BREAKING
December 22, 2024

ခိုးလမ်းမှာ ယောင်ချာချာ

December 8, 2024

“ဆင်း”

ဆိုင်ကယ်သမားက အော်လိုက်တော့ ဆိုင်ကယ်နောက်မှာထိုင်နေတဲ့ ကျနော်ဟာ ဘာမှန်းညာမှန်းမသိဘဲ ဆင်းလိုက်တယ်။ ဆိုင်ကယ်သမားရဲ့အသံဟာ ခပ်ဆတ်ဆတ်။

“အဲဒီခြုံထဲကို ဝင်”

အဝေးပြေးလမ်းမရဲ့ နံဘေးဟာ သစ်ပင်ခြုံနွယ်တွေနဲ့ ပိတ်ဖုံးလို့။ လူတစ်ကိုယ်စာလောက် ပွင့်နေတဲ့ အပေါက်ကနေ ခြုံထဲကို တိုးဝင်လိုက်တယ်။

လူသွားလမ်းကလေးဟာ မြက်ရိုင်းတွေကြားထဲမှာ ကျနော်ကို စောင့်ကြိုနေပါတယ်။ ဆိုင်ကယ်သမားလည်း ပြန်ပြီး မောင်းထွက်သွားပြီ။

ဆိုင်ကယ်သမားဟာ ဘာဆိုဘာမှ မပြောပြခဲ့ဘူး။ ဘာလုပ်ရမယ်ဆိုတာကိုလည်း မညွှန်ကြားခဲ့ဘူး။

ဒီတော့လည်း ကိုယ့်အတွေးနဲ့ကိုယ်ပဲ လမ်းကလေးအတိုင်း လျှောက်လာခဲ့လိုက်တယ်။ စိုက်ခင်းတွေ၊ ဝါးတောတွေ၊ ရာဘာခြံတွေကို ဖြတ်လာခဲ့ပေမဲ့ ဘယ်ကိုသွားနေမှန်းလည်း ကိုယ်ကိုယ်တိုင် သိမနေပါဘူး။

လူသံသူသံတွေလည်း တိတ်ဆိတ်။ ထင်လိုက်တာက ဒီလမ်းအတိုင်း လျှောက်သွားရင် အဆုံးမှာ ကားလမ်းမကို ပြန်တွေ့လိမ့်မယ်၊ အဲဒီမှာ ဆိုင်ကယ်သမားက စောင့်နေလိမ့်မယ်၊ အဲဒီလိုတွေးမိတာ။ ဒါပေမဲ့ အဲဒီဆိုင်ကယ်သမားကို ပြန်မတွေ့ရတော့ပါဘူး။

တရားဝင်အထောက်အထားတွေ ကိုင်ထားပါရက်နဲ့ မှောင်ခိုလမ်းကြောင်းကနေ ခိုးပြီး ထွက်ရ၊ ခိုးပြီး ပြန်ဝင်ရတာကြောင့် ဒီတစ်ခေါက် နယ်စပ်ကို ဖြတ်ပြီး မြန်မာပြည်ထဲဝင်မယ့်ခရီးဟာ ကြောင်တောင်တောင်နိုင်ပါတယ်။

နယ်စပ်ကိုရောက်နေတဲ့အမေ့ကို တွေ့ဖို့ရာ ကျနော် ခရီးထွက်လာခဲ့တာပါ။ ကုန်ခဲ့ရတဲ့ လေးနှစ်နီးပါးကာလအတွင်း ဒီကြားထဲမှာ အမေဟာ သူ့သားကို တစ်ကြိမ်ပဲ တွေ့ခဲ့ရတယ်။ နောက်ဆုံးတွေ့ခဲ့တာက လွန်ခဲ့တဲ့နှစ်နှစ်၊ ကျနော် ထိုင်းကို ထွက်မလာခင်က။

လူတစ်ယောက်ရဲ့ အဆင်ခြင်မဲ့ လုပ်ရပ်ဟာ အမေတွေက သားတွေ ပျောက်၊ လူငယ်တွေက လမ်းတွေ ပျောက်၊ နောက်ဆုံး နိုင်ငံတစ်ခုလုံးဟာ တုတ်နဲ့ထိုးခံရတဲ့ ပျားအုံလို ဖြစ်ကြရပါတယ်။

နံနက်ခင်းဟာ မိုးဓာတ်ကြောင့် ပိုလို့အေးပါတယ်။ နယ်စပ်ကိုသွားမယ့် ကားဂိတ်ထဲမှာ ခရီးသည်တချို့ ထိုင်စောင့်နေကြတယ်။

ပတ်စပို့စာအုပ်ကို ထုတ်ပေးလိုက်တော့ လက်မှတ်ရောင်းအမျိုးသမီးဟာ ဖြတ်ပိုင်းစာအုပ်ကနေ လက်မှတ်တစ်စောင် ဆွဲဆုတ်လိုက်တယ်။

သူဟာ ပတ်စပို့စာအုပ်ကို နည်းနည်းကလေးတောင်မှ လှန်မကြည့်ဘူး။

ဒီခရီးကို အရင်နှစ်ခေါက် သွားခဲ့ဖူးပြီ။ တစ်ခေါက်နဲ့ တစ်ခေါက်မှာလည်း လမ်းမှာ ဖြတ်သန်းရတဲ့ အတွေ့အကြုံက ကွဲပြားတယ်။

ဒါကြောင့်မို့ အခုတစ်ခေါက်မှာလည်း ဘယ်လိုတွေကြုံရလေဦးမလဲဆိုပြီး တွေးနေခဲ့မိတယ်။

နယ်စပ်ကိုအကူးမှာ ထိုင်းရဲ့ နောက်ဆုံးစစ်တပ်ဂိတ်ကို ဖြတ်ဖို့ရှိတယ်။ အဲဒီမှာက ပြဿနာ။

ပြီးခဲ့တဲ့တစ်ခေါက်က အဲဒီဂိတ်ကိုရောက်တော့ ခရီးသည်တွေဟာ ပတ်စပို့စာအုပ်တွေကို ဂိတ်မှာထားခဲ့မှသာ ဆက်သွားခွင့်ရကြတယ်။ မဟုတ်ရင် ဖြတ်ခွင့်မရှိဘူး။

မြန်မာပြည်ဘက်အခြမ်းကို ကူးရာမှာ ဘာကိစ္စ ပတ်စပို့စာအုပ်တွေ ထားခဲ့ဖို့လိုတာလဲ။ တွေးမရ။

ကားဆိုက်တယ်ဆိုရင်ပဲ ဆိုင်ကယ်ကယ်ရီသမားတွေ ကားအနားကို ရောက်လာကြတယ်။

ပက်စပို့ကိုင်ထားတဲ့သူတွေအနေနဲ့ နယ်စပ်အထိ သွားလို့မရဘူးတဲ့။ သွားချင်ရင် တောလမ်းကနေ သွားရမယ်တဲ့။

ကားသမားကလည်း မြန်မြန်ပဲ ဆင်းခိုင်းပါတယ်။ ကျနော်နဲ့ တခြားခရီးသည်တချို့ ကားပေါ်ကနေ ဆင်းလိုက်ကြပါတယ်။

စစ်တပ်ဂိတ်ကို ရှောင်ဖို့ရာ ဆိုင်ကယ်နဲ့ သွားကြရမှာပါ။ ဆိုင်ကယ်ခက ဘတ်တစ်ထောင်။ တကယ်တော့ လမ်းမအတိုင်းသွားရင် နာရီဝက်လောက်စာပဲ ဝေးတာပါ။

ဆိုင်ကယ်သမားတချို့ဟာ ဗမာလို ကောင်းကောင်းပြောတတ်ကြတယ်။ ဒီဘက်မှာ အခြေချတာ ကြာပြီဖြစ်တဲ့ မွန် ဒါမှမဟုတ် ကရင်တွေဖြစ်မှာပါပဲ။

ဆိုင်ကယ်သမားဟာ လမ်းမအတိုင်းပဲ မောင်းလာခဲ့ပြီး လမ်းတစ်နေရာက ဆိုင်လေးတစ်ခုကိုရောက်တော့ ရပ်လိုက်တယ်။

အဲဒီဆိုင်မှာပဲ ကျနော့်ကို ထားပစ်ခဲ့ပြီး ပြန်သွားပါတယ်။ ဘာမှ မပြောခဲ့ပါဘူး။ ဆိုင်ရှေ့မှာ ထိုင်နေတာတဲ့ အမျိုးသားနှစ်ယောက်ကို တွေ့ရတယ်။ တစ်ယောက်က အရွယ်ငယ်ငယ် ကောင်လေးပါပဲ။

တအောင့်လောက်ကြာတော့ အဲဒီကောင်လေးကပဲ “လာ…တက်” ဆိုပြီး သူ့ဆိုင်ကယ်နဲ့ တင်ခေါ်ခဲ့တယ်။ သိပ်ပြီး ဝေးဝေးမမောင်းရခင်မှာပဲ ဆိုင်ကယ်ကို ရပ်လိုက်တယ်။ “ဆင်း” ဆိုပြီး ပြောလို့ ဆင်းခဲ့လိုက်တယ်။ အဲဒီနောက် ခြုံထဲကို တိုးဝင်ခဲ့ပြီး တွေ့ရတဲ့လမ်းကလေးအတိုင်း လျှောက်လာခဲ့လိုက်တယ်။

တောအတွင်းထဲကို ရောက်လာတော့ လမ်းခွဲကလေးတွေက တစ်ခုပြီး တစ်ခု။ ဘယ်လမ်းက ဘယ်ကို ရောက်မယ်ဆိုတာလည်း မသိ။ စိတ်ထင်ရာအတိုင်းပဲ လျှောက်နေလိုက်တယ်။

လမ်းတွေဟာ လူမှောင်ခိုပို့တဲ့ ပွဲစားတွေ အသုံးပြုတဲ့ လမ်းကြောင်းတွေလို့ ဖြစ်မှာပါပဲ။ လမ်းတစ်နေရာမှာ အမျိုးသမီးစီး ကတ္တီပါဖိနပ်တစ်ရံဟာ ပိုင်ရှင်မဲ့နေရှာ။

တစ်ဖက်ရဲ့ သည်းကြိုးဟာလည်း ပြတ်လို့။ တစ်ခါတုန်းက ထိုင်းဘက်ကို ခိုးဝင်ခဲ့သူတစ်ယောက် လမ်းမှာ ဖိနပ်ပြတ်သွားခဲ့လေသလား။

အဲဒီအခိုက်အတန့်မှာ ကျနော်ဟာ နေ့စဉ်မြင်တွေ့၊ ကြားသိနေရတဲ့ မြန်မာပြည်သတင်းတွေကို လှမ်းပြီး သတိရမိတယ်။

ဖိနှိပ်ထိန်းချုပ်ရုံသာမကတော့ဘဲ ဖျက်ဆီးခံလိုက်ရတဲ့ ပြည်သူလူထုတွေရဲ့ ဘဝတွေ၊ စည်းစိမ်ဥစ္စာနဲ့ နေရာထိုင်ခင်းတွေ၊ နိုင်ငံပြင်ပကို ရရာနည်းလမ်းနဲ့ ထွက်ပြေးဖို့ ကြိုးစားကြသူတွေ၊ ဘယ်လောက်တောင် များခဲ့ပြီလဲ။ တရားမဝင် ဝင်ရောက်လာလို့ အဖမ်းခံရသူတွေ ဘယ်လောက်ရှိနေလဲ။

မိတစ်ချက်၊ မမိတစ်ချက် ဖြစ်နေတဲ့ အင်တာနက်လိုင်းနဲ့ပဲ ဂူးဂဲမြေပုံကို ဖွင့်ပြီး ကျနော်ရောက်နေရာ နေရာကို ကြည့်မိတယ်။ မြေပုံမှာတော့ လမ်းလို့ မပြ။ တောတွေ။

ဒါပေမဲ့ ကျနော် သွားနေတာဟာ ထိုင်းနဲ့ မြန်မာ နယ်ခြားမျဉ်းကြောင်းတစ်လျှောက်မှာဆိုတာကို သိနေရတယ်။

နည်းနည်းဆက်လျှောက်ရင် မြန်မာနိုင်ငံထဲကို ရောက်မယ်။ အဲဒီဘက်မှာလည်း တောတွေ၊ ခြံတွေ၊ စိုက်ခင်းတွေပဲ။ ရွာကိုတောင် မတွေ့ရ။

ဒီဒေသမှာ လက်နက်ကိုင်အဖွဲ့တွေက စုံတော့ ဆက်သွားရမှာကို စိုးရွံ့နေမိတယ်။ တကယ်လို့ တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့က တွေ့သွားကြရင် ဘယ်လိုထင်ကြမလဲ။

ဘာလုပ်ကြလေမလဲ။ ခရီးကြန့်ကြာတာတွေဖြစ်ရင် အမေဟာလည်း ပိုပြီး စိတ်ပူနေလိမ့်မယ်။ အဲဒီစိုးရိမ်စိတ်နဲ့ပဲ ဆက်မသွားတော့ဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ကြောင်းပြန်လှည့်လာလိုက်တယ်။

အသွားတုန်းက စိတ်ထင်ရာလမ်းအတိုင်း လျှောက်သွားခဲ့လိုက်တာ၊ အပြန်ကျတော့ လမ်းတွေက မမှတ်မိ။ လမ်းခွဲတွေတွေ့ရတိုင်း ဘယ်လား၊ ညာလား ဝေခွဲမရ။ တစ်နေရာရောက်တော့ တဲကလေးတစ်လုံးကို ခပ်လှမ်းလှမ်းကနေ လှမ်းပြီး မြင်ရတယ်။

အလာတုန်းက ဒီတဲကို မတွေ့ခဲ့ရ။ လမ်းမှားခဲ့ပြီလို့ သဘောပေါက်လိုက်တယ်။ နောက်ကို ပြန်လှည့်။ ဒီလိုနဲ့ စဝင်လာခဲ့တဲ့ နေရာကို ရောက်၊ ကားလမ်းမပေါ်ကို ပြန်တိုးထွက်၊ လာရာလမ်းအတိုင်း ပြန်လျှောက်လာလိုက်တယ်။

စောစောက ဆိုင်ရှေ့ကိုရောက်တော့ ဆိုင်ရှင်အမျိုးသမီးက အံ့ဩတဲ့အမူအရာနဲ့ လှမ်းခေါ်တယ်။

ကျနော့်ကို ထိုင်းစစ်သားတွေ ဖမ်းမိသွားပြီလို့ သူက ထင်နေကြတာလို့ ဆိုပါတယ်။ အခု ဘယ်လိုကြောင့် ပြန်ပြီးရောက်လာတာလဲဆိုတာကိုလည်း သိချင်နေတယ်။

ဆိုင်ကယ်သမားဟာ သူထားခဲ့တဲ့နေရာမှာ ကျနော့်ကို လာပြန်ရှာပေမဲ့ မတွေ့ရလို့ တောထဲအထိ လိုက်ရှာသေးတဲ့အကြောင်း၊ ကင်းလှည့်တဲ့ စစ်သားတွေနဲ့ တိုးမိပြီး ကျနော်အဖမ်းခံလိုက်ပြီလို့ ယူဆပြီး သူလည်း ပြေးပြီဆိုတဲ့အကြောင်းလည်း ပြောတယ်။

ဒီတော့မှ လန့်သွားမိတယ်။ တောထဲမှာ ဘယ်သူနဲ့မတွေ့ခဲ့တာ ကံကောင်းတာပဲ။
အဲဒီတော့မှ ဇာတ်ရည်လည်ရတယ်။

သူတို့ စီစဉ်ထားတာက ကျနော့်ကို ခဏပုန်းနေရစ်၊ သူ့ဆိုင်ကယ်ကို တစ်နေရာမှာ သွားထားမယ်။ ပြီးရင် တောလမ်းကနေ ကျနော့်ကို လမ်းပြပြီး ခေါ်သွားမယ်။

စစ်တပ်ဂိတ်ကို ကျော်သွားပြီဆိုတဲ့အခါ တစ်နေရာမှာ ထားခဲ့မယ်။ ပြီးရင် သူက လမ်းမပေါ်ပြန်သွားပြီး ဆိုင်ကယ်နဲ့ ဂိတ်ကို ဖြတ်၊ ပြီးရင် ကျနော့်ကို ပြန်လာခေါ်။ သူတို့ လုပ်နည်းလုပ်ဟန်က အဲဒီလိုဖြစ်ပေမဲ့ အဲဒီလိုတွေ ကြိုမပြောခဲ့တော့ လွဲကုန်တာပါပဲ။

နောက်ထပ်ဆိုင်ကယ်သမားတစ်ယောက်ကို ထပ်ငှားရပြန်တယ်။ သူကတော့ စစ်တပ်ဂိတ်ကို ဆိုင်ကယ်နဲ့ပဲဖြတ်ပြီး ခေါ်သွားကြည့်မယ်၊ မရမှသာ တောလမ်းကနေ သွားကြမယ်တဲ့။

ဂိတ်ဟာ ကျနော့်ပက်စပို့စာအုပ်ကို ကြည့်ပြီးတဲ့နောက် ဖြတ်သန်းခွင့် မပြုပါဘူး။ ဆိုင်ကယ်သမားက ထိုင်းဘာသာစကားနဲ့ တစ်စုံတစ်ရာ ထပ်ပြောသေးပေမဲ့ ဂိတ်အရာရှိဟာ ခေါင်းပဲ ထပ်ခါထပ်ခါယမ်းပြ။ နောက်ကြောင်းပြန်လှည့်ရုံမှတစ်ပါး တခြားမရှိပါပြီ။

ဒီလိုနဲ့ပဲ တောထဲက လူသွားလမ်းကလေးတွေဆီကို နောက်တစ်ကြိမ် ရောက်ရပြန်တယ်။ မလိမ္မာ နှစ်ခါပန်းဆိုသလိုပါပဲ။ ဒီတစ်ခါတော့ ဆိုင်ကယ်သမားနဲ့အတူပေါ့။ ကျနော်တို့ဟာ တိတ်တိတ်ပဲ လျှောက်လာခဲ့ကြတယ်။

ခေါင်းလေးတွေ ပုလိုက်၊ လျှိုးလိုက်၊ ခါးလေးတွေ ကိုင်းလိုက်နဲ့ပါပဲ။ မဝေးတဲ့ တစ်နေရာမှာ စစ်တပ်ဂိတ်ရှိတယ်ဆိုတဲ့ အသိက အခုတစ်ကြိမ်မှာ စိုးရိမ်စိတ်ကို ပိုကြီးစေခဲ့။ အရိပ်ကောင်းတဲ့ ဝါးတောရဲ့တစ်နေရာက မြေလမ်းကျယ်ကျယ်ကို ရောက်တဲ့အခါ ဆိုင်ကယ်သမားက ရပ်လိုက်တယ်။ ဒီနားမှာ နေရစ်ခဲ့ရမယ်တဲ့။

ဘယ်သူမှ မမြင်နိုင်အောင် ဝါးရုံတွေကြားထဲကို ကျနော့်ကို တိုးဝင်စေလိုက်ပြီး ဒီကနေ ဘယ်မှ မသွားဖို့ မှာတယ်။ ပြီးတော့မှ သူက ဆိုင်ကယ်ဆီ ပြန်သွား၊ ပြီးရင် ဂိတ်ကို ဆိုင်ကယ်နဲ့ ဖြတ်၊ ပြီးတဲ့အခါ ကျနော့်ကို ဒီနေရာမှာ လာခေါ်။

ဒီလိုနဲ့ပဲ နယ်ခြားကို ရောက်သွားတော့တယ်။ မြန်မာဘက်အခြမ်းကို ကူးတာမှာတော့ အေးဆေးဖြစ်သွားပါပြီ။

မြန်မာနိုင်ငံထဲကို မြန်မာနိုင်ငံသားတစ်ယောက် ပြန်ဝင်တဲ့ကိစ္စမှာ ထိုင်းဘက်ခြမ်းကပဲ အတားအဆီးတွေရှိနေတာဟာ တစ်မျိုးတော့ ဆန်းနေသလိုပါပဲ။

အလာတုန်းက ခိုးပြီးထွက်ခဲ့တာမို့ အပြန်မှာလည်း ခိုးပြီးဝင်ရပြန်တယ်။ တရားဝင်ဗီဇာနဲ့ ခိုးဝင်သူပေါ့။

ဒါပေမဲ့ အပြန်လမ်းက နောက်ထပ် တစ်ခု။ မှောင်ခိုပို့တဲ့သူတွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်ယောက်နဲ့ တစ်ယောက် လမ်းကြောင်းတွေ မတူကြတာကို ဒီတော့မှ သိရတယ်။

ငြိမ့်လွင့်