ရေဖြူမြို့နယ်၊ ညင်းထွေးရွာသို့ ဒီဇင်ဘာလ ၅ရက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ကိုယ်ပိုင်ရော်ဘာခြံ အတွင်း အလုပ်လုပ်သည့် အမျိုးသားငါးဦးကို ဖမ်းဆီးကာ စစ်ကြောင်းနှင့်အတူခေါ်သွားကြောင်း ရွာသားများက ပြောသည်။
အဖမ်းခံရသူများသည် ဦးမြင့်သိန်း၊ ကိုအေးမင်းသူ၊ ကိုညီညီ၊ ဦးထွန်းထွန်းနှင့် ၎င်း၏သားဖြစ်သူ ကိုသီဟနိုင်တို့ဖြစ်ပြီး အသက် ၂၀မှ ၅၀ နှစ် ကြားရှိသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အင်အား ၃၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် ညင်းထွေးရွာအရှေ့ဘက်ရှိ ဥယျာဥ်ခြံများကို တောနင်းခဲ့ပြီး အထက်ပါ အမျိုးသားငါးဦးကို ဖမ်းသွားပြီးနောက် ဒေသကုန်ထုတ်လမ်းအတိုင်း ကင်းကုန်းရွာဘက်သို့ စစ်ကြောင်းဆက်ထိုးသွားကြောင်း ဒေသခံများက ပြောဆိုသည်။
“အဖမ်းခံရတဲ့ လူတွေအားလုံးက လူရိုးလူအေးတွေပါ။ သူတို့မှာ ခြံကိစ္စပဲ ခေါင်းထဲရှိတယ်။ ပြီးတော့ စကားလည်လည် ဝယ်ဝယ် ပြောတတ်သူတွေလည်း မဟုတ်တော့ အားလုံးက စိတ်ပူနေကြတယ်” ဟု ညင်းထွေးရွာသားတစ်ဦးက ပြောသည်။
အဖမ်းခံရသူများအနက် ကိုအေးမင်းသူသည် ပြီးခဲ့သည့် အောက်တိုဘာလက စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကျည်စထိမှန်သေဆုံးခဲ့သည့် ညင်းထွေးရွာသား ဦးတင်လတ်၏ သားဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ညင်းထွေးရွာက ခြံသမားငါးဦးစလုံးမှာ ယနေ့ ဒီဇင်ဘာလ ၈ ရက် နေ့လယ်ပိုင်းအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရွာသားများက ပြောဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည် ညင်းထွင်းရွာဘက်မှ ပြန်ထွက်သွားပြီး ကင်းကုန်းရွာရှိ စစ်ကြောင်းထံ ပူးပေါင်းသွားပြီဖြစ် သော်လည်း ပြည်ထောင်စုလမ်းပေါ်ရှိ ညင်းထွေးရွာ လမ်းမများတွင်မူ ကင်းပုန်းအချို့ကျန်ရှိနေသေးကြောင်း ရွာသားများထံမှ သိရသည် ။
ဒီဇင်ဘာလ ၃ ရက် မောင်မယ်ရှောင်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာပြီးနောက် ပြည်ထောင်စုကားလမ်းမ၏ အရှေ့ဘက်ခြမ်းနေရာများကို စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။