ဆီးရီးယားအာဏာရှင် သမ္မတဘာရှာအယ်လ်အာဆတ် မြို့တော်ဒမတ်စကတ်စ်မှ လေယာဉ်ဖြင့် ယနေ့(တနင်္ဂနွေနေ့) ထွက်ပြေးသွားပြီဖြစ်ကြောင်း စစ်တပ်ထိပ်တန်းအရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်သည်။
သမ္မတ ဘယ်ကို ဦးတည်ထွက်ပြေးသွားသည်ကိုမူ မသိရကြောင်း ယင်းအရာရှိနှစ်ဦးက ဆိုသည်။
သူပုန်တပ်ဖွဲ့များက တနင်္ဂနွေနေ့အစောပိုင်းတွင် ဒမတ်စကတ်စ်မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။ နိုင်ငံတော်ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနချုပ်တို့ကို သူပုန်တပ်ဖွဲ့များက သိမ်းပိုက်လိုက်သည်။ ယင်းနောက် အာဆတ်အစိုးရ ဇာတ်သိမ်းသွားပြီ ဖြစ်ကြောင်း ရုပ်မြင်သံကြားမှ တစ်ဆင့် ၎င်းတို့က ကြေညာလိုက်သည်။
မြို့တော်အနီးမှ ဆက်ဒနာယာအကျဉ်းထောင်မှ အကျဉ်းသားအားလုံးကိုလည်း လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။