BREAKING
March 15, 2025

တနင်္သာရီတိုင်းတွင် မီးရှို့ခံရသည့်နေအိမ် နှစ်ရာနီးပါးရှိလာ

January 9, 2023

တနင်္သာရီတိုင်းအတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် နှစ်ရာနီးပါးရှိလာကြောင်း Southern Monitor အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်အထိ အရပ်သားနေအိမ် ၁၈၈ လုံး မီးရှို့ဖျက်ဆီး ခံရကြောင်း ဇန်နဝါရီလ ၈ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုင်းအတွင်း နေအိမ်မီးရှို့ခံရမှုအများဆုံးမြို့နယ်မှာ မြိတ်ခရိုင်၊ ပုလောမြို့နယ်ဖြစ်ပြီး အရပ်သားနေအိမ် ၁၁၅ လုံး မီးရှို့ခံရကြောင်း Southern Monitor ထုတ်ပြန်ထားသည်။

ယင်းနောက် သရက်ချောင်းမြို့နယ်တွင် ၃၃ လုံး၊ တနင်္သာရီမြို့နယ်တွင် အလုံး ၂၀ ၊ ရေဖြူမြို့နယ်တွင် ရှစ်လုံး၊ ထားဝယ်မြို့နယ်တွင် ခုနစ်လုံး၊ လောင်းလုံးမြို့နယ်တွင် နှစ်လုံးနှင့် မြိတ်မြို့နယ်တွင် တစ်လုံး မီးရှို့ခံရကြောင်း ဆက်လက် ဖော်ပြသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ နေအိမ် ၁၂၀ နီးပါး မီးရှို့ခံခဲ့ရပြီး ပြီးခဲ့သည့် ဒီဇင်ဘာလလ တစ်လတည်းတွင် နေအိမ် ၆၉ လုံး ထပ်မံမီးရှို့ခံရကြောင်း ယင်းအဖွဲ့က ဆိုသည်။

မီးရှို့ခံရသည့် နေအိမ်အရေအတွက်မှာ မြေပြင်တွင်မူ ယခုထက်ပိုများ နိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နေအိမ်များမှာ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက မီးရှို့ခြင်းဖြစ်သည်ဟုလည်း Southern Monitor အဖွဲ့က ထုတ်ပြန်ထားသည်။

Southern Monitor သည် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေနေ၊ စစ်ဘေးရှောင် ပြည်သူများအရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို စောင့်ကြည့်လေ့လာနေသည့် သုတေသနအဖွဲ့တစ်ခု ဖြစ်သည်။

ယခုရက်ပိုင်းအတွင်းမှာပင် ပုလောမြို့နယ်က ကျေးရွာအချို့၊ လောင်းလုံးမြို့နယ် သကျက်တောရွာ၊ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာတို့တွင် နေအိမ်များ မီးရှို့ခံခဲ့ရသေးသည်။