BREAKING
December 22, 2024

ဘာရှာအာဆတ် ကျဆုံးခန်း

December 8, 2024

တစ်ခုသော တနင်္ဂနွေနေ့ရဲ့ မနက်အရုဏ်ဦးမှာ ဆီးရီးယားမြို့တော် ဒမတ်စကတ်ရဲ့ ကောင်းကင်ထဲ သေနတ်သံတွေ ပေါ်ထွက်လာတယ်။

သူပုန်တပ်ဖွဲ့တွေဟာ လျှပ်တပြက်ထိုးစစ်အရှိန်နဲ့ ဒမတ်စကတ်စ်မြို့တော်ကို ဝင်ရောက်သိမ်းပိုက်လိုက်တယ်။

ဆီးရီးယားနိုင်ငံကို မီးလောင်တိုက်သွင်းခဲ့တဲ့ အာဏာရှင်ဘာရှာအာဆတ်ဟာ ဒမတ်စကတ်စ်ကနေ ထွက်ပြေးသွားခဲ့ပြီ။

ဒဏ်ရာရသူပုန်တပ်သားတွေဟာ သေနတ်တွေ ကောင်းကင်ပေါ် ပစ်ဖောက်ရင်း “အလ္လာ အက္ဘာ” လို့ အော်ဟစ်အောင်ပွဲခံနေကြတယ်။

ဒမတ်စကတ်စ်မြို့ရဲ့ နိုင်ငံတော်ရုပ်မြင်သံကြားဌာနကနေ ကြေညာချက်တစ်ခု ထွက်ပေါ်လာတယ်။

“ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဆီးရီးယားနိုင်ငံအတွက် အမှောင်ခေတ်တစ်ခေတ် အဆုံးသတ်ပြီး ခေတ်သစ်တစ်ခု စတင်ပြီဖြစ်ကြောင်း ကျွန်ုပ်တို့ ကြေညာလိုက်သည်”

၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဖွားဖက်တော်အာရပ်နွေဦးနဲ့တူ မွေးဖွားလာခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးဟာ ၂၀၂၄ ခုနှစ်ရဲ့ ဆောင်းရာသီအရုဏ်ဦးမှာမှ နွေဦးပေါက်ခဲ့ပြီ။

ဒမတ်စမတ်စ်မြို့ရဲ့ လမ်းမတွေပေါ်မှာ ထောင်ပေါင်းများစွာသော ဒမတ်စကတ်စ်မြို့ခံတွေဟာ “လွတ်မြောက်မှု”ဆိုတဲ့ စကားလုံးကို ကြွေးကြော်အော်ဟစ်နေတယ်။

“ကျွန်တော် အရွယ်ရောက်လာကတည်းက ကျွန်တော် ငိုတယ်ဆိုတာ အတော်ရှားပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော် ငိုတယ်ဗျာ။ ကြောက်ရွံ့မုန်းတီးမှုတွေနဲ့ နေလာခဲ့ရတာ ၁၄ နှစ်ရှိခဲ့ပြီ။ ကျွန်တော်တို့အတွက် ဒါဟာ ဘာလင်တံတိုင်းပြိုကျတဲ့ အခိုက်အတန့်ပါပဲဗျာ”

ဆီးရီးယားရဲ့ စစ်ပွဲဧရိယာတွေမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးနေတဲ့ ဆီးရီးယား-အမေရိကန်ကပြား ဆရာဝန်ယောက်ရဲ့ ရင်ဖွင့်စကားပါ။

၁၄ နှစ်ကြာ ငရဲဘဝများ

၂၀၁၅ ခုနှစ်က တူရကီနိုင်ငံ၊ ဘော့ဒရမ်ကမ်းခြေမှာ လာတင်နေတဲ့ သုံးနှစ်သား ဆီးရီးယားဒုက္ခသည်ကလေးငယ်တစ်ယောက်ရဲ့ အလောင်းဓာတ်ပုံဟာ တကမ္ဘာလုံးက ကြည့်ရှုသူတွေကို အသည်းကွဲစေခဲ့တယ်။ အဲဒီဓာတ်ပုံကို ရိုက်ယူခဲ့တဲ့ တူရကီဓာတ်ပုံဆရာမက ပြောတယ်။

“အဲဒီနေ့က ဒွတ်ဘရာကမ်းခြေဟာ ကလေးသင်္ချိုင်းတစ်ခုလိုပါပဲ”တဲ့။

ဆီးရီးယားပြည်တွင်းစစ်ကနေ ထွက်ပြေးလာတဲ့ အလန်ကာဒီဆိုတဲ့ အဲဒီကလေးလေးရဲ့ အလောင်းဓာတ်ပုံဟာ ဆီးရီးယားအာဏာရှင် ဘာရှာအာဆတ်ရဲ့ လက်အောက်မှာ သန်းပေါင်းများစွာသော ဆီးရီးယားပြည်သူတွေရဲ့ ကံကြမ္မာကို စကားလုံးမဲ့စွာ ဖော်ပြသွားတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ အာရပ်နွေဦးလှိုင်းလုံးနဲ့အတူ ဆီးရီးယားမှာလည်း ဘာရှာအယ်လ်အာဆတ်ကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့တယ်။

ဆန္ဒပြပွဲတွေအတွင်း လူပေါင်း တစ်သောင်းကနေ တစ်သောင်းလေးထောင်အကြား အသတ်ခံလိုက်ရတယ်။ အကျဉ်းထောင်တွေထဲမှာ အစိုးရကို ဆန့်ကျင်သူပေါင်း တစ်သောင်းသုံးထောင်ကျော် သေဒဏ်ကွပ်မျက်ခံလိုက်ရတယ်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူပေါင်း မြောက်များစွာ ကြိုးပေးအသတ်ခံလိုက်ရတယ်။ ဒီလို ရက်စက်မှုနဲ့ ရင်ဆိုင်ရတာတောင်မှ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး ၆ လကြာတဲ့အထိ ဆီးရီးယားပြည်သူတွေဟာ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့နည်းကိုပဲ ကိုင်စွဲဆန့်ကျင်ခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ သတိရကြဖို့ လိုမယ်။

ဟားမားမြို့ကို သိမ်းယူပြီးနောက် သူပုန်တပ်ဖွဲ့ဝင်များကို သောကြာနေ့က တွေ့ရစဉ်

ဘာရှာအာဆတ်ရဲ့ အဆုံးစွန်ဆုံး ရက်စက်မှုတွေအောက်မှာ ဆီးရီးယားလူထုရဲ့ တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးဆီကူးပြောင်းသွားခဲ့တယ်။

ဆီးရီးယားရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ အချိန်ကြာလာတဲ့အမျှ ဒီမိုကရေစီအတိုက်အခံတွေနဲ့ အာဆတ်အစိုးရကြားက ပဋိပက္ခတစ်ခုဆိုတာထက် ပိုလာတယ်။ အမေရိကန်၊ အီရန်၊ တူရကီ၊ ရုရှား စတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာအင်အားကြီးနိုင်ငံတွေရဲ့ ပါဝင်စွက်ဖက်မှုတွေနဲ့ အမယ်ဘုတ်ချည်ခင်လို ရှုပ်ထွေးလာတယ်။

ရုရှား ၊ အီရန်တို့ရဲ့ အကူအညီနဲ့ အာဆတ်အစိုးရဟာ စစ်ရေးပစ်မှတ်လော ၊ အရပ်သားလော မခွဲခြားဘဲ သူပုန်တည်နေရာလို့ သူတို့ ယူဆတာမှန်သမျှကို လေကြောင်းကနေ ဗုံးကြဲတယ်။ ဓာတုလက်နက်နဲ့ တိုက်ခိုက်ပြီး မလုပ်ပါဘူးလို့ ပြောင်ငြင်းတယ်။

သူပုန်တွေဆီကို အမြောက်အများ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ရုရှားရဲ့ အကူအညီနဲ့ ၂၀၁၆ ခုနှစ်စပြီး ပြန်သိမ်းယူလာနိုင်ခဲ့တယ်။ ဆီးရီးယားမှာ ရုရှားတပ်ဖွဲ့တွေ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုအမြောက်အများကိုလည်း လူ့အခွင့်အရေးအဖွဲ့နဲ့ စစ်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက မှတ်တမ်းတင်ထားခဲ့တယ်။

စစ်မဖြစ်ခင်က ရှိခဲ့တဲ့ ဆီးရီးယားလူဦးရေ ၂၃ သန်းရဲ့ တစ်ဝက်ဟာ ဒုက္ခသည် ဖြစ်သွားတယ်။ သန်းပေါင်းများစွာသော ဆီးရီးယားပြည်သူတွေဟာ နယ်စပ်ကို ဖြတ်ပြီး ဂျော်ဒန်၊ တူရကီ၊ အီရတ်၊ လက်ဘနွန်နဲ့ ၊ ဥရောပတိုက်ကို ထွက်ပြေးခဲ့ရတယ်။

အလန်ကာဒီဆိုတဲ့ ကလေးလေးဟာ ဒီလိုထွက်ပြေးရင်းနဲ့ သူ့အစ်ကို၊ သူ့အမေနဲ့အတူ ပင်လယ်ထဲ ရေနစ်သေဆုံးခဲ့ရတဲ့ ကလေးလေးတစ်ယောက်ပါပဲ။

မီးဟုန်းဟုန်းတောက်လောင်နေတဲ့ သပွတ်အူပြည်တွင်းစစ်ဟာ ၂၀၂၀ အစ်ဒလစ်စာချုပ်ချုပ်ဆိုပြီးနောက်မှာတော့ အတိုင်းအတာတစ်ခုအထိ ငြိမ်သက်သွားခဲ့တယ်။

ဒီဇင်ဘာ ၈ ရက်နေ့ အစောပိုင်းက ဒမတ်စကတ်စ်မြို့တွင်းသို့ ဝင်လာသည့် သူပုန်တပ်ဖွဲ့ဝင်များ

အာဆတ်အစိုးရက ဆီးရီးယားရဲ့ နယ်မြေအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်။ အတိုက်အခံ သူပုန်အုပ်စုတွေက နိုင်ငံရဲ့ အနောက်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ခဲ့တယ်။

ကာ့ဒ်လက်နက်ကိုင်သူပုန်အဖွဲ့တွေကလည်း နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းကို ထိန်းချုပ်ထားခဲ့တယ်။ ဆီးရီးယားပြည်တွင်းစစ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေဟာ ၂၀၂၄ နိုဝင်ဘာလမတိုင်ခင်အထိ အပြောင်းအလဲမရှိခဲ့တော့ဘူး။

နိုင်ငံတကာသတင်းခေါင်းကြီးတွေမှာ နှစ်ပေါင်းများစွာ နေရာယူထားတဲ့ ဆီးရီးယားဟာ သတင်းတွေကနေ အချိန်အတော်ကြာ တိမ်မြှုပ်သွားခဲ့တယ်။ ဒါပေမယ့် ဆီးရီးယားပြည်တွင်းစစ်ဟာ နိတ္ထိတံသွားတာ မဟုတ်ပါဘူး။

၁၁၂၇ သို့သော် ဆီးရီးယား

နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆီးရီးယားအနောက်မြောက်ပိုင်းကနေ ရုတ်ချည်းထွက်ပေါ်လာတဲ့ သူပုန်တွေရဲ့ လျှပ်တပြက်ထိုးစစ်ဟာ ငြိမ်သက်နေတဲ့ ပြည်တွင်းစစ်ယမ်းအိုးကို ဖောက်ခွဲလိုက်ပါတယ်။

အလက်ပိုမြို့ကို သူပုန်တွေက ထိုးစစ်ဆင်ခဲ့တယ်။ ဘီစီ ၆၀၀၀ ကတည်းက လူသားတွေ အခြေချနေထိုင်လာခဲ့တဲ့ အလက်ပိုမြို့လယ်ခေါင်မှာ သူပုန်တွေရဲ့ အလံကို နိုဝင်ဘာ ၂၉ ရက်နေ့မှာ လွှင့်တင်နိုင်ခဲ့တယ်။

သူပုန်တပ်ပေါင်းစုကို ဦးဆောင်လာခဲ့တာက ဟာရက် တီဟာ အရှမ်ဆို (Hayat Tahir al-Sham) ဆိုတဲ့ အစ္စလာမ်မစ် လက်နက်ကိုင်အဖွဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့က အယ်လ်ကိုင်းဒါးနဲ့ အစ္စလာမ်မစ်နိုင်ငံတော် အဖွဲ့တွေရဲ့ လက်ခွဲတစ်ခုလို့ ယူဆခံရပြီး အမေရိကန်အပါအဝင် အစိုးရ အတော်များများက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားပါတယ်။

HTS အဖွဲ့ခေါင်းဆောင် အဘူ မိုဟာမက် အယ် ဂျိုလန်နီကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စွပ်စွဲထားကြပါတယ်။ အမေရိကန်က သူ့ကို ဖမ်းမိရင် ဆုကြေး ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ ထုတ်ပြန်ခံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

သူပုန်တွေလက်ကနေ အလက်ပိုမြို့ကို ပြန်သိမ်းနိုင်ဖို့ အာဆတ်ဘက်က လေးနှစ် အချိန်ယူခဲ့ရပါတယ်။ ဒါပေမယ့် အခု အလက်ပိုမြို့ကို သူပုန်တွေ ပြန်သိမ်းယူရမှာတော့ လေးရက်တောင် မကြာခဲ့ပါဘူး။

ဒီဇင်ဘာ ၇ ရက်နေ့က ဆီးရီးယားတောင်ပိုင်း ဒါရာမြို့တွင် အစိုးရတပ်များ အရေးနိမ့်သွားပြီးနောက် တင့်ကားပေါ်မှ ဆီးရီးယားပြည်သူများကို တွေ့ရစဉ်

၂၀၁၆ မှာ အလက်ပိုမြို့ကို အာဆတ်ဘက်က ပြန်ရဖို့ ရုရှားက လေကြောင်းပစ်ကူပေးသလို အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း မြေပြင်ကနေ တိုက်စစ်ဆင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ အာဆတ်ရဲ့ မဟာမိတ်တွေက အာဆတ်ကို မကူနိုင်တော့ပါဘူး။

အာဆတ်ကို အာဏာမြဲအောင် အဓိကကူညီပေးထားတဲ့ ရုရှားက ယူကရိန်းစစ်ပွဲမှာ ကိုယ်တိုင်ရုန်းကန်နေရသလို အီရန်ရော ဟစ်ဇ်ဘိုလာရော အစ္စရေးလက်ချက်နဲ့ အားနည်းနေကြတဲ့အချိန် ဖြစ်ပါတယ်။

သူပုန်တွေဘက်ကလည်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား အပစ်ရပ်ဖို့ သဘောတူလိုက်တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာပဲ ထိုးစစ်စခဲ့တာဟာ တိုက်ဆိုင်တာမဟုတ်နိုင်ပါဘူး။

လမ်းများအားလုံး ဒမတ်စကတ်စ်သို့

အလက်ပိုမြို့ကို သိမ်းပြီးတဲ့နောက်မှာ သူပုန်တွေဟာ ဒမတ်စကတ်စ်မြို့ရှိရာ တောင်ပိုင်းကို ဦးတည်ချီတက်လာခဲ့ပါတယ်။

အလက်ပို ၊ ဟားမားနဲ့ ဟွမ်းစ်တို့အပါအဝင် ဒမတ်စမတ်စ်ကို သွားတဲ့ လမ်းကြောင်းပေါ်က အဓိကမြို့အားလုံးကို သိမ်းပိုက်ခဲ့ပါတယ်။

မနေ့က စနေနေ့မှာ ဒမတ်စကတ်စ်ရဲ့ မြောက်ဘက် မိုင် ၁၀၀ အကွာမှာ ရှိတဲ့ ဟွမ်းစ်မြို့ကို သူပုန်တွေ သိမ်းယူနိုင်ခဲ့ပါတယ်။ ဟွမ်းစ်မြို့ဟာ ဆီးရီးယားနိုင်ငံအနှံ့ကို ဆက်သွယ်ထားတဲ့ အဓိကအဝေးပြေးလမ်းမကြီးတွေရဲ့ လမ်းဆုံလမ်းခွမှာ တည်ရှိပါတယ်။

ဟွမ်းစ်မြို့ကို ရလိုက်တာဟာ ဒမတ်စကတ်စ်မြို့ကို ဆက်လက်ချီတက်ဖို့ လမ်းကြောင်းဟင်းလင်းပွင့်သွားပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဒမတ်စ်ကတ်စ်မြို့တွင် အောင်ပွဲခံနေကြသည့် ဆီးရီးယားပြည်သူများ

အာဆတ်အစိုးရအတွက်ကတော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံ့အနောက်မြောက်ပိုင်းနဲ့ တောင်ပိုင်းက ဒမတ်စကတ်စ်မြို့တော်အကြား မရှိမဖြစ် ကြားခံဇုန်တစ်ခုကို ဆုံးရှုံးလိုက်ရတာပါပဲ။

လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကထက် ပိုစစ်ရည်ဝလာတဲ့၊ ဒရုန်းတွေကို ပိုအသုံးပြုလာတဲ့ သူပုန်တပ်တွေရဲ့ လျှပ်တပြက်ထိုးစစ်က ဆီးရီးယားပြည်တွင်းစစ်ရဲ့ စစ်ရေးချိန်ခွင်လျာကို လျင်လျင်မြန်မြန် ပြောင်းလဲပေးလိုက်တယ်။

သူပုန်တွေဟာ သူတို့တွေ ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ သူတို့ကိုယ်တိုင်တောင်မှ မထင်ထားဘူးလို့ The Economist မဂ္ဂဇင်းကြီးက ရေးခဲ့ပါတယ်။

ဟားမားမြို့ကို သူပုန်တွေ သိမ်းပြီးနောက်မှာ အမေရိကန်ထိပ်တန်းအရာရှိငါးယောက်က CNN သတင်းဌာနကို ထုတ်ပြောလာတာတစ်ခု ရှိပါတယ်။ အဲဒါက အာဆတ်အစိုးရဟာ ရက်ပိုင်းအတွင်း ပြုတ်ကျသွားနိုင်ခြေရှိတယ်ဆိုတာပါပဲ။

အရင်က အာဆတ်အစိုးရ ထိန်းချုပ်ထားတဲ့ Deir al-Zour ဆိုတဲ့ မြို့မှာ ကာ့ဒ်သူပုန်တပ်ဖွဲ့တွေကလည်း တပ်ဖြန့်ထားလိုက်ပါတယ်။

ဒါဟာ ဆီးရီးယားအရှေ့ပိုင်းမှာလည်း အာဆတ်အစိုးရရဲ့ ထိန်းချုပ်နိုင်မှု ပိုဆိုးရွားလာနေပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

သူပုန်တွေရဲ့ အဓိကထိုးစစ်ကြောင့်အပြင် ဆီးရီးယားအစိုးရဟာ အခြားနယ်မြေတွေကိုလည်း ဆုံးရှုံးခဲ့ရပါယ်။

ဒမတ်စကတ်စ်မြိုတောင်ဘက်မှာရှိတဲ့ Sweida မြို့ဟာ အစိုးရထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ ဗြိတိန်အခြေစိုက် Syrian Observatory for Human Rights အဖွဲ့ကဆိုတယ်။

၂၀၁၈ ခုနှစ်နောက်ပိုင်းကတည်းက သူပုန်တွေ မချဉ်းကပ်နိုင်တော့တဲ့ ဒမတ်စကတ်စ်မြို့ကို ‘၁၁၂၇ ဆီးရီးယားဗားရှင်း’ စတင်ပြီး ၁၂ ရက်အကြာမှာပဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ် အာဏာသိမ်းပွဲကတည်းက ဆီးရီးယားကို ၅၄ နှစ်ကြာ ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့ အာဆတ်ထီးနန်းလည်း ဇာတ်သိမ်းသွားပါတယ်။

အာဆတ်နန်းဆက် သေပန်းပွင့်ချိန်

ဘာရှာအာဆက်ရဲ့ နေဝင်ချိန်ဟာ သူ သမ္မတဖြစ်ကာစ နှိုင်းယှဉ်ကြည့်ရင် လုံးဝကွဲပြားလွန်းပါတယ်။ သူဟာ သူ့အဖေ အာဏာရှင် ဟဲဖက်ဇ်အယ်အာဆတ် ကွယ်လွန်တဲ့ ၂၀၀၀ ခုနှစ်ကစပြီး ဆီးရီးယားသမ္မတဖြစ်လာခဲ့ပါတယ်။

သူ သမ္မတဖြစ်လာတော့ သူဟာ သူ့အဖေနဲ့မတူဘဲ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရေးလုပ်ပေးလိမ့်မယ်လို့ ဆီးရီးယားပြည်သူတော်တော်များများက မျှော်လင့်ခဲ့ကြပါတယ်။

အသက် ၃၄ နှစ်အရွယ် အနောက်တိုင်းပညာတတ်၊ မျက်စိဆရာဝန်တစ်ယောက်ဖြစ်တဲ့ သမ္မတပေါက်စ ဘာရှာအာဆတ်ကို တည်ငြိမ်အေးဆေးတဲ့လူငယ်တစ်ယောက်လို့ လူသိများပါတယ်။

အာရပ်နွေဦးနဲ့အတူ ဆီးရီးယားတော်လှန်ရေးမွေးဖွားလာချိန်မှာတော့ ဘာရှာအာဆတ်ရဲ့ အာဏာရှင်သရုပ်ဟာ ဖုံးမရတော့ပါဘူး။

ဆီးရီးယားဗားရှင်း ၁၁၂၇ ပေါ်မလာခင်အထိကတော့ အာဆတ်နန်းဆက် အာဏာတည်မြဲနေဦးမယ်လို့ ထင်ခဲ့ကြမှာပါ။

ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ဒမတ်စကတ်စ်ကနေ လေယာဉ်တစ်စီးနဲ့ အာဆတ် ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် သူ ဘယ်ကို ထွက်ပြေးသွားသလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြသေးဘူး။

ဒမတ်စကတ်စ်မြို့ပေါ်တွင် အောင်ပွဲခံနေကြသည့် ဆီးရီးယားသူပုန်များ

အာဆတ်ကျဆုံးခန်းအလွန်က အာဏာလေဟာနယ်ထဲ လက်နက်ကိုင်အဖွဲ့ပေါင်းများစွာနဲ့ ဆီးရီးယားရဲ့ အနာဂတ်ဘယ်လိုလာမလဲဆိုတာကိုလည်း ဘယ်သူမှ မသိကြသေးဘူး။

တစ်ခုပြောနိုင်တာကတော့ မှောင်မိုက်နေတဲ့ လှိုဏ်ဂူထဲ နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့ ဆီးရီးယားပြည်သူတွေအတွက် အလင်းရောင်ကိုတော့ မြင်လိုက်ရပါပြီ။

ဒါဟာ လှိုဏ်ဂူထွက်ပေါက်ရဲ့ အလင်းရောင်လား။ ဆီးရီးယားပြည်သူတွေကို နောက်ထပ်နင်းခြေတိုက်ပစ်သွားမယ့် ရထားတစ်စီးရဲ့ မီးအလင်းရောင်လားဆိုတာကိုတော့ ….။

ဈာန်ဟိန်း