားထောင်ပြီးတဲ့နောက် ကျနော် အိမ်ပြန်လာပါတယ်။ သိပ်မကြာပါဘူး။ ကျနော့်ဆီ ဝင်လာတဲ့ဖုန်းတွေက မနည်းလှ။ အဲဒီထဲမှာ အခု (၂၀၁၂) ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံဆီ သွားရောက်လေ့လာနေကြတဲ့ ABSDF ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဒေါက်တာနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့က ထိပ်ဆုံးပါပဲ။ ပြီးတော့ တခြားသတင်းဌာနက လုပ်ဖော်ကိုင်ဖက် ဘော်ဘော် သတင်းထောက်တွေ။
သူတို့ အဓိကမေးတာက ဘယ်နံပါတ်နဲ့ရလဲ။ အဲဒီနံပါတ် ပေးနိုင်မလားပေါ့။ တကယ့် ကျဉ်းထဲကျပ်ထဲပါပဲ။ အဲဒီအချိန်မှာ ကျနော်က ABSDF ဗဟိုကော်မီဝင်ဟောင်း၊ တပ်ဖွဲ့ဝင်အဖြစ်ရှိနေတုန်း။ ကိုနိုင်အောင်က ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်က ဒု ဥက္ကဋ္ဌ ဆိုတော့ သူတို့တောင်းတာကို ကျနော်မပေးလို့ ဘယ်သင့်တော်ပါ့မလဲ။
တဖက်ကလည်း ကိုယ့်သတင်းရင်းမြစ်ကို မပေးချင်ပြန်ဘူး။ အဲဒါနဲ့ ကျနော် တကယ်ခေါ်လို့ရတဲ့နံပါတ်နဲ့ ခေါ်လို့မရတဲ့ နံပါတ် နှစ်မျိုးကိုတွဲပြီး “အဲဒီနံပါတ် နှစ်ခုစလုံးကိုသာ ခေါ်ကြည့်ပါ။ တလုံးမဟုတ် တလုံးရနိုင်ပါတယ်” လို့ ပြောပြီးပေးလိုက်ပါတယ်။ တခြားသတင်းဌာနတွေက လုပ်ဖေါ် ကိုင်ဖက်၊ ဘော်ဘော်တွေကိုလည်း ဒီလိုပဲ ပေးလိုက်ပါတယ်။
ဒါပေမဲ့ ကံကောင်းတာလား။ ကံဆိုးတာလား မပြောတတ်။ အဲဒီညက ကျနော်ကလွဲပြီး ဘယ်သူမှ ကိုဂျော်နီနဲ့ အင်တာဗျုး မရလိုက်ပါဘူး။ ကံဆိုးတယ် ဆိုတာကတော့ ဘယ်သူမှမရပဲ ကျနော်တဦးတည်းသာ အင်တာဗျုးရတဲ့အတွက် ကျနော်နဲ့ ကိုဂျော်နီတို့ နဂိုကတည်းက အဆက်သွယ် ရှိထားလားဆိုပြီး သံသယ ဝင်ကြတဲ့အမှုပါ။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့ည (၁) နာရီခွဲလောက်မှာ ကိုဂျော်နီနဲ့ကျနော် ဖုန်းတခါ ထပ်ရလိုက်ပါသေးတယ်။ မနက်ဖြန် သေနိုင်တယ်လို့ ထင်ထားတဲ့ ကိုဂျော်နီဟာ သူ့ရင်ထဲရှိတဲ့ စကားတွေအားလုံးကို အဲဒီညက ပြောသွားခဲ့ပါတယ်။
“ကိုယ့်ကိုယ်ကို သေလူအဖြစ် သဘောထားပြီး ဒီကိစ္စကို ဆောင်ရွက်တာပါ။ ကျနောလည်း AB ရဲဘော်ဟောင်းပါပဲ။ ကျနော်တို့ ရှေ့တန်းမှာတိုက်နေတာ နှစ်တွေကြာခဲ့ပေမယ့် ဘာမှ မထူးလာဘူးဗျာ၊ ပွန်း (စစ်တုရင် ကစားပွဲမှ စစ်သည်ရုပ်) တွေနဲ့ တိုက်နေလို့ ဘာမှမထူးဘူး၊ Key တွေ၊ ထိပ်မှာထိုင်ပီး အမိန့်ပေးနေသူတွေကို ရှင်းပစ်နိုင်မှ မြန်မာနိုင်ငံအခြေနေက ပြောင်းမှာဗျ” ဆိုတဲ့ စကား အပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေအပေါ် သူ့အမြင်၊ တော်လှန်ရေးသမားတွေဟာ စစ်မတိုက်ပဲ ဆယ်မီနာတွေ၊ အစည်းဝေးတွေပဲ လုပ်နေကြပြီး အချိန်ဖြုန်း၊ ငွေဖြုန်း လုပ်နေကြတယ်ဆိုပြီး ကိုဂျော်နီပြောသွားတာကို ကျနော်မှတ်မိနေပါတယ်။
………………………………………
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၆၈) >>>>>
ထက်အောင်ကျော်